ကားလင်းဖလား ရှုံးကြွေးကို မဆပ်နိုင်သေးတဲ့ အာဆင်နယ် ~ မန်ချက်စတာစီးတီး ၁ - ၀ အာဆင်နယ် | ![]() | ![]() | ![]() |
Written by Admin Team |
Monday, 19 December 2011 09:36 |
![]() ယခု သီတင်းပတ်၏ အကောင်းဆုံး ပွဲစဉ် ဖြစ်သည်နှင့် အညီ နှစ်သင်းလုံး လူစုံတက်စုံ ပွဲထုတ်ကာ အပြိုင်အဆိုင် တိုက်စစ် ဆင်ခဲ့သဖြင့် ကြည့်ကောင်းခဲ့သည်။ မန်စီးတီးဘက်တွင် မာရီယို ဘာလော့တယ်လီနှင့် ဆာဂျီယို အဂူရိုတို့ တိုက်စစ်တွင် တွဲကစားကာ အာဆင်နယ် ကစားသမားဟောင်းများ ဖြစ်ကြသည့် ဆမ်မီနာဆရီနှင့် ကိုလိုတိုရေးတို့ အသင်းဟောင်းကို ပြန်လည် ရင်ဆိုင်သွားသည်။ အာဆင်နယ်တွင် ရော်ဘင်ဗန်ပါစီကို တိုက်စစ် မြားဦးတင်ကာ သီအိုဝဲလ်ကော့နှင့် ဂါဗင်ဟိုတို့ ခြံရံ တိုက်စစ် ဆင်ခဲ့သည်။ နောက်တန်းတွင် လောရင့် ကိုစီရယ်လ်နီနှင့် သောမတ်စ် ဗာမေလန်တို့ တွဲကစားပြီး ခြေစွမ်း ပြနိုင်ခဲ့သည်။ ယခုပွဲတွင် နှစ်သင်းလုံး တိုက်စစ်ဖွင့် ကစားခဲ့ပြီး ဂိုးသမားများ အပြိုင် လက်စွမ်း ပြခဲ့ကြသဖြင့် သွင်းဂိုး မများခဲ့ခြင်း ဖြစ်သည်။ ![]() ပထမပိုင်း (၉)မိနစ်တွင် ဘယ်ခြမ်းမှ ပက်ဘလို ဇာဘလက်တာ ဖြတ်တင်ပေးသော ဘောလုံးကို အဂူရို အပြင်းကန်သွင်းရာ ဂိုးဘားတန်းပေါ် ကျော်သွားသည်။ နောက်(၂)မိနစ်အကြာတွင် ဒေးဗစ်ဆေးလ်ဗား၏ အားထုတ်မှု ကောင်းမွန်သော်လည်း အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ ကာကွယ်သွားသည်။ ထို့နောက် အာဆင်နယ်က တစ်ကျော့ပြန် တိုက်စစ် ဆင်လာပြီး (၁၇)မိနစ်တွင် ဂါဗင်ဟို၏ အားပါသော ကန်ချက်ကို မန်စီးတီး ဂိုးသမား ဂျိုးဟတ် ကာကွယ်ခဲ့ပြန်သည်။ (၂၃)မိနစ်တွင် အာဆင်နယ် နောက်တန်းနှစ်ယောက် ကြားထဲမှ ဘောလုံးကို လှည့်စား ရယူကာ ဘာလော့တယ်လီ အနီးကပ် ကန်သွင်းမှုကို ဆက်ဇနီ တားဆီးခဲ့ရသည်။ (၃၅)မိနစ်တွင် တန်ပြန်တိုက်စစ်မှတစ်ဆင့် ဘောလုံးရလာသည့် ဗန်ပါစီက ဘေးဖက်တွင် လွတ်နေသော ကစားဖော်များထံ ဘောလုံးမပေးဘဲ ကိုယ်တိုင်ကန်သွင်းရန် ကြိုးစားရာမှ လျှံထွက်လာသော ဘောလုံးကို အေရွန်ရမ်ဆေး ၀င်ပိတ်ရန် ကြိုးစားသော်လည်း နောက်ခံလူ တိုရေး အကောင်းဆုံး တားဆီးနိုင်ခဲ့သည်။ မိနစ်(၄၀)တွင် အဂူရို အာဆင်နယ် ခံစစ်ကို ကျော်ဖြတ်ပြီး ထောင့်ဖြတ်အနိမ့်ဘော ကန်သွင်းရန် ကြိုးစားခဲ့သော်လည်း ဆက်ဇနီ အမှားအယွင်း မရှိ ဆွဲဖမ်းသွားသည်။ ပထမပိုင်းတွင် နှစ်သင်းလုံးမှ ခံစစ်သမားများ ကာကွယ်ပုံ ကောင်းမွန်သဖြင့် ဂိုးမရခဲ့သော်လည်း စိတ်လှုပ်ရှားမှု ရသအပြည့် ပေးစွမ်းနိုင်ခဲ့သည်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် မန်စီးတီးက ကစားကွက် အတန်ငယ် ပြောင်းလဲ လာခဲ့သည်။ ပထမပိုင်းတွင် တောင်ပံကြောများမှ ဘောလုံး ရိုက်တင်ကာ တိုက်စစ်မှူးများထံ ပေးပို့သော ဗျူဟာသည် မာတီဆက်ကာ၊ ကိုစီရယ်လ်နီတို့၏ Power ကောင်းကောင်း ဟန့်တားမှုများကြောင့် အလုပ် မဖြစ်ခဲ့ပေ။ ဒုတိယပိုင်းတွင် မန်စီးတီးက မြေလှိမ့်ဘောများဖြင့် အာဆင်နယ်ကို ပိုမိုဖိအားပေးရန် ကြိုးစားလာခဲ့သည်။ (၅၃)မိနစ်တွင် မန်စီးတီးတို့ အဖွင့်ဂိုး ရသွားသည်။ ဘာလော့တယ်လီ၏ အားထုတ်မှုကို ဆက်ဇနီ တားဆီးသဖြင့် ပြန်ထွက်လာသော ဘောလုံးကို အဂူရို ခေါင်းတိုက်သော်လည်း ဂိုးပေါက် မတည့်ဘဲ ဆေးလ်ဗားရှေ့ ကျလာရာ စပိန် လက်ရွေးစင် တောင်ပံလူက အနီးကပ် ပိတ်သွင်းသွားခြင်း ဖြစ်သည်။ တစ်မိနစ်အတွင်း အာဆင်နယ်က ပြန်လည် တိုက်စစ်ဆင်ကာ ၀ဲလ်ကော့၏ ကန်သွင်းမှုကို ဟတ် ကာကွယ်ခဲ့ရပြန်သည်။ အာဆင်နယ်သည် ပရီးမီးယားလိဂ် ဦးဆောင်သူတို့ကို အဝေးကွင်းတွင် အကောင်းဆုံး တုံ့ပြန်ကစားပြီး နည်းစနစ်ကျကျ တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း မာမာထန်ထန် ကစားမှုအပိုင်းတွင် အတန်ငယ် အားနည်း နေခဲ့သဖြင့် မန်စီးတီးတို့ ပိုမို အသာရခဲ့သည်။ (၅၇)မိနစ်တွင် ဗန်ပါစီ ဂိုးသွင်းခဲ့သော်လည်း စည်းကြပ်ဒိုင်က လူကျွံဘော သတ်မှတ်ခဲ့သည်။ (၆၄)မိနစ်တွင် ဂါဗင်ဟို၏ ကောင်းမွန်သော ပံ့ပိုးမှုကိုလည်း ဗန်ပါစီ အသုံး မချနိုင်ခဲ့ပြန်ချေ။ နောက်ထပ် (၃)မိနစ် အကြာတွင် ဇာဘလက်တာ ဧရိယာထိပ် ဆွဲဝင်လာပြီး လှမ်းကန်သော ဘောလုံး တိုင်ထိ ထွက်သွားခဲ့သည်။ နောက်ပိုင်း မိနစ်များတွင် အိမ်ရှင် မန်စီးတီးတို့ အခွင့်အရေးများ ပိုမိုရရှိခဲ့ပြီး နာကျင် အချိန်ပိုတွင် အာဆင်နယ် နောက်ခံလူ ဗာမေလန် တိုက်စစ်ထိ လိုက်ပါကာ ဂိုးရရန် ကြိုးစားခဲ့သည်။ အထူးသဖြင့် နောက်ဆုံး မိနစ်တွင် ၎င်း၏ အဝေးကန်ချက် ကောင်းမွန်သော်လည်း ဂိုးပေါက်နှင့် ကပ်လွဲ သွားပြီးနောက် အာဆင်နယ်တို့ အစ်တီဟတ်တွင် ရမှတ် ဗလာဖြင့် အိမ်ပြန်ခဲ့ရသည်။ |
No comments:
Post a Comment