စပါးအသင်းသည် ချန်ပီယံဆုစိန်ခေါ်နိုင့်သည့်အသင်းဖြစ်နေပြီဟု ဖာဂူဆန်ချီးကျူး
တော့တင်ဟမ် ဟော့စပါး အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ရယူနိုင်လောက်အောင် တည်ငြိမ် တောင့်တင်း နေပြီဟု မန်ချက်စတာ ယူနိုက်တက် အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ချီးကျူးခဲ့သည်။
စပါးသည် မန်နေဂျာ ဟယ်ရီရက်နပ်၏ ဦးဆောင်မှု အောက်တွင် ယခုနှစ် ပရီးမီးယားလိဂ်ကို အကောင်းဆုံး ဖြတ်သန်း ယှဉ်ပြိုင်နေပြီး အာဆင်နယ်၊ ချယ်လ်ဆီးနှင့် လီဗာပူးလ်တို့ ကဲ့သို့ ထိပ်သီးများကို ကျော်ကာ အမှတ်ပေး ဇယား တတိယ နေရာတွင် ရပ်တည်လျက် ရှိသည်။ စပါးသည် အမှတ်ပေး ဇယား ဦးဆောင်သူ မန်ချက်စတာ နှစ်သင်းနှင့် (၇)မှတ် ပြတ်နေဆဲ ဖြစ်သော်လည်း လက်ထဲတွင် ပွဲကျန်(၁)ပွဲ ရှိနေသေးသည်။ ယခုခြေစွမ်း အတိုင်း ဆက်သွားနေပါက စပါးသည် ချန်ပီယံဆုကို မျှော်လင့်ခွင့် ရှိနေမည်ဟု ဖာဂူဆန်က အသိအမှတ်ပြု ချီးကျူးခဲ့သည်။
“စပါးဟာ တကယ့်ကို ချန်ပီယံဆု ရနိုင်လောက်ပါတယ်။ သူတို့ဟာ အကောင်းဆုံး ကစားပုံ ရနေပြီး အင်္ဂလန်မှာ လောလောဆယ် အကောင်းဆုံး ပုံစံ ဖြစ်နေတယ်လို့ ကျွန်တော်ထင်တယ်” ဟု ပရီးမီးယားလိဂ် ဆုဖလား (၁၂)ကြိမ်ရအောင် မန်ယူအား ဦးဆောင်ခဲ့သည့် မန်နေဂျာကြီးက ဆိုသည်။ ယနေ့တွင် အသက်(၇၀) တင်းတင်းပြည့်သော ဖာဂူဆန်က စပါးနှင့် ၀ှိုက်ဟတ်လိန်းတွင် ကစားရမည့် ပွဲသည် မန်ယူအတွက် ချန်ပီယံ ဆုရရေး အတွက် အလွန် အရေးပါမည်ဟု ခန့်မှန်းခဲ့သည်။ “ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့အသင်း ပုံစံကောင်းတော့ ပြန်ရနေပါပြီ။ အထူးသဖြင့် အိမ်ကွင်း ပွဲစဉ်တွေမှာ ကျွန်တော်တို့ ခြေစွမ်း ပြန်တက်လာပါပြီ။ မိုက်ကယ်ကာရစ်ရဲ့ လက်ရှိပုံစံက သိပ်အရေးကြီးပါတယ်။ သူဟာ ဘောလုံးကို ကောင်းကောင်း ဖြန့်ဝေနိုင်သလို အတွေ့အကြုံ၊ မြန်နှုန်းတွေနဲ့ အသင်းကို အထောက်အကူ ပြုပါတယ်” ဟု ဖာဂူဆန်က ပြောကြားသွားသည်။
No comments:
Post a Comment