welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Thursday, February 16, 2012

အေစီမီလန် 4-0 အာဆင်နယ်

ပွဲမစမီကတည်းက အေစီမီလန် တိုက်စစ်မှူး ဇလာတန် အီဗရာဟီမိုဗစ်ခ်ျကို သတိ ထားရမည်ဟု အာဆင်နယ် အသင်း မန်နေဂျာ အာစင်ဝင်းဂါးက မှတ်ချက်ပြုထားသည့်အတိုင်း အီဗရာဟီမိုဗစ်ခ်ျ၏ ထက်မြက်သော ခြေစွမ်းအောက်တွင် အာဆင်နယ်တို့ နစ်မြုပ်သွားခဲ့သည်။

ဆန်စီရိုတွင် ကစားသော ပွဲစဉ်တွင် အီတလီ စီးရီးအေ ပွဲစဉ်တွင် မီလန်က အာဆင်နယ်ကို (၄-၀)ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်ခွင့် အတွက် အသာစီး အနေအထားကို ရရှိသွားခဲ့သည်။ မီလန်သည် တိုက်စစ်တွင် အီဗရာဟီမိုဗစ်ခ်ျကို ရော်ဘင်ဟိုနှင့် တွဲကာ ပွဲထုတ်ခဲ့ပြီး ကွင်းလယ်တွင် ကီဗင်ပရင့်စ်ဘိုတန်း၊ မာ့ခ်ဗန်ဘောမဲလ်၊ ကလဲရင့် ဆီးဒေါ့ဖ်တို့ ပါဝင်ခဲ့ပြီး နောက်တန်းတွင် ဖိလစ်ပီမက်ဆက်စ်၊ အစ်ဂ်နာဇီယို အဘာတီတို့နှင့် လူစုံခဲ့သည်။ အာဆင်နယ်ဘက်တွင်လည်း ရော်ဘင်ဗန်ပါစီ၊ မစ်ကယ် အာတီတာ၊ အဲလက်စ်ဆောင်း၊ သောမတ်စ် ဗာမေလန်၊ သီအိုဝဲလ်ကော့တ်၊ ဘာကရီ ဆက်ဂ်ညာ အစရှိသည့် အဓိက ကစားသမားများဖြင့် ပွဲထွက်လာသည်။
အေစီမီလန် Vs အာဆင်နယ်

မီလန်သည် ပွဲစကတည်းက အိမ်ကွင်းတွင် ပရီးမီးယားလိဂ် ကလပ်ကို ချုပ်ကိုင် ကစားရန် ကြိုးစားလာခဲ့သည်။ ပွဲချိန် (၁၆)မိနစ်တွင် မီလန်တို့ ဦးဆောင်ဂိုး စရသွားခဲ့သည်။ အန်တိုနီယို နိုစီရီနို အသာအယာ ကန်တင်ပေးလိုက်သော ဘောလုံးကို ဂါနာ လက်ရွေးစင် ဘိုတန်းက ရင်ဘတ်ဖြင့် တားယူပြီး မနားတန်း Half Volley ကန်သွင်းရာ ဂိုးဘားတန်းနှင့် ကပ်ပြီး ၀င်သွားခဲ့ခြင်းဖြစ်သည်။ (၂၁)မိနစ်တွင် နိုစီရီနို ဘီးကုပ်ထိပ်နားမှ လှမ်းကန်သော ဘောလုံးကို ဂိုးတိုင်နှင့် ကပ်၍ လွဲချော်သွားသည်။ (၂၄)မိနစ်တွင် အာဆင်နယ် နောက်တန်းနှင့် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီတို့ကြား နားလည်မှု လွဲမှားခြင်းမှ တစ်ဆင့် အီဗရာဟီမိုဗစ်ခ်ျ ဂိုးသွင်းရန် ကြိုးစားသော်လည်း ဆက်ဇနီက ပြိုင်ဘက် ခြေထောက်ထဲမှ ဘောလုံးကို ခပ်ရဲရဲ ၀င်ရောက် တားဆီးခဲ့ပြီး ဒိုင်ကလည်း ပြစ်ဒဏ်ဘော သတ်မှတ် ပေးခဲ့သည်။ (၃၈)မိနစ်တွင် မီလန်အသင်း ဒုတိယဂိုး သွင်းယူသည်။ ဘယ်ခြမ်းမှ အီဗရာဟီမိုဗစ်ခ်ျ ဆွဲပြေးသွားပြီး ဂိုးဧရိယာထဲတွင် အနီးကပ် ကန်ပို့ပေးသော ဘောလုံးကို ရော်ဘင်ဟိုက မြေစိုက် ခေါင်းတိုက်ချက်ဖြင့် အဆုံးသတ်ခဲ့သည်။ (၄၁)မိနစ်တွင် လူကာ အန်တိုနီနီ ကန်တင်ပေးသော ဘောလုံးကို Marking လွတ်နေသည့် အီဗရာဟီမိုဗစ်ခ်ျ ခေါင်းတိုက်ခဲ့သော်လည်း ဆက်ဂ်ညာက ပိတ်ဆို့နိုင်ခဲ့သည်။ ပထမပိုင်း ပြီးခါနီးတွင် အီဗရာဟီမိုဗစ်ခ်ျ၏ ရုန်းအားမှ တစ်ဆင့် ရရှိခဲ့သည့် အခွင့်အရေး တစ်ရပ်ကို ဘိုတန်း ဖြုန်းတီးပစ်ခဲ့သလို အီဗရာဟီမိုဗစ်ခ်ျပင် ဖန်တီးပေးသည်ကို အန်တိုနီနီ ဂိုးသွင်းရန် ကြိုးပမ်းမှုအား အာဆင်နယ် ဂိုးသမား ဆက်ဇနီ အနာခံ ကာကွယ်ခဲ့ပြီးနောက် အိမ်ရှင်အသင်းက ပွဲအပြီးတွင် (၂-၀)ဖြင့်ပင် ဦးဆောင်နိုင်ခဲ့သည်။

အန်တိုနီယို နိုစီရီနို အသာအယာ ကန်တင်ပေးလိုက်သော ဘောလုံးကို ဂါနာ လက်ရွေးစင် ဘိုတန်းက ရင်ဘတ်ဖြင့် တားယူပြီး မနားတန်း Half Volley ကန်သွင်းရာ ဂိုးဘားတန်းနှင့် ကပ်ပြီး ၀င်သွားခဲ့...
(၄၉)မိနစ်တွင် ရော်ဘင်ဟိုက ၎င်း၏ ဒုတိယဂိုးကို သွင်းယူသည်။ အာဆင်နယ် နောက်ခံလူ ဗာမေလန်ကို လှည့်စားကာ အီဗရာဟီမိုဗစ်ခ်ျနှင့် အပေးအယူ လုပ်ပြီး ဘရာဇီးလ် တောင်ပံ တိုက်စစ်သမားက ကန်သွင်းခဲ့ခြင်း ဖြစ်သည်။ (၃-၀) ဖြစ်နေချိန်တွင် မီလန်သည် ခံစစ်ကို အထိုင်ချကာ တန်ပြန်တိုက်စစ် ချောင်းကစားပြီး အနိုင်ရလဒ်ကို ထိန်းသိမ်းရန် ဦးတည်လာခဲ့သည်။ သို့သော်လည်း အာဆင်နယ်၏ ကစားပုံ အမှားအယွင်း များနေခြင်းကြောင့် မီလန်ကို ထိရောက်စွာ တိုက်စစ် မဆင်နိုင်ဘဲ ဖြစ်နေသည်။ (၆၆)မိနစ်တွင် အာဆင်နယ် ကွင်းလယ်လူ ဆောင်းက လူစားဝင် တိုက်စစ်မှူး သီအာရီ အွန်နရီထံ ပေးပို့သော ဘောလုံးကို ပြင်သစ် ဂန္တ၀င် ကစားသမားက အစွမ်းပြ ကန်သွင်းသော်လည်း မီလန်ဂိုးသမား ခရစ္စတီယန် အဘီယာတီ ကာကွယ်သွားသည်။ တစ်ပွဲလုံး ခြေစွမ်းပြနေသော အီဗရာဟီမိုဗစ်ခ်ျက မီလန်အတွက် ပွဲသိမ်းဂိုးကို မိနစ်(၈၀)တွင် သွင်းယူသည်။ ဂျိုဟန်ဂျော်ရူးက အီဗရာဟီမိုဗစ်ခ်ျကို အဖျက်ကြမ်းသည့်အတွက် မီလန်တို့ ပင်နယ်တီ ကန်ခွင့်ရပြီး ယင်းကို ဆွီဒင်လက်ရွေးစင်က ကိုယ်တိုင် ကန်သွင်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် အီဗရာဟီမိုဗစ်ခ်ျသည် ယခုနှစ် ချန်ပီယံလိဂ်တွင် ၎င်းကစားခွင့် ရသည့် ပွဲစဉ်တိုင်း ဂိုးသွင်းနိုင်သည့် စံချိန်ကို ဆက်ထိန်း ထားနိုင်ဆဲဖြစ်သည်။ (၈၅)မိနစ်တွင် အဲလက်စ် အိုလိဒ် ချိန်ဘာလိန်၏ ဖြတ်တင်ဘောကို ဗန်ပါစီ ခေါင်းတိုက်ချက် ကောင်းမွန်သော်လည်း အဘီယာတီ လက်စွမ်းပြ တားဆီး ခဲ့သည့်နောက် အာဆင်နယ်တို့ ချေပဂိုး (၁)ဂိုးပင် ပြန်မသွင်းနိုင်ဘဲ (၄-၀)ဖြင့် အရေး နိမ့်ခဲ့ရသည်။
အခြားပွဲစဉ် ရလဒ်များ
ဇင်းနစ် စိန့်ပီတာစဘာ့ဂ် ၃ - ၂ ဘင်ဖီကာ

No comments:

Post a Comment