မန်ချက်စတာ စီးတီးနှင့် ရင်ဆိုင် ကစားရမည့် ပွဲစဉ်အတွက် အသင့် ပြင်ထားကာ အကြိမ်(၂၀)မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် တိုက်ပွဲ ၀င်သွားမည်ဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။
ဇယားထိပ်ဆုံး နေရာတွင် အကြိတ်အနယ် ရပ်တည်နေသည့် မန်ချက်စတာ မြို့ခံ နှစ်သင်းသည် ဧပြီလ (၃၀)ရက်နေ့တွင် အစ်တီဟတ်၌ တွေ့ဆုံမည် ဖြစ်ပြီး ထိုပွဲသည် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အဆုံးအဖြတ် အခြေအနေ တစ်ခု ဖြစ်လာ နိုင်သည်ဟု အများစုက ယူဆထားသည်။ လတ်တလောတွင် မန်စီးတီးသည် မန်ယူကို (၂)မှတ် အသာဖြင့် ဦးဆောင်လျှက် ရှိသည်။ မန်စီးတီးသည် မန်ယူ၏ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် (၆-၁)ဖြင့် အနိုင် ရထားသော်လည်း မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ဖာဂူဆန် ဦးဆောင်သည့် လက်ရှိ ချန်ပီယံတို့ကို မည်သည့် အခါတွင်မျှ လျှော့တွက်၍ မရကြောင်း ၀န်ခံထားသည်။

ဖာဂူဆန်က ခါးသီးသော တစ်နယ်တည်းသား ပြိုင်ဘက်များနှင့် ဆုံဆည်းရမည့် အခြေအနေနှင့် စပ်လျဉ်းပြီး Sky Sportsနှင့် အင်တာဗျူးတွင် ၎င်း၏ အမြင်ကို ပြောဆိုခဲ့ရာ “တကယ့် ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။ ဒီပွဲမှာ ကျွန်တော်တို့ ရှင်သန် ရပ်တည်နိုင်ခဲ့ရင် ချန်ပီယံ ဆုအတွက် အရမ်းအရမ်း ကြီးမားတဲ့ အခွင့်အလမ်း တစ်ခုကို ရလာပါလိမ့်မယ်။ ခုလက်ရှိထက်တော့ ကစားသမား အင်အား ပိုတောင့်တင်းနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက စိတ်ပျက်စရာ ဒဏ်ရာ အခြေအနေတွေနဲ့ ကြုံခဲ့ရတယ် မဟုတ်လား” ဟု သုံးသပ်သွားသည်။
တကယ့် ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။ ဒီပွဲမှာ ကျွန်တော်တို့ ရှင်သန် ရပ်တည်နိုင်ခဲ့ရင် ချန်ပီယံဆုအတွက် အရမ်းအရမ်း ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို ရလာပါလိမ့်မယ်...
လက်ရှိတွင် မန်စီးတီးနှင့် မန်ယူတို့သည် (၂၆)ပွဲစီ ကစားထားပြီး ဖြစ်သည်။ မန်စီးတီးသည် ချယ်လ်ဆီး၊ အာဆင်နယ်တို့ကို ဖြတ်ကျော် ရဦးမည်ဖြစ်ပြီး ဧပြီလကုန်တွင် ကာလရှည်ကြာ မော်ကြည့် ခဲ့ရပြီး ယခုရာသီတွင် ၎င်းတို့ ပခုံးချင်း ယှဉ်လာနိုင်သည့် တစ်နယ်တည်းသားတို့ကို စိတ်လှုပ်ရှား ဖွယ်ရာ ဧည့်ခံရမည် ဖြစ်သည်။

မန်စီးတီးနှင့် ပွဲတွင် တွေ့ရသော ဖာဂူဆန်

No comments:
Post a Comment