နှလုံးသားလှတဲ့ သံယောဇဉ် သူရဲကောင်း | ![]() | ![]() | ![]() |
Written by Manu Mania |
Monday, 19 December 2011 12:34 |
![]() စကားချပ် - (မန်ချက်စတာ ယူနိုက်တက် ပရိသတ် တစ်ယောက် အနေနဲ့ Soccer Myanmarမှာ ကျွန်တော် ယူနိုက်တက် အကြောင်း ဆောင်းပါးလေး တချို့ ၀ါသနာ အရ ရေးဖြစ်ခဲ့ပါတယ်။ နောက်ပြီး ယူနိုက်တက်ကို အနိုင် ယူသွားတဲ့ ပြိုင်ဘက် တစ်ယောက်ကို ချီးကျူးချင်စိတ်ကြောင့် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ ဘာစီလိုနာ နည်းပြ ဂျိုးဆက် ဂွာဒီယိုလာ အကြောင်းကို “ကာတာလန်သားတို့ရဲ့ ပျော်ရွှင်ခြင်း နတ်ဘုရား”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတယ်။ အကြောင်းအရာ အနေနဲ့ ဂွာဒီယိုလာရဲ့ ကံ၊ ဥာဏ်၊ ၀ီရိယတွေကြောင့် ရခဲ့တဲ့ အောင်မြင်မှုတွေ အကြောင်း ရေးခဲ့တာပါ။ ခုတစ်ခါ ကျွန်တော်ချစ်တဲ့ ယူနိုက်တက်ကို ဒုက္ခ ပေးခဲ့တဲ့ ပြိုင်ဘက်အသင်း တစ်ခုက ကစားသမား တစ်ယောက်အကြောင်း ကျွန်တော် ရေးဖြစ်ခဲ့ပြန်ပါပြီ။ ဒါပေမဲ့ ဒီဆောင်းပါးဟာ မန်ချက်စတာ စီးတီး တောင်ပံလူ ဆေးလ်ဗားရဲ့ ဘောလုံး စွမ်းရည်တွေ၊ အောင်မြင်မှုတွေထက် လူသားတစ်ယောက် အနေနဲ့ ကျွန်တော့် စိတ်ထဲမှာ လေးစား ကြည်ညိုမိတဲ့ သူ့ရဲ့ အကျင့်စရိုက်၊ သူ့ရဲ့ စိတ်နေစိတ်ထားတွေကို အသားပေးထားပါတယ်။ ဒီတော့ ဘောလုံးအကြောင်းကို အဓိက ဖတ်ချင်တဲ့ သူတချို့က ဒီဆောင်းပါးကို သဘောကျချင်မှ ကျပါလိမ့်မယ်။ နောက်တစ်ချက် ပြောချင်တာက ဒီဆောင်းပါးဟာ The Sun သတင်းစာက ဆေးလ်ဗားရဲ့ မိသားစုနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး တစ်ခုကို ဖတ်မိရာက သူ့ဘ၀ကို ပိုစိတ်ဝင်စားလာ၊ အဲဒီကမှ သူ့အကြောင်း အင်တာနက်မှာ လျှောက်ရှာဖတ်ပြီးမှ ရေးခဲ့တာ ဖြစ်တာကြောင့် သီးခြား Credit ပေးဖို့ အခက်အခဲ ရှိတာကို နားလည်ပေးစေချင်ပါတယ်။ အဓိက ကိုးကားခဲ့တာတော့ The Sun က မူရင်းဆောင်းပါးပဲ ဖြစ်ပါတယ်။) ![]() စီးတီးရဲ့ ကစားသမားဘ၀ကို ပထမဆုံး ခံယူစဉ်က ကလပ်မတက်၊ အပျော်အပါး မမက်တဲ့ သန်းကြွယ်သူဌေး အဲဒီနေ့ကို ယူနိုက်တက် ပရိသတ်တွေ မေ့ဦးမှာ မဟုတ်ပါဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ (၁၉)ပွဲဆက် နိုင်ထားတဲ့ စံချိန်ကို ခါးသီးလှတဲ့ အိမ်နီးချင်းတွေက (၆-၁)ဆိုတဲ့ ရလဒ်နဲ့ ရက်ရက်စက်စက် ဖျက်ဆီးပစ်ခဲ့တယ်။ ဒါဟာ ယူနိုက်တက်ကို ထာဝရ ထောက်ခံ အားပေးနေတဲ့ ပရိသတ်တွေအတွက် တကယ့် အိပ်မက်ဆိုး တစ်ခု ဖြစ်လာခဲ့တာ သေချာပါတယ်။ ဒါဆို အဲဒီ အိပ်မက်ဆိုးကို ဘယ်သူက ဖန်တီး ပေးခဲ့တာလဲ။ ဂိုးသွင်းပြီး “Why Always Me” စာတန်းနဲ့ ပမာမခန့် အောင်ပွဲ ခံခဲ့တဲ့ မာရီယို ဘာလော့တယ်လီဆိုတဲ့ မိုက်တိမိုက်ကန်း ချာတိတ် တစ်ယောက်လား။ ဒါမှမဟုတ် “ယူနိုက်တက်ကို ဘယ်နှ ဂိုးသွင်းသွင်း (၃)မှတ် ရဖို့က အဓိကပါ”လို့ ခပ်ထေ့ထေ့ ပြောခဲ့တဲ့ အီတာလျံကြီး ရောဘတ်တို မန်စီနီလား။ အဲဒီ မေးခွန်းအတွက် BBC ရဲ့ အားကစား ပါရဂူ မာ့ခ်လော်ရိုးရဲ့ ကောက်ချက်က အနီးစပ်ဆုံး အဖြေ ထုတ်ပေးနိုင်မယ် ထင်ပါတယ်။ “ယူနိုက်တက်ဟာ စီးတီးကို ခုလိုဂိုးပြတ် ရှုံးခဲ့တာ ကစားသမား တစ်ယောက်တည်းကို မထိန်းနိုင်လို့ပါ။ အဲဒီ ကစားသမားကတော့ ဆေးလ်ဗားပါပဲ”လို့ လော်ရိုးက ပွဲအပြီးမှာ သုံးသပ်ခဲ့ပါတယ်။ တကယ်တော့ ဆေးလ်ဗားဆိုတာ ကမ္ဘာကျော်တွေ များပြားလွန်းတဲ့ စီးတီးလို အသင်းမှာ ပွဲထွက်နေရာ အတွက် ဘယ်တော့မှ ပူပင် မနေရတဲ့ ကစားသမား တစ်ယောက်ပါ။ စီးတီးရဲ့ နာမည်ကျော် ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ပြဿနာ မျိုးစုံ ရှာနေကြတာတွေဟာ ဗြိတိသျှ အတင်းအဖျင်း သတင်းစာတွေမှာ သည်းခြေကြိုက် ကဏ္ဍတွေ ဖြစ်ခဲ့ပေမယ့် ဆေးလ်ဗားကတော့ ဘယ်တော့မှ အပုပ်အပွ သတင်း မထွက်ခဲ့ပါဘူး။ သူဟာ ကွင်းထဲမှာ ကြယ်ပွင့်တစ်ယောက် ဖြစ်ပေမယ့် ကွင်းပြင်ပ လူနေမှု ဘ၀မှာတော့ တကယ့်ကို သာမန် အခြေအနေမျိုးနဲ့ အေးအေးလူလူ ဖြတ်သန်းချင်သူပါ။ သန်းကြွယ်သူဌေး တစ်ယောက် ဖြစ်နေပေမယ့် ဆေးလ်ဗားဟာ တန်ဖိုးကြီး ဇိမ်ခံကား အကောင်းစားတွေ ၀ယ်မစီးဘူး။ လက်ဖျား ငွေသီးနေတဲ့ ပရီးမီးယားလိဂ် ကစားသမားတစ်ယောက် ဖြစ်နေပေမယ့် ကလပ်မတက်၊ အပျော်အပါး မမက်ဘူး ဆိုတဲ့ လူမျိုးဟာ များများစားစား မရှိတာတော့ သေချာပါတယ်။ ![]() ဒီအနမ်းတွေ ညီမလေး ခံယူပါ ညီမလေး အတွက် အမှတ်တရ အနမ်းတွေ The Sun ရဲ့ ဆေးလ်ဗားအကြောင်း ဆောင်းပါးဟာ သူ့ရဲ့ ဖြူစင် အေးချမ်းတဲ့ စိတ်နေစိတ်ထားကို အနုစိတ် ချီးကျူးပြီး ရေးပြထားတာ တွေ့ရပါတယ်။ ဆေးလ်ဗားဟာ ဂိုးသွင်းပြီး အောင်ပွဲခံတိုင်း ကောင်းကင်ဘုံကို ရည်ရွယ်ပြီး အနမ်းတွေ ပို့လွှတ် ပေးလေ့ရှိတယ်။ ဒီအနမ်းတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ကြွေလွင့် သွားရှာတဲ့ သူသိပ်ချစ်တဲ့ ညီမ ၀မ်းကွဲလေး စင်သီယာ အတွက်ပါ။ ဆေးလ်ဗားအသက် (၁၅)နှစ်ပဲ ရှိသေးချိန်မှာ စင်သီယာလေးဟာ ကင်ဆာရောဂါ ဖိစီးမှုကြောင့် (၅)နှစ် အရွယ်မှာတင်ပဲ လူ့လောကကို မျက်ကွယ် ပြုခဲ့ရရှာတယ်။ ဒီဖြစ်ရပ်ဟာ နုနယ်လှတဲ့ လူငယ်လေး တစ်ယောက်ရဲ့ နှလုံးအိမ်ကို စူးစူးနစ်နစ် ရိုက်ခတ်ခဲ့ပါတယ်။ “စင်သီယာ ကွယ်လွန် သွားတာဟာ ကျွန်တော့်သားရဲ့ ဘ၀မှာ အများကြီး အပြောင်းအလဲ ဖြစ်သွားစေတယ်။ သားက စင်သီယာလေးကို သိပ်ချစ်ပါတယ်။ သူဟာ ဘောလုံးကန် ဖိနပ်ပေါ်မှာ စင်သီယာ့ နာမည်ကို ရေးထားခဲ့တယ်။ နောက်ပြီး သူဂိုးသွင်းတိုင်း စင်သီယာ့ကို အရင်ဆုံး တမ်းတ သတိ ရလာတတ်တယ်” လို့ ဆေးလ်ဗားရဲ့ ဖခင်ဖြစ်သူ ဖာနန်ဒို ဂျီမီနက်ဇ်က ပြောပြခဲ့ပါတယ်။ ![]() စင်သီယာနဲ့ ဆေးလ်ဗားတို့ရဲ့ နာမည်တွေ ရေးထားတဲ့ ဘောလုံးကန်ဖိနပ် ဒါဟာ လူငယ် တစ်ယောက်ရဲ့ သံယောဇဉ် ကြီးမားလွန်းတဲ့ စိတ်နှလုံးကို သိသာ ထင်ဟပ်စေတဲ့ ဖြစ်ရပ်လေး တစ်ခုပဲ ရှိပါသေးတယ်။ ဒီဘောလုံးရာသီ အစပိုင်းမှာ ဆေးလ်ဗားရဲ့ ခြေစွမ်း အမြင့်ဆုံး အနေအထား ရှိနေတာကြောင့် စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ချင်တယ်လို့ လေသံ ပစ်ခဲ့ကြပါသေးတယ်။ အဲဒီတုန်းက ဆေးလ်ဗားက သူဟာ မိခင်ကလပ် စီးတီးက သူ့ကို အလို ရှိနေသမျှ ကာလပတ်လုံး အသင်းနဲ့ ပရိသတ်ကို အလုပ်အကျွေး ပြုနေမယ်လို့ ကတိ ပေးခဲ့တယ်။ ဒီအကြောင်းကို သတင်းတွေက ဖော်ပြခဲ့တော့ “တကယ်သာ အဲဒီ အသင်းကြီးတွေက ကမ်းလှမ်းလာရင် ကောက်ကောက်ပါအောင် ပြောင်းသွားမယ့် ကောင်မျိုးပါကွာ” လို့ ထင်ခဲ့တဲ့ သူတွေထဲမှာ ကျွန်တော်လည်း အပါအ၀င်ပါပဲ။ ဒါပေမဲ့ တကယ်တမ်း ဆေးလ်ဗားရဲ့ အကြောင်းတွေ လိုက်ရှာဖတ်မိတော့ ဒီအတွေးအတွက် ခုချိန်မှာ ကျွန်တော် နောင်တရ မိပါတယ်။ (၂၀၁၀)ပြည့်နှစ်မှာ ဆေးလ်ဗားဟာ သူ့အသက် (၂၀)ကတည်းက ပွဲထွက် ကစားသမားအဖြစ် ခြေစွမ်း ပြနေခဲ့တဲ့ စပိန်ကလပ် ဗလန်စီယာကို စွန့်ခွာပြီး မျက်နှာစိမ်း နယ်ပယ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းလာခဲ့ပါတယ်။ အဲဒီတုန်းက ဆေးလ်ဗားဟာ စီးတီးရဲ့ မက်မောလောက်စရာ လုပ်ခလစာ ကမ်းလှမ်းမှု တစ်ခုတည်းကို ကြည့်ပြီးတော့ မက်စ်တဲလား ကွင်းကြီးကို ကျောခိုင်းခဲ့တာ မဟုတ်ပါဘူး။ ဗလန်စီယာ အသင်းကလည်း ငွေကြေး လိုအပ်နေတဲ့ အချိန်ဖြစ်ပြီး ကစားသမားကို ကြည်ကြည်သာသာ ရောင်းချခဲ့တာကြောင့် မန်ချက်စတာမြို့သား ဘ၀ကို ခံယူခဲ့တာပါ။ အဲဒီကတည်းက ဆေးလ်ဗားက သူ့အတွက် အသင်းပြောင်းရတဲ့ ခံစားချက်ဟာ လွယ်လွယ်ကူကူ မဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ ပေါင်စတာလင် (၂၆)သန်းတန် အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ပြီးချိန်မှာ ဆေးလ်ဗားက “ဗလန်စီယာမှာ ရှိနေတဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ရင်းနှီးနေတဲ့ ပတ်ဝန်းကျင်ကို စွန့်ခွာရတာ သိပ်ကို ခက်ခဲလွန်းပါတယ်။ ကျွန်တော် ချစ်မြတ်နိုးတဲ့ အရာတွေကို ဘောလုံးအတွက် စွန့်ခွာခဲ့ဖူးပါတယ်။ ဒီနေ့ ကျွန်တော် ဒီအသင်းကို ရောက်နေပါပြီ။ ကျွန်တော် ဆုံးရှုံးခဲ့တာတွေ အတွက် အကောင်းဆုံး အရာတွေကို ပြန်ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဗြိတိသျှ မီဒီယာတွေကို သူက ရင်ဖွင့်ခဲ့ပါတယ်။ အသင်းပြောင်းဖို့ ၀န်လေးတတ်သူ တစ်ယောက်ဟာ စီးတီးကိုလည်း လွယ်လွယ်ကူကူ စွန့်ခွာမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်သင့်တယ် ထင်ပါတယ်။ ![]() ဆေးလ်ဗားနဲ့ ကွယ်လွန်သူ ညီမလေး စင်သီယာ သံယောဇဉ်ကို ကိုးကွယ်သူ တကယ်တော့ ဆေးလ်ဗားရဲ့ ဘောလုံးသမားဘ၀ အစပိုင်းဟာ တော်တော်လေး ခက်ထန်ခဲ့ပါတယ်။ ဆေးလ်ဗားရဲ့ ဖခင်ဖြစ်သူ ဖာနန်ဒိုဟာ စပိန်တောင်ပိုင်း ဂရန်းကနေရီယန် ကမ်းခြေဒေသ ဇာတိဖွားပါ။ ဆေးလ်ဗားရဲ့ မိခင် အီဗာဆေးလ်ဗားက ဂျပန်နွယ်ဖွား တစ်ယောက် ဖြစ်ပါတယ်။ ဒါကြောင့် မိခင်ဘက်က အာရှသွေးစပ်တဲ့ ဆေးလ်ဗားဟာ ဥရောပသားတွေလောက် လူကောင် မထွားကျိုင်းခဲ့ဘူး။ သူ့ရဲ့ ဘောလုံး အိပ်မက်ကို စပြီး အကောင်အထည် ဖော်ခဲ့တာဟာ ရီးယဲလ်မက်ဒရစ်ကို ချိတ်ဆက်ဖို့ပါ။ ဒါပေမဲ့ အဲဒီတုန်းက ရီးယဲလ်ကို နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဗင်းဆင့် ဒဲလ်ဗော့စကေးက “ဒီချာတိတ်လေးက လူကောင်သေးတယ်။ ဖြစ်ထွန်းမှာ မဟုတ်ပါဘူး”ဆိုတဲ့ မှတ်ချက်နဲ့အတူ သူ့ကို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ဆေးလ်ဗား ဘယ်တော့မှ မမေ့ပါဘူး။ ဒီနေ့၊ ဒီအချိန် စပိန်လက်ရွေးစင် အသင်းမှာ နည်းပြအဖြစ် တာဝန်ယူနေတဲ့ ဒဲလ်ဘော့စကေးနဲ့ ပြန်ဆုံချိန်မှာ ဆေးလ်ဗားဟာ နည်းပြရဲ့ အယုံကြည်ရဆုံး လက်ရုံးတစ်ဆူ ဖြစ်မလာတာ ဒါကြောင့်ပါပဲ။ ဒဲလ်ဘော့စကေး ကိုယ်တိုင်ကလည်း သူမှားခဲ့တာကို ၀န်မခံချင်တဲ့ ပညာရှင် မာနကြောင့် ဆေးလ်ဗားကို ပေါ်ပေါ်ထင်ထင် နေရာမပေးတာ ဖြစ်နိုင်ပါတယ်။ ထားပါတော့။ ဒီကိစ္စက တစ်ကဏ္ဍပါ။ ဆေးလ်ဗားရဲ့ ငယ်ဘ၀ အကြောင်းကို ပြန်ဆက်ပါမယ်။ ရီးယဲလ်က ငြင်းပယ်လိုက်လို့ စိတ်ဓာတ် ကျနေတဲ့ လူငယ်လေးရဲ့ ပင်ကိုယ် ပါရမီကို သတိပြုမိ သွားတာကတော့ ဗလန်စီယာပါပဲ။ သူ့အသက် (၁၄)နှစ် အရွယ်မှာ ဗလန်စီယာက လူငယ်အသင်း အတွက် ဆေးလ်ဗားကို ခေါ်ယူခဲ့တယ်။ ဘ၀ တက်လမ်းအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်နေလို့ ဆေးလ်ဗားကလည်း ကနေရီယန် ဒေသက မွေးရပ်မြေ အာဂွီနီဂီယန် မြို့လေးကို စွန့်ခွာပြီး ဗလန်စီယာ မြို့ကြီးကို ပြောင်းရွှေ့ လာခဲ့တယ်။ အဲဒီမှာတင် သူ့ရဲ့ မိသားစု အပေါ် ခင်တွယ်စိတ်က ပြဿနာ တက်တော့တာပဲ။ ဆေးလ်ဗားဟာ သူချစ်တဲ့ မိသားစုတွေကို ခွဲခွာ လာရတဲ့ အတွက် ဘယ်လိုမှ မပျော်ရွှင်နိုင်ဘူး။ အိမ်ကိုလွမ်းရင်း တမှိုင်မှိုင် တတွေတွေနဲ့ ဗလန်စီယာမှာ အခြေ မကျတော့တဲ့ဘဲ ဖြစ်လာတယ်။ ဒီအချိန်မှာ ဆေးလ်ဗားရဲ့ ဖခင်ဟာ စွန့်စားလွန်းတဲ့၊ ဒါမှမဟုတ် သားအပေါ် ယုံကြည်မှုကို အပြည့်အ၀ ပြသလိုက်တဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။ သူ့ဇနီး အီဗာကို သားဆီ အပြီး လိုက်သွားပြီး အတူနေစေသလို ကိုယ်တိုင်လည်း အခြေကျ အောင်မြင်နေတဲ့ ရဲအရာရှိ အလုပ်ကနေ ထွက်လိုက်တယ်။ နောက်ပြီးတော့ ဗလန်စီယာမြို့ကို လိုက်လာပြီး ဆေးလ်ဗား အတွက် အဖော်ပြုပေးခဲ့တယ်။ ![]() ကမ္ဘာ့ဖလား ဆုဖလားနဲ့အတူ မိသားစုဝင်တွေ အမှတ်တရ ဗလန်စီယာမှာ ဖာနန်ဒိုဟာ လုံခြုံရေး ၀န်ထမ်း အနေနဲ့ အလုပ် ရခဲ့တယ်။ ဒါပေမဲ့ စီးပွားရေးကတော့ အရင်ကထက် ပိုပြီး ကျပ်တည်း သွားခဲ့တာ အမှန်ပါ။ ဘာပဲဖြစ်ဖြစ် အိမ်ထောင်ဦးစီး ပီသလွန်းတဲ့ ဖာနန်ဒိုဟာ သားအတွက် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အစစ အရာရာ ထောက်ပံ့ပေးပြီး မိသားစု မေတ္တာကို အပြည့်အ၀ ဖြည့်ဆည်း ပေးနိုင်ခဲ့တယ်။ ဒီလိုနဲ့ ဆေးလ်ဗားဟာ သူသံယောဇဉ် ကြီးတဲ့ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်ရင်း အောင်မြင်တဲ့ ဘောလုံးသမား တစ်ယောက် အဖြစ် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းလာ နိုင်ခဲ့ပါတယ်။ သူ့ကို သိပ်ချစ်တဲ့ ဖွားဖွားကြီး အန်တိုနီယာ မွန်တက်စ်ဒီယိုကာက “သူ့ရဲ့ ဗလန်စီယာမှာ သွားနေတဲ့ ပထမဆုံး နှစ်က သိပ်ကို ခက်ခဲလွန်းတာ မှတ်မိသေးတယ်။ သူက နေ့တိုင်း ဖွားဖွားဆီ ဖုန်းဆက်တယ်လေ။ အဲဒီအခါ သူ့အသံကို မာမာထန်ထန် ဖြစ်အောင် အမြဲတမ်း ဟန်ဆောင် ထားတတ်တယ်။ ဒါပေမဲ့ သူအရမ်း ၀မ်းနည်းနေတယ် ဆိုတာ ဖွားအေတစ်ယောက် အနေနဲ့ မသိဘဲ နေမလား။ တစ်ခါတုန်းကဆို မနက် အစောကြီး သူဖုန်းဆက်တယ်။ နေမကောင်းဘူးလားလို့ မေးတော့ ဘာမှ ပြန်မဖြေဘဲ ဖုန်းကို အကြာကြီး ကိုင်ထားတယ်လေ” လို့ အမှတ်တရ ပြောပြပါတယ်။ ငယ်ကျွမ်းဆွေကို မြတ်နိုးတယ် ခေတ်သစ် ဘောလုံး လောကမှာ မိသားစု ဘ၀ကို တန်ဖိုးထားမှု လျော့နည်းလာတဲ့ အခြေအနေတွေ တစ်စထက် တစ်စ ထူပြောလာတာ အားလုံး အသိပါ။ သောက်သောက်လဲ ၀င်ငွေကောင်းနေတဲ့ ဘောလုံးသမားတွေဟာ ချစ်သူ၊ ဇနီးမယား အပေါ် သစ္စာဖောက်ခဲ့ ကြသလို လူမှုရေး အရှုပ်အထွေးတွေနဲ့ ကွာရှင်း ပြတ်စဲမှုတွေဟာ မီဒီယာတွေရဲ့ ဖော်ကောင် လုပ်မှုနဲ့ အတူ မကြားချင်၊ မမြင်ချင်မှ အဆုံးပါပဲ။ ဒါပေမဲ့ ဆေးလ်ဗားရဲ့ ချစ်ခြင်းမေတ္တာ၊ သစ္စာစောင့်သိမှုနဲ့ ချစ်သူအပေါ် မြတ်နိုးစိတ်တွေကိုတော့ ဒီအညှီအဟောက်တွေက အရောင် မဆိုးနိုင်ခဲ့ပါဘူး။ ဆေးလ်ဗားမှာ ချစ်သူ ကောင်မလေး တစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ မိသားစုက နာမည် ထုတ်မပြောပါဘူး။ အဲဒီ ကောင်မလေးဟာ သူ့ရဲ့ မွေးရပ်မြေ ဖြစ်တဲ့ တံငါမြို့လေး အာဂွီနီဂီယန်က ငယ်သူငယ်ချင်းလေးပါ။ ဆေးလ်ဗားနဲ့ အဲဒီ ကောင်မလေးဟာ အသက်(၄)နှစ်မှာ သူငယ်ချင်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ သူ့အသက် (၂၆)နှစ် ပြည့်ခါနီးထိ ဒီကောင်မလေးနဲ့ တွဲနေတုန်းပါပဲ။ လောလောဆယ်တော့ ကောင်မလေးက စပိန်မှာ ကျောင်းပြန် တက်နေတယ်လို့ ဆိုပါတယ်။ “သစ္စာနဲ့ အသစ်ဆာ”ကို စာလုံးပေါင်း မှားနေတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နေပေမယ့် တစ်နယ်စီ ခြားနေသူ ချစ်သူ ကွယ်ရာမှာ မဖောက်မပြန် ရှိနေတဲ့ ဆေးလ်ဗားကို လှိုက်လှိုက်လှဲလှဲ ချီးကျူးသင့်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ (ပရိသတ် ဖိုရမ် တချို့မှာတော့ ဆေးလ်ဗားရဲ့ ကောင်မလေး နာမည်ကို နိုဗီယာလို့ ရေးထားတာ တွေ့မိတယ်။ သိပ်တော့ မသေချာဘူး) ဖွားဖွားကြီး အန်တိုနီယာက “မြေးလေးမှာ ချစ်စရာ ကောင်းတဲ့ ကောင်မလေးလည်း ရှိတယ်လေ။ သူတို့ချင်းက (၄)နှစ် အရွယ်ကတည်းက သိခဲ့ကြတာ။ ကောင်မလေးက ခုတော့ မက်ဒရစ်မှာ ကျောင်းသွားတက် နေတယ်လေ။ မြေးလေးက သူ့ပိုက်ဆံတွေနဲ့ အကောင်းတကာ့ အကောင်းဆုံး အိမ်ကြီးတွေကို ၀ယ်နိုင်ပေမယ့် မိသားစုရဲ့ အိမ်ကိုပဲ ချစ်တယ်။ သူ့မေမေက သူကြိုက်တဲ့ ဟင်းတွေကို ချက်ကျွေးလို့ ထင်တယ်” လို့ အရွှမ်းဖောက်ရင်း ကြည်ကြည်နူးနူး ပြောပြပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ဆေးလ်ဗားဟာ အင်္ဂလန် အနောက်မြောက်ပိုင်း ဒေသရဲ့ ပူနွေးစိုစွတ်တဲ့ ရာသီဥတုနဲ့ အသား ကျနေပါပြီ။ “သူက အသင်းမှာ ပျော်နေပြီ။ နောက်ပြီး မန်ချက်စတာမြို့မှာ နေရတာကိုလည်း သဘောတော့ ကျနေပါပြီ” လို့ ဖခင်ဖြစ်တဲ့ ဖာနန်ဒိုက The Sun သတင်းစာနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ![]() စီးတီး အသင်းဖော်တွေနဲ့အတူ နှလုံးသားလှတဲ့ သံယောဇဉ် သူရဲကောင်း “မှတ်မိသေးတယ်။ သူ့အသက် (၄)နှစ်၊ (၅)နှစ်လောက်က မီးဖိုထဲမှာ အာလူးတွေ၊ လိမ္မော်သီးတွေကို ကန်ရင်း ဘောလုံး ကစားနေကျပေါ့။ သူရယ်၊ သူ့ဝမ်းကွဲအစ်ကို ရန်ဇယ်လ်ရယ်က ဟိုးငယ်ငယ်လေးကတည်းက ဘောလုံး၊ ဘောလုံး၊ ဘောလုံး ဆိုတာချည်းပဲ စိတ်ဝင်စားနေကြတာ။ တော်တော်ဆိုးတဲ့ ကောင်လေးတွေ”လို့ ဖွားအေကြီး အန်တိုနီယာက အတိတ်ကို မျှော်ငေးရင်း ဂုဏ်ယူရိပ် လွှမ်းနေတဲ့ မျက်ဝန်းတွေနဲ့ အတူ The Sun သတင်းထောက် ဂရန့်ရိုးလင်းစ်ကို ပြောပြပါတယ်။ ခုချိန်မှာ ဆေးလ်ဗားဟာ ကမ္ဘာ့ဘောလုံး လောကရဲ့ အတောက်ပဆုံး၊ အလင်းလက်ဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်နေပေမယ့် ဖွားဖွားကြီးကတော့ သူ့မြေးလေးဟာ မိသားစုကို ခင်တွယ်မြတ်နိုးတဲ့ သိုသိုသိပ်သိပ် လူငယ်လေး တစ်ယောက် အနေနဲ့ပဲ ခံယူထားပုံပါ။ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာ ပြေးလွှားရင်း၊ မှော်ဆန်လွန်းတဲ့ အနုပညာမြောက် ဘောလုံး ကစားဟန်ကို ပြသရင်း ဆေးလ်ဗားဟာ စီးတီး ပရိသတ်တွေ အပြင် ပြိုင်ဘက် ပရိသတ်တွေဆီက လက်ခုပ်သံတွေကို ဆွတ်ယူရရှိနေပါပြီ။ ဒါပေမဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ယောက်အဖြစ် ထောက်ခံ အားပေးတဲ့ ချီးကျူး ဂုဏ်ပြုမှုတွေဟာ မိသားစုက ကမ်းတဲ့လက်တွေလောက် ဆေးလ်ဗားအတွက် နွေးထွေးချိုမြိန်မှု မရှိတာ အမှန်ပါပဲ။ သူ့အတွက် မိသားစုဟာ ဘ၀မှာ အရေးအကြီးဆုံး သံယောဇဉ်တွယ်ရမယ့် နှလုံးသား ရပ်ဝန်းပါပဲ။ အန်တိုနီယာရဲ့ စကားတစ်ခွန်းက ဒါကို အလေးအနက် ထောက်ခံနေပါတယ်။ “သူက ဖွားဖွားအိမ်ကို တစ်ရက်တည်း (၇)ခါလောက် လာလည်တယ် ဆိုရင် ပြန်ထွက်တဲ့ (၇)ခါလုံး ဖွားဖွားကို နမ်းဖို့ ဘယ်တော့မှ မမေ့ဘူး”လို့ အန်တိုနီယာက ချစ်မြေးလေး အကြောင်းကို မြိန့်မြိန့်ကြီးပြုံးရင်း ဖောက်သည် ချနေပါတော့တယ်။ ![]() နှလုံးသားလှတဲ့ သံယောဇဉ် သူရဲကောင်း “ဂိုး”ဆိုတဲ့ တစ်ခဲနက် အော်သံကြီးနဲ့ အတူ အပြာနုရောင် အရိပ်ကလေးတစ်ခု ကွင်းထဲမှာ အောင်ပွဲခံ ပြေးလွှားနေပါတယ်။ သူ့မျက်နှာက ပြုံးနေပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာ ကြည်နူးစိတ်နဲ့ ကြေကွဲစိတ်ဟာ ဒွိဟဖြစ်ပြီး လွန်ဆွဲ နေဆဲပါ။ လူတွေ အမြင်မှာ သူအောင်ပွဲခံနေပေမယ့် သူ့ညီမလေးကို သတိရမိတဲ့ အခိုက်အတန့်တိုင်း ဆေးလ်ဗားရဲ့ နှလုံးသားမှာ နာကျင်မှု တစ်ခုတော့ ရှိနေမှာ သေချာပါတယ်။ သူဟာ ကျွန်တော် ချစ်တဲ့ ယူနိုက်တက်နဲ့ အမုန်းစာရင်းတွေ ရှိနေတဲ့ အသင်းမှာ ကစားနေတဲ့ ပြိုင်ဘက် အသင်းသား တစ်ယောက်ပါ။ ဒါပေမဲ့ (ယူနိုက်တက်နဲ့ ပွဲမှာ ဖြစ်စေဦးတော့) ဆေးလ်ဗား ဂိုးသွင်းပြီး အောင်ပွဲခံနေတိုင်း ကျွန်တော် မုဒိတာစိတ်နဲ့ လက်ခုပ်တီးနေမိမယ် ထင်ပါတယ်။ ဒါဟာ ပြိုင်ဘက် အသင်းက ကစားသမား တစ်ယောက်အတွက် ဂုဏ်ပြုမှု မဟုတ်ပါဘူး။ လူသားတစ်ယောက်ရဲ့ နက်နဲတဲ့ မေတ္တာတရား၊ မိသားစုအပေါ် ထားတဲ့ သံယောဇဉ်တွေအတွက် ဦးညွှတ်ခြင်း သက်သက်သာ ဖြစ်ပါတယ်။ ဆေးလ်ဗားရဲ့ အနမ်းတွေကို ကောင်းကင်ဘုံက စင်သီယာလေး ခံယူ ပိုင်ဆိုင်နိုင်ပါစေလို့ အလေးအနက် ဆုတောင်းပေးရင်း …… |
No comments:
Post a Comment