welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Wednesday, January 11, 2012

အဲဗာတန်ကို အနိုင်ယူပြီး ချန်ပီယံပြေးလမ်းပေါ်ရောက်လာတဲ့စပါး(soccermyanmar)

စပါး 2 - 0 အဲဗာတန်
 ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်ကို အနိုင် ကစားပြီးနောက် တော့တင်ဟမ် ဟော့စပါး၏ ချန်ပီယံ ပြေးလမ်းသည် ပိုမိုထင်ရှား ပီပြင်လာပြီ ဖြစ်သည်။

စပါးသည် အိမ်ကွင်း ၀ှိုက်ဟတ်လိန်းတွင် အဲဗာတန်အား (၂-၀)ဖြင့် အနိုင်ရပြီးနောက် အမှတ်ပေး ဇယားတွင် မန်ချက်စတာ ယူနိုက်တက်နှင့် အမှတ် တူလာကာ တတိယ နေရာတွင် ရပ်တည်နေသည်။ ၎င်းတို့သည် ဇယားထိပ်ဆုံး မန်ချက်စတာ စီးတီးထက် (၃)မှတ်သာ လျော့သည့် အခြေအနေဖြင့် ဖိအား ပေးလာခဲ့သည်။ စပါးသည် ယခုပွဲကို အနိုင် ကစားရန် အတွက် လူစုံတက်စုံ ပွဲထုတ် ခင်းကျင်းလာခဲ့သည်။ တိုက်စစ်တွင် အီမန်နျူရယ်လ် အဒီဘာယောနှင့် ရာဖေးလ်ဗန်ဒါဗတ်တို့ တွဲကစားကာ အေရွန်လင်နွန်၊ လူကာမိုဒရစ်နှင့် ဂါရတ်သ်ဘေးလ်တို့က ကွင်းလယ်မှ ပံ့ပိုးခဲ့သည်။ နောက်တန်းတွင် မိုက်ကယ်ဒေါ်ဆင်၊ ယိုနက်စ်ကာဘူးလ်တို့ အပြင် ယခုပွဲ၏ သူရဲကောင်း ဖြစ်သူ ဘန်နွိုက် အဆူ အီကော်တိုပါ ပါဝင်ခဲ့သည်။ အဲဗာတန်တွင် လူးဝစ်ဆာဟာ၊ ဗစ်တာ အနီချီဘီ၊ မော်ရိုဖယ်လိုင်နီ၊ တင်မ်ကာဟေးလ်၊ လေတန်ဘိန်းစ်၊ ဖီးလ်နဗီးလ်စသည့် အဓိက ကစားသမားများ ပါဝင်လာကာ စပါးကို တုံ့ပြန်ရန် ကြိုးစားခဲ့သည်။
အောင်ပွဲခံနေကြသည့် စပါး အသင်းသားများ

ပွဲအစ (၂)မိနစ်တွင် အဲဗာတန် တိုက်စစ်မှူး ဆာဟာက လန်ဒန်ဒိုနိုဗန်၏ ပေးပို့မှုကို အဆုံးသတ်ရန် ကြိုးစားခဲ့သော်လည်း ဂိုးပေါက် လွဲချော်ခဲ့သည်။ (၂၅)မိနစ်တွင် ဘေးလ်က အဲဗာတန် နောက်ခံလူ ဘိန်းစ်ကို ကျော်ဖြတ်ကာ ပေးပို့သော ဘောလုံးကို အဒီဘာယော အသုံးမချနိုင်ခဲ့ပြန်ချေ။ (၂၈)မိနစ်တွင် အဒီဘာယောကို အဲဗာတန် နောက်ခံလူ ဆီလ်ဗိန်း ဒစ္စတင် တားဆီးမှုကို ဒိုင်က ပင်နယ်တီ မပေးခဲ့ချေ။ နောက်ထပ်(၂)မိနစ် အတွင်း အဲဗာတန် ဂိုးဧရိယာထဲ၌ စပါး ကွင်းလယ်လူ မိုဒရစ်ကို ကာဟေးလ်က နောက်မှ ဆွဲထားခဲ့သည်ကိုလည်း ဒိုင်က မျက်ကွယ် ပြုခဲ့ပြန်သည်။ (၃၃)မိနစ်တွင် မိုဒရစ် ပေးပို့သော ဘောလုံးကို ဗန်ဒါဗတ်က အဝေး ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းသော်လည်း ဂိုးဘားတန်း ကျော်သွားသည်။ (၃၅)မိနစ်တွင် စပါးတို့ အဖွင့်ဂိုးကို ထိုက်တန်စွာ ရရှိသွားသည်။ စပါးဂိုးဘက် ဘယ်ခြမ်းတွင် ဘေးလ်နှင့် အပေးအယူ လုပ်ပြီးနောက် အီကော်တို ကန်တင်ပေးလိုက်သော ဘောလုံးကို စပါးညာတောင်ပံ ကစားသမား လင်နွန်က ဘိန်းစ်အား ကျော်ဖြတ် ရယူကာ ဧရိယာအတွင်း ဆွဲယူလာပြီး ဂိုးသမား တင်မ်ဟောင်းဝပ်၏ ဘယ်ဘက်နံဘေးသို့ လှိမ့်ဘော ကန်သွင်းသွားသည်။ အဆိုပါဂိုးသည် လင်နွန်၏ ပါးနပ်မှုနှင့် တစ်ကိုယ်တော် ခြေစွမ်းတို့ကြောင့် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ထိုဂိုးဖြင့်ပင် စပါးက ပထမပိုင်း အပြီးတွင် (၁-၀)ဖြင့် ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း စပါးက အဲဗာတန်ကို ဆက်လက် ဖိအားပေး တိုက်စစ်ဆင်ခဲ့သည်။ မိနစ်(၅၀)တွင် တောင်ပံကြော တစ်လျှောက် ဘေးလ်က ဆွဲယူပြီး အတွင်းသို့ ချိုးဝင်ကာ ကန်သွင်းသော ဘောလုံးကို ဟောင်းဝပ် ကာကွယ် ခဲ့ရသည်။ (၆၃)မိနစ်တွင် စပါးတို့ ဒုတိယဂိုး ရသွားခဲ့သည်။ ဗန်ဒါဗတ်က နောက်ဘက်သို့ ပြန်ပေးထားသော ဘောလုံးကို ဘယ်နောက်ခံလူ အီကော်တို ရသွားပြီးနောက် ကိုက်(၃၀)ကျော် အကွာမှ လှပသော ဘယ်ခြေကန်ချက်ဖြင့် သွင်းယူခဲ့ခြင်းဖြစ်သည်။ အီကော်တိ၏ ကန်ချက်သည် ကာဟေးလ်နှင့် ထိခဲ့ပြီး အတန်ငယ် လည်ထွက် သွားသော်လည်း ပစ်မှတ်ကို တိတိကျကျ ထိမှန်ပြီး ဟောင်းဝပ် မည်သို့မျှ မတားဆီးနိုင်ခဲ့ချေ။ နောက်ပိုင်းတွင် စပါးက (၃)မှတ် သေချာရေးကိုသာ အလေးထားပြီး ခံစစ်ကို အဓိက အာရုံစိုက်လာခဲ့သည်။ (၈၂)မိနစ်တွင် အဲဗာတန် အသင်းမှ ရွိုင်စတန် ဒရန်သီကို ဧရိယာထဲတွင် ကာဘူးလ်က လှဲချခဲ့သော်လည်း ဒိုင်က ပင်နယ်တီ ပေးရန် ငြင်းခဲ့ပြန်သည်။ ပွဲအပြီးတွင်မူ စပါးတို့ (၃)မှတ်အပြည့် ရယူကာ အမှတ်ပေး ဇယား ထိပ်ဆုံးမှ မန်ချက်စတာ နှစ်သင်းကို အမှန်တကယ် အခြိမ်းခြောက်နိုင်ဆုံး အသင်းအဖြစ် ပီပီပြင်ပြင် ရပ်တည် လာနိုင်ခဲ့သည်။

No comments:

Post a Comment