welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, February 19, 2012

soccermyanmar



liverpool 6- 1 brighton
လီဗာပူးလ် အသင်းသည် အိမ်ကွင်းတွင် ဘရိုက်တန်အား ဂိုးဒါဇင်ဝက် သွင်းယူကာ FA ဖလားကို စိန်ခေါ်ရန် နောက်တစ်ဆင့်သို့ အောင်အောင်မြင်မြင် တက်ရောက် သွားခဲ့ပြီ ဖြစ်သည်။

ယခုပွဲတွင် လီဗာပူးလ်၏ အဓိက တိုက်စစ်မှူး နှစ်ဦးဖြစ်သော အန်ဒီကာရိုးလ်နှင့် လူးဝစ်ဆွာရက်ဇ်တို့ နှစ်ဦးလုံး ပွဲထွက်ခဲ့သလို နှစ်ဦးလုံးလည်း ဂိုးသွင်း နိုင်ခဲ့သည်။ ကွင်းလယ်တွင် အသင်းခေါင်းဆောင် စတီဗင်ဂျရတ် ဦးဆောင်ပြီး ချာလီအဒမ်၊ ဂျော်ဒန် ဟန်ဒါဆင်၊ စတီးဝပ် ဒေါင်းနင်းတို့ ပါဝင်ခဲ့ပြီး နောက်တန်းတွင် ဒန်နီရယ်လ် အဂ္ဂါအစား ဂျင်မီကာရေဂါ ၀င်ကစားသည်မှ လွဲပြီး လူစုံခဲ့သည်။ ဘရိုက်တန်တွင်မူ ဆမ်ဗုက်စ်၊ ကာဇင်ဂါ လွာလွာ၊ ၀ီလျံဘက်ကလေ၊ အလန်နာဗာရို အစရှိသည့် ကစားသမားများ ပါဝင် ကစားသွားသည်။
ဂိုးဒါဇင်ဝက်နဲ့ အနိုင်ယူခဲ့သည့် လီဗာပူးလ်

အသင်း နှစ်သင်း၏ အဆင့်အတန်း ကွာဟမှုကြောင့် လီဗာပူးလ်သည် ပွဲစကတည်းက ဘရိုက်တန်ကို အသာစီးမှ ကစား နိုင်ခဲ့သည်။ ပွဲအစ (၅)မိနစ်တွင် လီဗာပူးလ်တို့ ဂိုးစရသည်။ ထောင့်ကန်ဘောမှ ဂျရတ် ကန်တင်ပေးသော ဘောလုံးကို နောက်ခံလူ မာတင် စကာတယ်လ်က နောက်ပြန်ချိုးကာ ခေါင်းတိုက် သွင်းယူသွားခြင်းဖြစ်သည်။ ထို့နောက် လီဗာပူးလ်ဘက်မှ ဂျရတ်နှင့် အဒမ်တို့၏ ကန်ချက်များ ဂိုးပေါက် လွဲနေခဲ့သည်။ (၁၈)မိနစ်တွင် ဘရိုက်တန်တို့ ချေပဂိုး ပြန်သွင်းသည်။ ဂိုးဧရိယာ အပြင်ဘက် မလှမ်းမကမ်းမှ ပြစ်ဒဏ်ဘောကို ဘက်ကလေ တို့ပေးထားသည်ကို လွာလွာက အနိမ့်ဘော အပြင်း ကန်သွင်းသွားခြင်း ဖြစ်သည်။ (၂၈)မိနစ်တွင် ဆွာရက်ဇ် ထိုးဖောက်လာပြီး ကန်သွင်းသော ဘောလုံးမှာ သေချာပေါက် ဂိုးဝင်တော့မည့် အနေအထားတွင် ဘရိုက်တန် နောက်ခံလူ လူးဝစ်ဒန့်ခ်က ရှင်းထုတ် သွားခဲ့သည်။ (၃၂)မိနစ်တွင် ကွင်းလယ်မှ ဂျရတ် အသာ ကန်တင်ပေးသော ဘောလုံးကို ကာရိုးလ် ခေါင်းတိုက်ချက် ဘားတန်းကျော်သွားသည်။ (၄၂)မိနစ်တွင် ဘရိုက်တန် တိုက်စစ်မှူး လွာလွာ ဆွဲပြေးလာပြီး ထိုးဖောက်ဂိုးသွင်းရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ချေ။ (၄၅)မိနစ်တွင် လီဗာပူးလ်တို့ ပွဲကို ထပ်မံဦးဆောင်သည်။ ဆွာရက်ဇ်၏ ကန်ချက်ကို ဂိုးသမား ပီတာ ဘရီဇိုဗန် ပုတ်ထုတ်ခဲ့ရာမှ လျှံထွက် လာသည်ကို ဂျွန်ဆင်က ခေါင်းဝင်တိုက်ရာ ဗုက်စ်က ရှင်းထုတ် နိုင်ခဲ့သော်လည်း အသင်း နောက်ခံလူ လီယမ် ဘစ်တ်ကတ်နှင့် ပြန်ထိကာ ကိုယ့်ဂိုးကိုယ် သွင်းမိသွားခြင်း ဖြစ်သည်။ ထို့နောက် လီဗာပူးလ်တို့ (၁)ဂိုးအသာဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။

(၅၇)မိနစ်တွင် လီဗာပူးလ်တို့ တတိယဂိုးကို သွင်းယူသည်။ ဘယ်ခြမ်းမှ ဒေါင်းနင်း ဆွဲပြေးပြီး ချိုးပေးသည်ကို Marking လွတ်နေသည့် ကာရိုးလ်က သပ်သပ်ရပ်ရပ် အဆုံးသတ် ကန်သွင်းသွားခြင်း ဖြစ်သည်။ ဖိအား ၀င်သွားသည့် ဘရိုက်တန်သည် နောက်ထပ် ကိုယ့်ဂိုး ကိုယ်သွင်းမှု (၂)ကြိမ်ကြောင့် ဂိုးပြတ် အရေးနိမ့်ခဲ့သည်။ (၇၁)မိစ်တွင် ဘစ်တ်ကတ် နောက်တစ်ကြိမ် ကိုယ့်ဂိုးကိုယ် သွင်းမိပြန်သည်။ ဘယ်ခြမ်းမှ ဂျရတ် ဆွဲပြေးပြီး ဂိုးမ၀င်နိုင်သည့် အနေအထားဖြင့် အသည်းအသန် ချိုးပေးလိုက်သော ဘောလုံးသည် ကံမကောင်းသည့် နောက်ခံလူကို ထိကာ ဂိုးဝင် သွားခဲ့သည်။ (၇၅)မိနစ်တွင် ဒန့်ခ်က စိတ်ပျက်ဖွယ် အနေအထားဖြင့် ဘရိုက်တန် အတွက် တတိယမြောက် ဂိုးအလှူကို ခွင့်ပြုပေးလိုက်သည်။ ဆွာရက်ဇ်၏ ထောင့်ဖြတ်ဘောကို ဂိုးသမား ဘရီဇိုဗန် ပုတ်ထုတ်မှု မသေမသပ် ဖြစ်ရာမှ ဒန့်ခ်ဆီသို့ တည့်တည့် ဘောလုံး ရောက်လာသည်။ ယင်းဘောလုံးကို လီဗာပူးလ်ဘက်မှ ဖိအားပေး ၀င်လုခြင်း မရှိဘဲနှင့် ဒန့်ခ်က ရင်ဘတ်နှင့် တစ်ချက်ထိန်းကာ ဘောလုံး တော့လိုက်စဉ် ဂိုးထဲ ၀င်သွားခြင်း ဖြစ်သည်။ ယင်းဘောလုံးကို ၎င်းက အသည်းအသန် ဖျက်ထုတ်ခဲ့သော်လည်း စည်းကြပ်ဒိုင်က ဂိုးအဖြစ် သတ်မှတ် ပေးလိုက်သည်။ (၈၁)မိနစ်တွင် လီဗာပူးလ်တို့ ပင်နယ်တီ တစ်ကြိမ် ရသော်လည်း ဆွာရက်ဇ်၏ ကန်ချက်သည် ဂိုးအဖြစ် မပြောင်းလဲခဲ့ပေ။ ထိုစိတ်ပျက်ဖွယ် အမှားကို ဆွာရက်ဇ်က (၈၅)မိနစ်တွင် ပြန်လည် အဖတ် ဆည်နိုင်ခဲ့သည်။ လူးဝစ်အန်ရီကေး ဖြတ်တင်သော ဘောလုံးကို ကာရိုးလ်က ဂိုးရှေ့သို့ ခေါင်းတိုက် ချပေးလိုက်ရာ ဆွာရက်ဇ်က အနီးကပ် ခေါင်းတိုက် သွင်းယူပြီး လီဗာပူးလ်၏ ဒါဇင်ဝက်မြောက် ဂိုးကို ရယူခဲ့သည်။

ကာရိုးလ်က ဂိုးရှေ့သို့ ခေါင်းတိုက် ချပေးလိုက်ရာ ဆွာရက်ဇ်က အနီးကပ် ခေါင်းတိုက်သွင်းယူပြီး လီဗာပူးလ်၏ ဒါဇင်ဝက်မြောက် ဂိုးကို ရယူခဲ့...
ဘရိုက်တန်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခဲ့သော ဂိုး(၃)ဂိုးနှင့် အတူ ပွဲအပြီးတွင် လီဗာပူးလ်တို့ ဂိုးပြတ် အောင်ပွဲခံကာ FAဖလား ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက် သွားခဲ့ပြီး ၎င်းတို့ကို ဒုက္ခ ပေးနေကျ စတုတ်ခ်စီးတီးနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ကင်နီဒဲလ်ဂလစ်ရှ်၏ အသင်းသည် ကားလင်းဖလားတွင်လည်း ဗိုလ်လုပွဲသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ၎င်းတို့၏ ယခုရာသီ ရှုံးထွက် ဖလားများတွင် အောင်ပွဲခံရေး ရည်မှန်းချက်သည် ဆက်လက် ရှင်သန်နေဆဲ ဖြစ်သည်။

No comments:

Post a Comment