napoli 3-1chelsea
နာပိုလီ အသင်းကို ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ သော်လည်း တောင်အမေရိက တိုက်စစ် အတွဲကို မထိန်းနိုင်သဖြင့် ချယ်လ်ဆီးတို့ အဝေးကွင်းတွင် အရေးနိမ့်ခဲ့ သလို မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ် အနေနှင့်လည်း ဖိအား ပိုတိုးလာပြီ ဖြစ်သည်။
အိမ်ရှင် နာပိုလီသည် တိုက်စစ်တွင် တောင်အမေရိက အတွဲဖြစ်သည့် အီဒင်ဆန် ကာဗာနီနှင့် အက်ဇ်ကွီရယ်လ် လာဗက်ဇီတို့ နှစ်ဦးကို တင်ထားပြီး မာရက်ခ်ဟမ်ဆစ်ခ်၊ ဂေါ့ခ်ဟန် အင်လာ၊ ခရစ္စတီယန် မက်ဂီယို၊ ပေါ်လို ကန်နဗာရို အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့သည်။ ချယ်လ်ဆီးတွင် ပွဲမတိုင်မီ ကတည်းက ကြိုတင် ကြေညာထား သကဲ့သို့ အသင်းခေါင်းဆောင် ဂျွန်တယ်ရီ မပါဝင်နိုင်ဘဲ ဒီဒီရာ ဒရော့ဂ်ဘာက တိုက်စစ်မြားဦးကို ဦးဆောင်ကာ ဂျူအန်မာတာ၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ၊ ရောလ်မီရာလက်စ်၊ ရာမီရက်စ်၊ ဂယ်ရီကာဟေးလ်၊ ဒေးဗစ် လူးဝစ်ဇ်တို့ ပါဝင် ကစားသွားသည်။
ယခုပွဲတွင် အာဂျင်တီးနား လက်ရွေးစင် လာဗက်ဇီနှင့် ဥရုဂွေး လက်ရွေးစင် ကာဗာနီတို့ အချိတ်အဆက် မိမိဖြင့် ချယ်လ်ဆီး အသင်း၏ ခံစစ်ကြောင်းကို ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ပွဲစပြီး (၉)မိနစ်တွင် လာဗက်ဇီ ခင်းပေးသော ဘောလုံးကို ကာဗာနီ ဂိုးသွင်းရန် ကြိုးစားသော်လည်း ချယ်လ်ဆီး ဂိုးသမား ပီတာဆက်ခ်ျ ကာကွယ်ခဲ့သည်။ (၁၃)မိနစ်တွင် ရာမီရက်စ်၏ အမှားမှ တစ်ဆင့် ကာဗာနီ ထိုးဖောက်လာ သော်လည်း လူကျွံဘော အဖြစ် သတ်မှတ် ခံခဲ့ရသည်။ (၁၈)မိနစ်တွင် နာပိုလီ ဂိုးသမား မော်ဂန် ဒီဆန်းတစ်၏ ဆုံးဖြတ်ချက် မပြတ်သားမှုမှ တစ်ဆင့် ဖလော်ရင့် မာလူဒါ ဂိုးသွင်းနိုင်လုလု ဖြစ်ခဲ့သော်လည်း ဟူဂို အာမန်ဒို ကမ်ပက်ဂ်နာရိုက ရှင်းထုတ် သွားခဲ့သည်။ ချက်ချင်းလိုလိုပင် မက်ဂီယို ထိုးဖောက်လာပြီး ဖြတ်ပို့သည့် ဘောလုံးကို ဆက်ခ်ျက ပုတ်ထုတ် ခဲ့ရသည်။ (၂၆)မိနစ်တွင် မက်ဂီယို ကန်တင်ပေးသော ဘောလုံးမှ တစ်ဆင့် ကာဗာနီ ခေါင်းတိုက်ချက် လွဲချော် ခဲ့ပြန်သည်။ နောက်(၁)မိနစ် အကြာတွင် ချယ်လ်ဆီးတို့ ဂိုးစရခဲ့သည်။ စတားရစ်ဂ်ျ ဧရိယာထဲ ကန်ပို့သော ဘောလုံးကို ကင်နဗာရို ဖျက်ပုံ အားနည်းသဖြင့် မာတာ၏ ပြေးလမ်းထဲ ရောက်သွားရာ စပိန်သားက ဒီဆန်တစ်နှင့် တစ်ဦးချင်း အတွေ့တွင် သပ်သပ်ရပ်ရပ် ကန်သွင်းသွားသည်။
(၃၆)မိနစ်တွင် မာတာ၏ ထောင့်ကန်ဘောကို လူးဝစ်ဇ် ခေါင်းတိုက်ချက် ဘားတန်းကျော်သွားပြန်သည်။ (၃၈)မိနစ်တွင် နာပိုလီအသင်း ချေပဂိုး ပြန်သွင်းသည်။ ဘယ်ခြမ်းမှ ကာဗာနီ ပေးပို့သော ဘောလုံးကို ဘီးကုပ်ထိပ်တွင် လာဗက်ဇီက ဆွဲယူပြီး ဆက်ခ်ျ၏ ဘယ်ထောင့်ထဲသို့ ကန်သွင်း သွားခဲ့သည်။ (၄၁)မိနစ်တွင် ချယ်လ်ဆီး ကွင်းလယ်လူ ရာမီရက်စ် ဆွဲပြေးပြီး ဂိုးသွင်းရန် ကြိုးစားမှုသည်လည်း ဂိုးဘားတန်းပေါ် ကျော်ခဲ့ပြန်သည်။ ပထမပိုင်းပြီးခါနီး အပိုဆောင်းချိန် ဒုတိမြောက် မိနစ်တွင် အိမ်ရှင်တို့ ပွဲကို တစ်ကျော့ပြန် ဦးဆောင်ခဲ့သည်။ အင်လာ ပေးပို့သော ဘောလုံးကို ချယ်လ်ဆီး နောက်ခံလူများနောက်မှ ပါးနပ်စွာ ဖြတ်ထွက်လာသည့် ကာဗာနီက ပခုံးဖြင့်တိုက်ကာ ဂိုးသွင်းယူသွားပြီးနောက် ပထမပိုင်း အပြီးတွင် နာပိုလီက (၂-၁)ဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ပြီးနောက် ချယ်လ်ဆီးသည် နာပိုလီဘက် ချေပဂိုးသွင်းရန် ပိုမို ကြိုးစားသော်လည်း အရာမထင် ဖြစ်နေခဲ့သည်။ (၅၁)မိနစ်တွင် မာလူဒါ လှမ်းကန်သော ဘောလုံးကို ဒီဆန်တစ် ကာကွယ်ခဲ့သည်။ (၅၅)မိနစ်တွင် ကာဟေးလ်၏ အမှားမှတစ်ဆင့် ကာဗာနီ ဘောလုံးရပြီး လှမ်းခင်း ပေးလိုက်ရာ လာဗက်ဇီ ကန်ခွင့်ရသော်လည်း ဂိုးဘေးထွက်သွား သဖြင့် အိမ်ရှင်အသင်း နစ်နာခဲ့ရသည်။ (၆၁)မိနစ်တွင် ဒရော့ဂ်ဘာ၏ တိုးအားဖြင့် နာပိုလီ ခံစစ်သမား နှစ်ဦးကို ကျော်ဖြတ်ခဲ့ သော်လည်း အဆုံးသတ် ဂိုးသွင်းရန် ကြိုးစားမှုမှာ တားဆီး ခံခဲ့ရသည်။ (၆၅)မိနစ်တွင် နာပိုလီတို့ နောက်တစ်ဂိုး ထပ်ရသွားသည်။ ကမ်ပက်ဂ်နာရို ကန်တင်ပေး လိုက်သော ဘောလုံးကို လူးဝစ်ဇ် မရှင်းထုတ်နိုင်မီ ကာဗာနီက တိုးအား ကောင်းကောင်းဖြင့် ရယူသွားပြီး ဆက်ခ်ျနှင့် အတွေ့တွင် ကိုယ်တိုင် မကန်ဘဲ ဂိုးရှေ့သို့ ချိုးပေးလိုက်ရာ လာဗက်ဇီက အမှားအယွင်း မရှိ သွင်းယူသွားခြင်း ဖြစ်သည်။ (၈၁)မိနစ်တွင် မက်ဂီယိုနှင့် ဟမ်ဆစ်ခ်တို့၏ တွဲလုံးဖြင့် ထိုးဖောက်မှုအား အက်ရှ်လေကိုးလ် ရှင်းထုတ်ခဲ့ရသည်။ နောက်ပိုင်းတွင် နာပိုလီသည် နောက်တန်း အထိုင်ကို အမှားအယွင်း မရှိအောင် ကာကွယ်ပြီး အိမ်ကွင်း၌ (၃-၁)ဖြင့်ပင် အနိုင်ယူကာ စတမ်းဖို့ဒ် ဘရစ်ဂ်ျတွင် ကစားမည့် ပွဲစဉ်အတွက် ခြေတစ်လှမ်း အသာစီး ယူနိုင်ခဲ့သည်။

ချန်ပီယံလိဂ် ရှုံးပွဲကြောင့် ဖိအားများ ထပ်တိုးရင်ဆိုင်ခဲ့ရသည့် ဘိုအာ့စ်

No comments:
Post a Comment