
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက် တာမွေပလာဇာအနီး ကျိုက္ကဆံလမ်း ပေါ်ရှိ နေအိမ်တစ်အိမ်၌ မီးဖို မီးကြွင်း မီးကျန်ကြောင့် မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယင်းနေ့နံနက် ၉ နာရီတွင် ကျိုက္ကဆံလမ်း အိမ်အမှတ် ၃၆၉ တွင် မီးဖိုမီးကြွင်း မီးကျန်ထားခဲ့ ရာမှ တစ်ဆင့် ကူးစက်လောင် ကျွမ်းခြင်းဖြစ်သည်ဟု မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ် ၃၄ စီးဖြင့် ဝိုင်းဝန်းငြှိမ်း သတ်မှုကြောင့် နံနက် ၉ နာရီ မိနစ် ၄ဝ တွင် လုံးဝမီးငြိမ်းသွား ခဲ့သော်လည်း အိမ်ရှစ်လုံးမှာ ပျက်စီးသွားခဲ့ကြောင်း မျက်မြင် များ၏ ပြောပြချက်အရ သိရသည်။ ”မီးလောင်တဲ့နေရာကို ရောက် သွားတဲ့အချိန်မှာ မီးကတော်တော် များနေတဲ့အပြင် အိမ်တွေကလည်း ဆက်နေတဲ့အတွက် မီးကူးစက်တာ မြန်ပြီး မီးလောင်မှုကြောင့် အိမ်လေး လုံးကတော့ လုံးဝ ပျက်စီးသွားပြီး မီးလောင်မှု ကြီးသွားတာပဲ။ လောင် တဲ့နေရာကလည်း မီးသတ်ကား ဝင်လို့မရဘူး။ ကျန်တဲ့ အိမ်လေးလုံး က တစ်ခြမ်းစီ မီးထဲပါသွားတယ်။ ဆုံးရှုံးမှုတန်ဖိုး တွက်ကြည့်တဲ့ အခါ စုစုပေါင်းခန့်မှန်း ၂၄ သိန်းလောက် ဆုံးရှုံးခဲ့တယ်”ဟု မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောသည်။ ၄င်းမီးလောင်မှုကြောင့် အိမ် ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦး မီးဘေးဒုက္ခရောက်ခဲ့ရပြီး သက်ဆိုင်ရာ တာမွေဓမ္မာရုံတွင် ကယ်ဆယ် ရေးစခန်း ဖွင့်လှစ်ထားသည်ဟု မီးဘေးဒုက္ခသည် တစ်ဦးကပြောသည်။ ”မီးစလောင်တော့ အထဲမှာ လှိုက်လောင်ပြီးအပြင်ကို မီးတောက်က မထွက်တော့ မီးလောင်နေမှန်း မသိသာဘူး။ အစ်မက အဲဒီအချိန် တာမွေဈေးထဲမှာ ဈေးရောင်းနေ တာ။ မီးလောင် တယ်ဆိုပြီး လာ ခေါ်တော့ နောက်တယ်ပဲ ထင်နေတာ။ နောက်တော့ မီးတောက် တက်လာတာ မြင်ရတော့မှ အိမ် ကို အမြန်ပြန်ပြေးတာ အိမ်ရောက် တော့ အိမ်က မီးထဲပါသွားပြီ။ မီးသတ်ကားတွေ ရောက်လာတာမြန်လို့ တခြား အိမ်တွေနဲ့ ဆိုင်တွေကိုမကူးတာ။ ဘေးပတ်ပတ်လည်မှာကလည်း သင်္ဘော ဆေးဆိုင်တွေ၊ သစ်ဆိုင် တွေရှိ တဲ့အတွက် မီးကူးသွားရင်တော့ မလွယ်ဘူး” ဟု ၄င်းက ဆို သည်။ မီးလောင်မှုနှင့် ပတ်သက်၍ တာမွေရဲစခန်းမှ အိမ်ရှင်ဖြစ်သူ အား ပ-၁၄၅/ ၂ဝ၁၂ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား သည်။
No comments:
Post a Comment