welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Tuesday, February 21, 2012

soccermyanmar

ပြီးခဲ့သည့် စနေနေ့က ယှဉ်ပြိုင် ကစားခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် အပတ်စဉ်(၇) ပွဲစဉ်များမှ ကွင်းလယ် ဒိုင်များ၏ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ ကလပ် အသင်းများမှ တာဝန်ရှိသူ အသီးသီးက ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါနေ့က အောင်ဆန်း၊ ပဒုမ္မာ၊ ပေါင်းလောင်း ကွင်းများတွင် ကစားခဲ့သည့် ပွဲစဉ် အသီးသီး၌ ဒိုင်၏ ဆုံးဖြတ်ချက် များနှင့် ပတ်သက်၍ အပြင်းပွားဖွယ် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ကာ ပွဲချိန်အတွင်း ပြင်းပြင်းထန်ထန် စောဒက တက်မှုများနှင့် ပွဲအပြီး ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာခဲ့သည်။ နေပြည်တော် အသင်း၏ အိမ်ကွင်းဖြစ်သည့် ပေါင်းလောင်းကွင်းတွင် ကစားခဲ့သည့်ပွဲစဉ်၌ ကွင်းလယ်ဒိုင် ဦးခင်မောင်ဝင်းက ဇေယျာရွှေမြေ အသင်းခေါင်းဆောင် ဇော်လင်းထွန်း မိမိ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်၍ ဆဲဆိုသည်ဟု ဆိုကာ  တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဇေယျာရွှေမြေ အသင်း မန်နေဂျာ ဦးမြင့်သိန်းက "လီယန်ဒရိုနဲ့ ပြဿနာဖြစ်တော့ ဇော်လင်းထွန်းကို အ၀ါပြတယ်။ ဘာလို့ဝါလဲ မေးတော့ '၀ါချင်လို့ ၀ါတယ်' ဆိုပြီးဖြေတယ်။ အဲဒီမှာ ဇော်လင်းထွန်းက မကျေမနပ်နဲ့ လှည့်ထွက်ပြီး ဆဲလိုက်တယ်။ ဒါကို ဒိုင်က သူ့ကိုဆဲတယ် ဆိုပြီး တိုက်ရိုက် အနီပြ လိုက်ပါတယ်။ ကစားသမားက သူ့ဖာသာသူ ပြောလိုက်တာပါ။ ဒိုင်ကိုပြောတာမှ မဟုတ်တာပဲ" ဟုဆိုသည်။ ကာယကံရှင်ဖြစ်သူ ဇော်လင်းထွန်းကမူ "နေပြည်တော် နံပါတ် (၁၀)က ကျွန်တော့်ကို တောက်လျှောက် ဆဲနေတာ။ မြန်မာလိုကို ဆဲတာ။ အဲဒါကြောင့် သူ့ကို လှည့်ပြီး ပြန်ဆဲလိုက်တာပါ။ ဒါကို ဒိုင်က သူ့ကိုဆဲတယ် ဆိုပြီး တိုက်ရိုက် အနီပြခဲ့တာပါ" ဟု ပြောကြားခဲ့သည်။

အဆိုပါ ပွဲစဉ်တွင် ပထမပိုင်း မိနစ် (၃၀)ခန့်၌ ဇေယျာရွှေမြေ အသင်း ရရှိခဲ့သည့် ဂိုးအား စည်းကြပ်ဒိုင်က လူကျွံသည်ဟု ငြင်းဆန် ခဲ့သေးကြောင်းလည်း သိရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ဦးမြင့်သိန်းကပင် "အဲဒီဂိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အဖွဲ့ချုပ်ကို သေချာပေါက် စာတင်မှာပါ။ အဲဒီ စည်းကြပ်ဒိုင်က ကျွန်တော့်ထက်တောင် အသက်ကြီး ပါသေးတယ်။ ဒီလိုလူမျိုးကို တာဝန် ပေးတာက ပွဲရဲ့ရလဒ်ကို ထိခိုက် စေပါတယ်" ဟု ဆိုသည်။ ဇော်လင်းထွန်း ကလည်း "မက်ဆီကိုပဲ ခေါ်ခေါ်၊ စီရော်နယ်လ်ဒို ကိုပဲ ခေါ်ခေါ် သူတို့က ပွဲအဖြေကို ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ ပွဲရဲ့ အနိုင်အရှုံး အဖြေကို သတ်မှတ်နိုင်တာ ဒိုင်တွေပဲ ရှိတယ်" ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

မက်ဆီကိုပဲ ခေါ်ခေါ်၊ စီရော်နယ်လ်ဒို ကိုပဲ ခေါ်ခေါ် သူတို့က ပွဲအဖြေကို ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ ပွဲရဲ့ အနိုင်အရှုံး အဖြေကို သတ်မှတ်နိုင်တာ ဒိုင်တွေပဲ ရှိတယ်...ထို့အတူ အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့သည့် ဟံသာဝတီ ယူနိုက်တက် (၃-၃) ကမ္ဘောဇ ပွဲစဉ်တွင် ဒိုင်၏ ဆုံးဖြတ်ချက် တစ်ရပ်အပေါ် ကမ္ဘောဇ ကစားသမားများ ပြင်းပြင်းထန်ထန် စောဒကတက် ခဲ့ကြသည်။ ပွဲချိန် (၂၂)မိနစ်တွင် ဟံသာဝတီ ယူနိုက်တက် ကစားသမား သူရိန်ထွန်း တစ်ကိုယ်တော် ထိုးဖောက်မှုအား ကမ္ဘောဇ နောက်ခံလူ ဟန်ဆန် ကာကွယ်ရာမှ ဒိုင်ဖြစ်သူ ဦးတင်ထွဋ်က အငြင်းပွားဖွယ် ပင်နယ်တီ သတ်မှတ်ပေးခဲ့သည်။ ချက်ချင်း ဆိုသလိုပင် ကမ္ဘောဇအသင်း ဂိုးသမား ကျော်ဇင်ထက်က ဒိုင်ဖြစ်သူထံ ပြေးလွှားကာ ကိုယ်ထိလက်ရောက် စောဒက တက်ခဲ့ပြီး ကွင်းအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ကျော်ဇင်ထက်၏ လုပ်ရပ်နှင့် ပတ်သက်၍ ကမ္ဘောဇအသင်း နည်းပြချုပ် ဦးသန်းထိုက်က "ကျော်ဇင်ထက် ငယ်သေးတော့ စိတ်လှုပ်ရှားပြီး လုပ်မိလိုက်တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း မနှစ်သက်ပါဘူး။ လေ့ကျင့်ရေးကွင်းမှာလည်း ကျွန်တော်တို့က ကစားသမားတွေကို သေချာမှာထားပြီးသားပါ။ ကျော်ဇင်ထက်က အရင်က ဒီလိုဖြစ်ခဲ့ဖူးတဲ့သူ မဟုတ်ပါဘူး။ စည်းကမ်းကောင်းတဲ့ ကစားသမားပါ" ဟု ပွဲအပြီးတွင် မှတ်ချက်ပြုခဲ့သည်။

မကွေးနှင့် ပဒုမ္မာကွင်းတွင် ကစားခဲ့သည့် ပွဲစဉ်တွင်မူ ဧရာဝတီယူနိုက်တက် နည်းပြအဖွဲ့သည် ဒိုင်ဖြစ်သူ ဦးဝင်းကျော်ဦး၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မကျေမနပ် စောဒက တက်ခဲ့ကြသည်။ ဧရာဝတီ ယူနိုက်တက် အသင်းသည် ၎င်းတို့ ရရှိသင့်သည့် ပင်နယ်တီများ အပါအ၀င် အရေးပါသည့် ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ မကျေမနပ် ပေါက်ကွဲခဲ့ကြပြီး ပွဲချိန်အတွင်း ဒိုင်ဖြစ်သူအား ယခုကဲ့သို့ စောဒက တက်ခဲ့ခြင်း ဖြစ်သည်။ ပွဲချိန် (၇၅)မိနစ်၌ မင်းမင်းသူ ပင်နယ်တီ ရရှိသင့်သည့် အခွင့်အရေးအား ပင်နယ်တီ သတ်မှတ်ပေးရန် ပျက်ကွက်ခဲ့ရာ အသင်း မန်နေဂျာ ဖြစ်သူ ဦးတင်မြင့်အောင်က စတုတ္ထဒိုင် ရှိရာနေရာအား ကျော်လွန်သည်အထိ ထွက်ကာ ပြင်းပြင်းထန်ထန် အော်ဟစ်စောဒက တက်ခဲ့သည်။ ၎င်းသည် ပထမပိုင်း အပြီးတွင်လည်း ကွင်းလယ်ဒိုင် ဖြစ်သူအား မကျေမနပ် ဝေဖန်မှုများ ပြုလုပ်ခဲ့သေးသည်။ ထို့အတူ နည်းပြချုပ်ဖြစ်သူ ဂျိုးဇက်ဟီရယ် မှာလည်း ကွင်းဘေးမှ နေ၍ ဒိုင်ဖြစ်သူအား ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။
ပြင်းပြင်းထန်ထန် စောဒကတက်ခဲ့သည့် ဧရာဝတီယူနိုက်တက် အုပ်ချုပ်သူ ဦးတင်မြင့်အောင်

ပွဲပြီးသတင်းစာ ရှင်းလင်းပွဲတွင် ဂျိုးဇက်ဟီရယ်က "ဒိုင်တွေနဲ့ ပတ်သက်လို့ ဝေဖန်ရင် ကျွန်တော်ပဲ အပြစ်ပေး ခံရမှာပေါ့။ ဒါပေမဲ့ ကျွန်တော့် အမြင်မှာတော့ ဒိုင်မှားခဲ့ပါတယ်။ ဧရာဝတီ ယူနိုက်တက်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်အများစု မှားခဲ့ပါတယ်။ ဒိုင်တွေ ဒီနေ့မှားတာ အားလုံး အတွေ့ပါပဲ။ သူတို့ဟာ ရာနှုန်းပြည့် မှားတယ်လို့ မဟုတ်ပါဘူး။ ၂၀၀% လောက် မှားပါတယ်" ဟု ပြောကြားခဲ့သည်။ အသင်းမန်နေဂျာ ဦးတင်မြင့်အောင်ကမူ ဒိုင်များ၏ဆုံးဖြတ်ချက်များ အပေါ် နားမလည်နိုင် ဖြစ်နေကြောင်း ဖွင့်ဟခဲ့ကာ မည်သို့မှ ဝေဖန်ချင်စိတ် မရှိကြောင်း ပြောကြားသွားသည်။

ဒိုင်ဖြစ်သူများ၏ ဆုံးဖြတ်ချက် များနှင့် ပတ်သက်၍ ဇေယျာရွှေမြေ အသင်း အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဦးသန်းဇော်ကလည်း "ဘောလုံးနဲ့ပတ်သက်ပြီး ၀င်ငွေမရဘဲ တောက်လျှောက် စိတ်ဆင်းရဲ နေရတယ်။ ရလဒ်ပြောင်းလို့ မရမှန်းတော့ သိပါတယ်။ တော်တော်လေး စိတ်ညစ်နေပြီ။ သူ့ကွင်းမှာ သူညစ်၊ ကိုယ့်ကွင်းမှာ ကိုယ်က ပြန်ညစ်၊ သံသရာက လည်နေပြီ။ ကောင်းစရာက မရှိတော့ဘူး။ ဘောလုံးလောက တိုးတက်ဖို့ လုပ်နေကြတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ကူညီသင့်ပါတယ်။ ဒိုင်တွေနဲ့ ပတ်သက်ပြီး တိုးတက်အောင်လည်း လုပ်ပေးသင့်ပါတယ်" ဟု ညည်းတွား ပြောကြား သွားခဲ့သည်။

မှတ်ချက်။ ။ Soccer Myanmar ဂျာနယ် Vol.1 No.20 စာမျက်နှာ (၂၁)ပါ သတင်းအား ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။

No comments:

Post a Comment