ဝုလ် 0-3လီဗာပူး
လီဗာပူးလ် အသင်းသည် ၀ုလ်ဗ်ဗာဟမ်ပတန် အသင်းကို အဝေးကွင်းတွင် ဂိုးပြတ် အနိုင် ရရှိပြီးနောက် ရှုံးထွက် ပြိုင်ပွဲများတွင် အရှိန်အဟုန် ကောင်းနေသော ၎င်းတို့၏ ရပ်တည်မှုကို ပရီးမီးယား လိဂ်တွင် ဆက်ထိန်း နိုင်ခဲ့သည်။
ဝုလ်ဗ်သည် စတီဗန် ဖလက်ချာ၊ မက်သရူး ဂျားဗစ်၊ အီမန်နျူရယ်လ် ဖရင်ပေါင်၊ စတီဖန်ဝါ့ဒ် အစရှိသည့် ကစားသမား များဖြင့် ပွဲထွက် လာခဲ့သည်။ လီဗာပူးလ်မှာမူ အန်ဒီကာရိုးလ်၊ ဒါ့ခ်ကောက်နှင့် ကရိတ်ဂ်ျ ဘယ်လာမီတို့ တိုက်စစ်မှူး (၃)ဦးလုံးကို တစ်ပြိုင်နက် ပွဲထုတ်ခဲ့ပြီး ကွင်းလယ်တွင် ဂျော်ဒန် ဟန်ဒါဆင်၊ ဂျေစပီယာရင်၊ ချာလီအဒမ်တို့က ပူးပေါင်း ပံ့ပိုး ကစားခဲ့သည်။ နောက်တန်းတွင် မာတင်စကာတယ်လ်၊ ဒန်နီရယ်လ် အဂ္ဂါ၊ ဂလင်းဂျွန်ဆင်၊ ဟိုဆေး အန်ရီကေးတို့ လူစုံ ပါဝင် ကစားသွားသည်။

လီဗာပူးလ် တိုက်စစ်မှူး ကာရိုးလ်သည် ယခုပွဲစဉ်တွင် ခြေစွမ်း ပြနိုင်ခဲ့ပြီး ၀ုလ်ဗ်အသင်း ဂိုးပေါက်ကို ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ (၁၁)မိနစ်တွင် ဒေးဗစ်အက်ဒွပ်စ်၏ ဧရိယာထဲ ထိုးဖောက် ၀င်ရောက်လာပြီး ဂိုးသွင်းရန် ကြိုးစားမှုကို လီဗာပူးလ် ဂိုးသမား ပီပီရေနာ ကာကွယ်သွားသည်။ (၂၁)မိနစ်တွင် ဘယ်လာမီ၏ အဝေးကန်ချက်ကို ၀ုလ်ဗ်ဂိုးသမား ၀ိန်းဟန်နက်ဆီ ဖမ်းမိခဲ့သည်။ (၂၃)မိနစ်တွင် ဘယ်လာမီ၏ ထောင့်ကန်ဘောကို အဂ္ဂါ ခေါင်းတိုက်ချက် ကောင်းမွန်သော်လည်း ဟန်နက်ဆီ ကာကွယ်ခဲ့သည်။ (၂၈)မိနစ်တွင် ဖလက်ချာ၏ ခေါင်းတိုက်ချက် လီဗာပူးလ် ဂိုးဘားတန်းပေါ် ကျော်သွားပြန်သည်။ (၃၅)မိနစ်တွင် အဒမ်ကို ဧရိယာအတွင်း ဖရင်ပေါင် ခပ်ကြမ်းကြမ်း တားဆီးခဲ့သော်လည်း ဒိုင်လူကြီး အန်သိုနီ တိုင်လာက ပင်နယ်တီ ပေးရန် ငြင်းဆိုခဲ့သည်။ (၃၉)မိနစ်တွင် ဖလက်ချာနှင့် အပေးအယူ ကစားပြီး မိုက်ကယ်နိုက်တလေ လှမ်းကန်သော ဘောလုံး လီဗာပူးလ် ဂိုးတိုင်ဘေးမှ ကပ်ထွက်သွားသည်။ ထိုသို့ဖြင့် နှစ်သင်းလုံး ဂိုးမသွင်းနိုင်ဘဲ ပထမပိုင်း ပြီးဆုံးခဲ့သည်။
အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် လီဗာပူးလ်ဂျာစီကို ၀တ်ဆင်ခွင့်ရသည့် နှစ်ပတ်လည်နေ့တွင် အမှတ်တရ ဂိုးသွင်းနိုင်ခဲ့...
ဒုတိယပိုင်း ပြန်အစတွင် လီဗာပူးလ်က ဂိုးရရန် ပိုမို တင်ကစားလာသည်။ မိနစ်(၅၀)တွင် ဟန်နက်ဆီက ကောက်ထံမှ ခြိမ်းခြောက် လာနိုင်သော ဘောလုံးကို ရှင်းထုတ်ပစ်ခဲ့ရသည်။ (၅၂)မိနစ်တွင် လီဗာပူးလ်တို့ ဂိုးစရသည်။ ဘယ်ခြမ်းမှ အဒမ် ကန်တင် ပေးလိုက်သော ဘောလုံးကို ၀ုလ်ဗ်နောက်ခံလူ တစ်ဦးနှင့်အပြိုင် ရယူပြီး ကာရိုးလ်က မနားတမ်း သွင်းယူခဲ့ခြင်း ဖြစ်သည်။ လီဗာပူးလ်သို့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာသော်လည်း ဂိုးမိုး ခေါင်သောကြောင့် ဝေဖန်မှုများ ကြုံနေရသည့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးသည် လီဗာပူးလ်ဂျာစီကို ၀တ်ဆင်ခွင့်ရသည့် နှစ်ပတ်လည် နေ့တွင် အမှတ်တရ ဂိုးသွင်း နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ မိနစ်(၆၀)တွင် ဘယ်လာမီက ဧရိယာထိပ်ထိ တစ်ကိုယ်တော် ဆွဲယူပြီး လှမ်းကန်သည့်ဘောလုံးကို ဟန်နက်ဆီ မတားဆီးနိုင်သဖြင့် လီဗာပူးလ်တို့ ဒုတိယဂိုး ရသွားသည်။ ထို့နောက် အဒမ်နှင့် အဂ္ဂါတို့ ဂိုးသွင်းခွင့်များ ရသော်လည်း လွဲချော် နေခဲ့သည်။ လီဗာပူးလ် အတွက် ပွဲသိမ်းဂိုးကို (၇၇)မိနစ်တွင် တန်ပြန် တိုက်စစ်မှ တစ်ဆင့် သွင်းယူခဲ့သည်။ လီဗာပူးလ် နောက်တန်းက ညာခြမ်းရှိ ကောက်ထံ ကန်တင်ပေးသော ဘောလုံးကို ကောက်က အဒမ်နှင့် အပေးအယူ လုပ်ပြီးနောက် ထောင့်ဖြတ် အပြင်း ကန်သွင်းသွားပြီးနောက် လီဗာပူးလ်တို့ အဝေးကွင်းတွင် (၃)ဂိုးသွင်းပြီး (၃)မှတ် ရယူနိုင်ခဲ့သည်။
No comments:
Post a Comment