
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက ကြော်ငြာဘုရင်မဟု တင်စားနိုင်သူ (သို့မဟုတ်) ရိုက်ရက်ကျပ်နေသည့် မင်းသမီးများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် သရုပ်ဆောင် ၀တ်မှုံရွှေရည် ပင်ဖြစ်သည်။ ကြော်ငြာများတွင်သာ သီးသန့်တွေ့မြင်လာခဲ့ရာမှ ဇာတ်ကားများ လက်ခံရိုက်ကူးချိန်တွင် ကြိုးစားသရုပ်ဆောင်လာသူ ၀တ်မှုံရွှေရည်က ၂၀၁၂ ခုနှစ်၏ နှစ်ဆန်းပိုင်းတွင် တစ်မူထူးခြားသည့် ဇာတ်ကောင်စရိုက်နှင့် ‘နင်စေရင်’ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ထားခဲ့သည်။ ဖေဖော်ဝါရီလတွင် ရိုက်ကူးမည့် ‘သနပ်ခါး’ ဒီဗီဒီ ဇာတ်ကားတွင်လည်း အသက်ထက်ဝက်ခန့် ကွာသူကို လက်ထပ်ယူမိပြီး နောက် ခင်ပွန်း၏ တူအရင်းကို ချစ်မိခဲ့သည့် အိမ်ထောင်သည် ၀တ်မှုံ၏ဇာတ်ကောင်စရိုက်နှင့် ပါဝင်သရုပ်ဆောင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဖန်စီဇာတ်ကောင် စရိုက်များနှင့်မတူ ကွဲပြားသည့် ဇာတ်ကောင်စရိုက်များအတွက် ၂၀၁၂ ခုနှစ်ကို ပြင်ဆင်ထားပါသည်ဟု ပြောကြားလာခဲ့သည့် ၀တ်မှုံရွှေရည်၏ အနုပညာအရေး ကြိုတင်ပြင်ဆင်မှုများကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ ၂၀၁၂ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနုပညာ လှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။
ဖြေ ။ ကြိုပြီးစီစဉ်ထားတာကတော့ ကားရိုက်တာလေးတွေကို ခုနစ်လပိုင်း ရှစ်လပိုင်းလောက်အထိ သေချာစီစဉ်ထားပြီးပြီ။ သူ့ schedule အတိုင်း ပဲပေါ့လေ။ ရုပ်ရှင်ကားကြီး၊ ဒီဗီဒီ၊ ကြော်ငြာ၊ ဗီဒီယိုရိုက်မယ့်ရက် လေးတွေကိုရော နားမယ့်ရက်တွေပါ သေချာလေးစီစဉ်ထားတယ်။
မေး ။ ၂၀၁၁ ခုနှစ်ထဲမှာထွက်ခဲ့တဲ့ ကားလေး တွေကလည်း အတိုင်းအတာတစ်ခုထိ ပရိသတ် ကြားပျံ့နှံ့ခဲ့တယ်ဆိုတော့ အခုနှစ်အတွက် ရိုက်မယ့်ကားတွေက ပိုပြီးတာဝန်ကြီးမလား။
ဖြေ ။ ကစ်လုပ်ဖြစ်တဲ့ အလုပ်တိုင်းကို ပြန်ချိန်ညှိဖြစ်ပါတယ်။ အခုလည်း ကစ်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ အားနည်းချက် အားသာချက်တွေကို ချိန်ညှိပြီးတော့ ပြုပြင်သွားမှာပါ။ ကစ်တတ်နိုင်တဲ့ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မေး ။ ဇာတ်ကားရိုက်ရက်နဲ့ ပတ်သက်လို့ ဘယ်လိုညှိဖြစ်လဲ။
ဖြေ ။ ဇာတ်ကားရိုက်ရက်ကတော့ ဒါရိုက်တာအပေါ် မူတည်ပါတယ်။ ဒါရိုက်တာတောင်းတဲ့ အတိုင်းအတာပေါ်မှာ ပေးရတာပေါ့လေ။ ဒါရိုက်တာလိုချင်တဲ့အပေါ် ညှိပြီး ပေးရတာပေါ့လေ။ အခုဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးနဲ့ ရိုက်မယ့်ကားဆို ဇာတ်လမ်းရဲ့လိုအပ်ချက်အရ ရိုက်ရက်ပိုတောင်းတယ်။ ကစ်ကလည်း တတ်နိုင်သလောက် ပေးဖြစ်ပါတယ်။
မေး ။ ဇာတ်ကားရိုက်ဖို့ ဇာတ်လမ်းရွေးတာ ကရော ကိုယ်တိုင်ပဲ ဆုံးဖြတ်ထားတာလား။
ဖြေ ။ ကစ်ကစ်မေမေကိုလည်း တိုင်ပင်ဖြစ်ပါတယ်။ ကစ်အနားမှာရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လည်းတိုင်ပင် ဖြစ်ပါတယ်။ တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေက မရိုက်နဲ့ လို့ တားနေကြပေမယ့် ကစ်ကိုယ်တိုင်က အရမ်းရိုက်ချင်နေတဲ့အတွက် စိတ်အလိုလိုက်ပြီး ရိုက်ဖြစ်သွားတဲ့ ကားလေးတွေလည်း ရှိတယ်။
မေး ။ ထူးခြားတဲ့ ကာရိုက်တာလေး လုပ်ခွင့်ရတဲ့ နင်စေရင်ဇာတ်ကားကိုရော အခုရိုက်ပြီးသွားတဲ့အချိန်မှာ ကျေနပ်လား။
ဖြေ ။ ကစ် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ဒါပေမယ့် စိုးရိမ်စိတ်တော့ရှိတယ်။ ပြန်မကြည့်ရဲသေးဘူး။ ကစ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုး၊ ဇာတ်ကားမျိုးဖြစ်တဲ့အတွက် ပိုသွားမလား၊ လိုသွားမလား ဆိုတဲ့စိုးရိမ်စိတ်တော့ဖြစ်မိပါ တယ်။ ဒါရိုက်တာကိုဝိုင်းလည်း အကောင်းဆုံး ကြိုးစားထား သလို ကစ်တို့သရုပ်ဆောင်တွေ ဘက်ကလည်း ကြိုးစားထားတဲ့အတွက် ကောင်းတဲ့ရလဒ်တွေတော့ ရလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီကားကို အခုမှရိုက်တယ်ဆိုပေမယ့် ပရိသတ် တွေကသိကြတယ်၊ စိတ်ဝင်စားကြ တာကိုသိရတယ်။
မေး ။ အခုရိုက်မယ့် သနပ်ခါးဆိုတဲ့ ဇာတ်ကား အတွက်ရော ဘာတွေကြိုပြီးပြင်ဆင်ထားလဲ။
ဖြေ ။ အဲဒီကားအတွက်က ဒါရိုက်တာနဲ့လည်း ကြိုပြီးစကားပြောဖြစ်တယ်။ ဒါရိုက်တာဘက်က ဖြစ်ချင် တာရော၊ ကစ်ဘက်က လိုချင်တာလေးတွေရော ကြိုပြီးညှိကြတယ်။ ဇာတ်လမ်းပေါ်မှာ စိတ်ကိုတော့ကြိုပြီး ထည့်ထားပြီးပြီပေါ့လေ။ ဇာတ်လမ်း ကို နှစ်ခေါက်ဖတ်ပြီးပြီ။ မရိုက်ခင်အထိတော့ ဖတ်ရမှာပေါ့လေ။ အ၀တ်အစားပိုင်းတွေကတော့ ကြိုပြီးမပြင် ရသေးဘူး။ ဇာတ်လမ်းအပေါ်မှာ ဘယ်လိုလေး ပြင်ဆင်ရမလဲ၊ဘယ်လိုလေးသရုပ်ဆောင်ရမလဲ၊ ဘယ်လိုလေး စိတ်သွင်းရမလဲဆိုတာတော့ စိတ်ထဲမှာ စဉ်းစားနေပါပြီ။ ဒီဇာတ် ကားလေးက ဇာတ်လေးစဖတ်ကတည်းက ကို ကစ်ကစ်ရိုက်ချင်တဲ့စိတ် လှိုက်လှိုက်လှဲလှဲလေး ဖြစ်တယ်ပေါ့လေ။ ကိုယ့်ဆီ ရောက်လာတဲ့ဇာတ်က ကိုယ့်စိတ်နဲ့ထပ်တူကျဖို့ ဆိုတာမလွယ် ဘူးလေ။ ဒီကားလေးကတော့ ကစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုရမှာပါ။
မေး ။ ကြော်ငြာတွေရိုက်ရတာ များတဲ့အခါ ကျတော့ presentation ပိုင်းကွဲပြားအောင် ဘယ်လိုစိတ်ကူးထားလဲ။
ဖြေ ။ အဓိကတော့ ပရိသတ် အကြိုက်ကို စဉ်းစားရတာပေါ့လေ။ ပရိသတ်က ဘယ်လိုပုံစံမျိုးတွေ လက်ခံနေလဲ၊ ကြိုက်နေလဲဆိုတာလေးအပေါ် အခြေခံပြီး စဉ်းစားရပါ တယ်။ ကစ်အနေနဲ့ လက်ရှိလုပ်နေတဲ့ပုံစံမျိုးထဲက သိပ်အများကြီး ကွဲထွက်သွားလို့လည်း မရဘူးလေ။ ကြော်ငြာမယ့်ကုန်ပစ္စည်း၊ ပုံစံအပေါ် မူတည်ပြီး နည်းနည်းချင်း စဉ်းစားရတာပေါ့။ ဒီနှစ်မှာတော့ ကြော်ငြာရိုက်ကူးမှု အပိုင်းမှာလည်း နည်းနည်း ပြောင်းဖို့တော့ စိတ်ကူးရှိပါတယ်။
မေး ။ ပရိသတ်ကပေးတဲ့ နေရာတစ်ခုရထားတဲ့ အပေါ်မှာရောကျေနပ်လား။
ဖြေ ။ မရှက်တမ်းဝန်ခံရရင်တော့ ကျေနပ်ပါတယ်။ ကစ် ပွင့်ပွင့်လင်းလင်းပြောရရင် ပရိသတ်ရဲ့မေတ္တာကို အလိုချင်ဆုံးပါပဲ။ အမှန်အတိုင်း ပြောတာပါ။ ဘာနဲ့မှမတူဘူး။ ပရိသတ်ရဲ့မေတ္တာနဲ့ကိုယ့်အပေါ်ချစ်ခင် မှုကိုခံစားရတာက အရမ်းအေးချမ်းပါတယ်။ အဲဒီအတွက် အရမ်းလည်း ပျော်တယ်၊ ဂုဏ်လည်းယူပါတယ်။
မေး ။ အနုပညာနဲ့ ပတ်သက်လို့ ရှေ့ဆက်သွား မယ့် ရည်ရွယ်ချက်နဲ့ လမ်းကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ကစ်ကစ်အနုပညာနဲ့ ပတ်သက်လို့တော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကစ်ကစ်ကို ချစ်ရ ကျိုး၊ အားပေးရကျိုးနပ်အောင် ကြိုးစားသွားမယ်လို့လည်း ကတိပေးပါတယ်။ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာ ကိုလည်း အခုထက်ပိုပြီးရအောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
မေး ။ နှစ်သစ်ဆုတောင်း ပြောချင်တာရှိလား။
ဖြေ ။ အခုချိန်က ပရိသတ်တွေအားလုံး ပျော်ရွှင်စရာ စိတ်ချမ်းသာစရာတွေ ပိုင်ဆိုင်နေကြတဲ့ အချိန်လို့ ကစ်ကစ်ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မျှော်လင့်ချက်တွေပြည့်ဝပြီး ပျော်ရွှင် စရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။
No comments:
Post a Comment