ဘယ်လာမီခြေစွမ်းပြ ပြီး နယူးကာဆယ်ကိုလီဗာပူးဂိုးပြတ်သွင်း
လီဗာပူးလ် အသင်းသည် အိမ်ကွင်းတွင် ၀ါရင့် ကစားသမား နှစ်ဦး၏ သွင်းဂိုးများကြောင့် နယူးကာဆယ်လ် ယူနိုက်တက်အား (၃-၁)ဖြင့် အနိုင် ရရှိသွားသည်။
သောကြာနေ့ည ပွဲစဉ် အနိုင် ရလဒ်သည် ယခုနှစ် ပရီးမီးယားလိဂ် ပွဲစဉ်များ အတွင်း တိုက်စစ်ပိုင်း ဆိုင်ရာ ရုန်းကန်နေရသည့် လီဗာပူးလ်အသင်း ဒုတိယမြောက် (၃)ဂိုး သွင်းယူသော ပွဲလည်း ဖြစ်လာသည်။ လီဗာပူးလ်သည် လူးဝစ်ဆွာရက်ဇ် ပွဲပယ် ခံရခြင်းကြောင့် တိုက်စစ်တွင် အန်ဒီကာရိုးလ်နှင့် ကရိတ်ဂ်ျဘယ်လာမီတို့ကို တွဲဖက် ကစားစေခဲ့သည်။ ကွင်းလယ်တွင် ဂျေစပီယာရင်၊ ချာလီအဒမ်၊ ဂျော်ဒန်ဟန်ဒါဆင်၊ စတီးဝပ်ဒေါင်းနင်းတို့ ပါဝင်လာပြီး ခံစစ်အတွက် ဂလင်းဂျွန်ဆင်၊ ဒန်နီအဂ္ဂါ၊ ဟိုဆေးအန်ရီကေး၊ မာတင်စကာတယ်လ်တို့ တွဲကစားသည်။ နယူးကာဆယ်လ်တွင် အဓိက တိုက်စစ်မှူး ဒမ်ဘာဘားက ထိုးစစ်မြားဦးတွင် ဦးဆောင်ကာ ယိုဟန်ကာဘာယီ၊ ချစ်ခ်တီယော့တီ၊ ဖာဘရီစီယို ကိုလော့စီနီ၊ ဂါဘရီရယ်လ် အိုဘာတန်စသည့် အဓိက ကစားသမားများဖြင့် အန်းဖီးလ်တွင် လီဗာပူးလ်ကို ရင်ဆိုင်ခဲ့သည်။

ယခုပွဲတွင် ဘယ်လာမီ ခြေစွမ်းပြကာ (၂)ဂိုးသွင်းယူနိုင်ခဲ့သလို နယူးကာဆယ်လ် ခံစစ်ကြောင်းကိုလည်း ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ လီဗာပူးလ်သည် ကစားကွက်ကို တည်ငြိမ်အောင် ထိန်းကစားရင်း နယူးကာဆယ်လ်ကို တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း မမျှော်လင့်ဘဲ (၂၆)မိနစ်တွင် ဦးဆောင်ဂိုး စပေးလိုက်ရသည်။ ရိုင်ယန်တေလာ ဘယ်ခြမ်းမှ ဖြတ်တင်ပေးသော ဘောလုံးကို နယူးကာဆယ်လ် ကွင်းလယ်လူ ကာဘာယီ ခေါင်းတိုက်ရာ အဂ္ဂါ၏ ပခုံးနှင့်ထိပြီး ဂိုးဝင်သွားခဲ့ရာ ဂိုးသမား ပီပီရေနာ မည်သို့မျှ မကာကွယ်နိုင်ခဲ့ချေ။ ပြီးခဲ့သည့် ပွဲစဉ်ကလည်း ဘလက်ဘန်းရိုဗာကို ချာလီအဒမ်၏ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ဦးဆောင်ခွင့် ပေးခဲ့ရသော လီဗာပူးလ်တို့ ယခုပွဲတွင်လည်း ကိုယ့်ဂိုးကိုယ် သွင်းမှုကြောင့် နောက်မှ လိုက်ကစားခဲ့ရသည်။
သို့သော် အသင်းအတွက် ခြေစွမ်း ပြနေသည့် ဘယ်လာမီက (၄)မိနစ်အတွင်း ချေပဂိုး ပြန်သွင်းသည်။ လီဗာပူးလ်၏ ဘယ်ခြမ်းမှ ညာခြမ်းသို့ ဘောလုံးပို့ဆောင်ပြီး တိုက်စစ်အစ ပျိုးလာချိန်တွင် အဒမ် ဘောလုံး ရသွားပြီး ဧရိယာထဲ ဖြတ်ပို့ရာ နယူးကာဆယ်လ် နောက်တန်းနှင့် ထိပြီး ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံးပြန်ကျလာခဲ့သည်။ ယင်းဘောလုံးကို Marking လွတ်နေသည့် ဘယ်လာမီက
မနားတမ်း ပြေးကန်ရာ ဂိုးတိုင်အောက်ခြေ ဘယ်ထောင့်ထဲ တန်းနေအောင် ၀င်သွားပြီး လီဗာပူးလ်တို့ ချေပဂိုး ပြန်ရသည်။ (၃၄)မိနစ်တွင် ဘယ်လာမီ၏ ထောင့်ကန်ဘောကို စကာတယ်လ်နှင့် အဒမ်တို့ ပိတ်သွင်းရန် ကြိုးစားသော်လည်း လွဲချော်ခဲ့သည့်နောက် ပထမပိုင်းတွင် (၁)ဂိုးစီ သရေဖြင့်သာ ပွဲပြီးခဲ့သည်။
ဒုတိယပိုင်းတွင်မူ မိနစ်(၆၀)အရောက်၌ လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗန်ဂျရတ် လူစားဝင် ကစားခဲ့သည်။ (၆၈)မိနစ်တွင် ဝေလတိုက်စစ်မှူး ဘယ်လာမီက လီဗာပူးလ်အတွက် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ဂိုးဧရိယာအပြင်ဘက် ခပ်လှမ်းလှမ်းတွင် လီဗာပူးလ်တို့ ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့သည်။ အဆိုပါဘောလုံးကို ဘယ်လာမီက ပြေးကန်ရာ နယူးကာဆယ်လ် ဂိုးသမား တင်မ်ကရူးလ်နှင့် နယူးကာဆယ်လ် နောက်ခံလူ တစ်ဦးတို့ နားလည်မှု လွဲသဖြင့်ယင်းတို့ နှစ်ဦးကြားမှ ဂိုးဝင်သွားခဲ့သည်။ (၇၁)မိနစ်တွင် ဘား၏ အားထုတ်မှုကို စကာတယ်လ် အကောင်းဆုံး ရှင်းထုတ် နိုင်ခဲ့သဖြင့် နယူးကာဆယ်လ်တို့ ချေပဂိုးရမည့် အခွင့်အရေး ဆုံးရှုံးသွားသည်။ (၇၈)မိနစ်တွင် လီဗာပူးလ်တို့ နောက်တစ်ဂိုး ထပ်သွင်းသွားသည်။ စပီယာရင်၊ ဟန်ဒါဆင်တို့၏ တွဲလုံးမှတစ်ဆင့် ပေးပို့လိုက်သော ဘောလုံးကို ဂျရတ်က ဘယ်ခြမ်းအတိုင်း ဆွဲပြေးပြီး ကရူးလ်နှင့် အတွေ့တွင် ဘယ်ခြေဖြင့် အနိမ့်ဘော ကန်သွင်းသွားခြင်း ဖြစ်သည်။ ပွဲပြီးခါနီးတွင် ကာရိုးလ်နှင့် ဒေါင်းနင်းတို့၏ ဖိအားပေး တိုက်စစ်ဆင်မှု ဂိုးမရခဲ့သည့်နောက် ပွဲအပြီးတွင် လီဗာပူးလ်တို့ (၃-၁)ဖြင့်သာ အနိုင် ရသွားခဲ့သည်။

လီဗာပူးလ် Vs နယူးကာဆယ်လ်