FA ဖလား တတိယအဆင့် ပွဲစဉ် အားလုံးအနက် လူစိတ်ဝင်စားမှု အရှိဆုံး ဖြစ်သော မန်ချက်စတာ ဒါဘီတွင် မန်ယူက မန်စီးတီးအား အဝေးကွင်း အစ်တီဟတ်၌ အနိုင်ရရှိ သွားခဲ့သည်။
FA ဖလား လက်ရှိ ချန်ပီယံနှင့် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံတို့ ပွဲစဉ်သည် ပရိသတ်များ ကြိုတင် မျှော်လင့်သည့် အတိုင်း အကြိတ်အနယ် ဖြစ်ခဲ့ပြီး မန်ယူက တစ်ယောက်လျော့ မန်စီးတီးကို ပထမပိုင်း သွင်းဂိုးများကြောင့် အနိုင်ရရှိ သွားခြင်း ဖြစ်သည်။ မန်စီးတီးသည် ယာယာတိုရေးနှင့် ကိုလိုတိုရေး တို့ကို အာဖရိက ဖလားအတွက် လက်လွှတ်ထား ရခြင်းကြောင့် မာကျောမှုပိုင်း အတန်ငယ် အားနည်း သွားခဲ့သည်ကို တွေ့ရသည်။ နှစ်သင်းလုံး အရန် ဂိုးသမားများအား ပွဲထုတ်ခဲ့ပြီး မန်စီးတီး ဘက်တွင် ကော်စတယ်လ် ပန်တီလီမွန်၊ မန်ယူဘက်တွင် အန်းဒရက်စ် လင်ဒီဂါ့ဒ်တို့ ပါဝင်ခဲ့သည်။ မန်စီးတီးသည် ဆာဂျီယို အဂူရို တစ်ဦးတည်း ကိုသာ ရှေ့တင်ထားပြီး ဆမ်မီ နာဆရီ၊ ဒေးဗစ် ဆေးလ်ဗားတို့၏ ပံ့ပိုးမှုဖြင့် မန်ယူကို တိုက်စစ်ဆင်ခဲ့သည်။ ထို့အပြင် အဒမ်ဂျွန်ဆင်၊ နီဂယ်လ်ဒီဂျောင်၊ အလက်ဇန္ဒား ကိုလာရော့ဗ်၊ ဗင်းဆင့်ကွမ်ပနီစသည့် နာမည်ကျော် ကစားသမား များလည်း အိမ်ရှင်ဘက်မှ ပါဝင်ခဲ့သည်။ မန်ယူမှာမူ အဝေးကွင်းတွင် ဒန်နီဝဲလ်ဘက်ခ် တစ်ဦးတည်းကိုသာ တိုက်စစ်မြားဦး ထားကစားပြီး ၀ိန်းရွန်နီက ကွင်းလယ်မှ လူးဝစ်နာနီ၊ အန်တိုနီယို ဗလန်စီယာ၊ မိုက်ကယ် ကာရစ်၊ ရိုင်ယန်ဂစ်တို့နှင့် ချိတ်ဆက်ခဲ့သည်။ နောက်တန်းတွင် ၀ါရင့်များဖြစ်သည့် ရီယိုဖာဒီနန်နှင့် ပက်ထရစ် အီဗရာတို့ ဦးဆောင်ပြီး ခရစ်စမောလင်းနှင့် ဖီးလ်ဂျုံးစ်တို့ ပွဲထွက်လာကာ အရန်စာရင်းတွင် ဘောလုံးလောကမှ အနားယူထားပြီးဖြစ်သော ပေါလ်စခိုးလ် တစ်ကျော့ပြန် ပါဝင်လာသည်။
နှစ်သင်းလုံး ပွဲစကတည်းက အပြန်အလှန် ကစားခဲ့သော်လည်း တစ်သင်း၏အမှားကို တစ်သင်းစောင့်ကာ ထိုးဖောက်ခဲ့သည်။ ပွဲချိန်(၁၀)မိနစ်တွင် မန်ယူတို့ ဦးဆောင်ဂိုး စရသွားသည်။ ကွင်းလယ်မှ ရွန်နီက ညာခြမ်းမှ ဗလန်စီယာထံ ဘောလုံးထိုးပေးကာ ဂိုးရှေ့ပြေးတက် သွားပြီး ဗလန်စီယာ ဖြတ်ပို့သော ဘောလုံးကို ခေါင်းတိုက်ခဲ့ရာ ဂိုးဘားတန်းနှင့် ထိပြီး ဂိုးဝင်သွားခဲ့သည်။ ဂိုးစရပြီးနောက် မန်ယူသည် ပိုမိုတိုက်စစ်မြှင့် ကစားသဖြင့် မန်စီးတီး ခံစစ်ကြောင်း ဖိအားဝင်ခဲ့သည်။ (၁၂)မိနစ်တွင် နာနီကို ခြေစုံပစ်ဝင် ဖျက်ထုတ်သော မန်စီးတီး အသင်းခေါင်းဆောင် ကွမ်ပနီကို ဒိုင်လူကြီး ခရစ်ဖွိုင်းက တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခဲ့သည်။ ဘယ်လ်ဂျီယံ လက်ရွေးစင်၏ ဖျက်ထုတ်မှုသည် နာနီကို မထိသော်လည်း ဒိုင်က ရည်ရွယ်ချက်ရှိရှိ ပြစ်မှု ကျူးလွန်သည်ဟု ဆုံးဖြတ်ကာ တိုက်ရိုက် အနီကတ် ပြခဲ့ခြင်းဖြစ်သည်။ မန်စီးတီး ရှေ့တန်းလူ အဂူရိုသည် ယခုပွဲတွင် တစ်ကိုယ်တော် တိုးအားဖြင့် မန်ယူကို ဒုက္ခပေးခဲ့ပြီး (၁၄)မိနစ်တွင် ၎င်း၏ အားထုတ်မှုကို လင်ဒီဂါ့ဒ် ပုတ်ထုတ် ကာကွယ် ခဲ့ရသည်။

မန်စီးတီး ကွင်းလယ်တွင် နာဆရီနှင့် ဆေးလ်ဗားတို့ တန်ပြန်ထိုးဖောက်ခဲ့ သော်လည်း အချိတ်အဆက် လွဲချော်နေသဖြင့် မန်ယူ ခံစစ်ကြောင်းက ကာကွယ် နိုင်ခဲ့သည်။ ပထမပိုင်းတွင် မန်ယူသည် လူအင်အား အသာစီးရမှုကို အကောင်းဆုံး အခွင့်အရေး ယူကာ ဘောလုံး ပိုင်ဆိုင်မှု များများဖြင့် ပွဲကို ထိန်းကစားခဲ့သည်။ အထူးသဖြင့် မန်ယူသည် ခံစစ်ကို ကျစ်လစ်အောင် စုစည်းပြီး တန်ပြန် တိုက်စစ်ဆင်သည့် ပုံစံကို ကျင့်သုံးသွားသည်။ (၃၁)မိနစ်တွင် မန်ယူတို့ ဒုတိယဂိုး ရရှိခဲ့သည်။ ဘယ်ခြမ်းမှ ပြေးတက်သွားသော အီဗရာကို နာနီက ထိုးပေးလိုက်သော ဘောလုံးကို အီဗရာ ဖြတ်ပို့ရာမှ စင်ထွက်လာစဉ် ၀ဲလ်ဘက်ခ်က လှပသော မြေမကျ ကန်ချက်ဖြင့် ပန်တီလီမွန်၏ ဘယ်ထောင့်ထဲ ကန်ထည့်သွားခြင်း ဖြစ်သည်။ (၂)ဂိုးအသာရ နေသော်လည်း မန်ယူသည် ကစားရှိန်ကို ဆက်တင်ကာ တစ်ယောက်လျော့ မန်စီးတီးကို ဖိအားပေးရင်း (၃၉)မိနစ်တွင် ပင်နယ်တီ ရရှိခဲ့သည်။ ဂစ်ပေးပို့သော ဘောလုံးကို ၀ဲလ်ဘက်ခ် လှည့်ယူစဉ် ကိုလာရော့ဗ်က ခပ်ကြမ်းကြမ်း ပြေးပိုင်းသဖြင့် ဒိုင်လူကြီးက ပင်နယ်တီ သတ်မှတ် ပေးခဲ့ခြင်း ဖြစ်သည်။ ယင်းပင်နယ်တီကို ရွန်နီက ပန်တီလီမွန်၏ ဘယ်ဘက်သို့ ကန်သွင်းသော်လည်း ရိုမေးနီးယား ဂိုးသမားက ဆုံးဖြတ်ချက် မှန်မှန် ပုတ်ထုတ်ခဲ့သဖြင့် ပြန်ထွက်လာသော ဘောလုံးကို ရွန်နီက နောက်တစ်ဆင့် ခေါင်းတိုက်ကာ ဂိုးသွင်းသွားခဲ့သဖြင့် ပထမပိုင်း အပြီးတွင် မန်ယူတို့ (၃)ဂိုးပြတ် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်း ပြန်အစတွင် မန်စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီက ယိုယွင်းနေသော ခံစစ်ကြောင်းကို ပြုပြင်ရန်အတွက် ဆေးလ်ဗားနှင့် ဂျွန်ဆင်တို့ကို ထုတ်ကာ ပက်ဘလို ဇာဘလက်တာ၊ စတီဖန်ဆာဗစ် နောက်ခံလူ နှစ်ဦးကို ထည့်သွင်းခဲ့သည်။ မန်စီးတီးတို့ စိတ်အား တက်ကြွစေမည့် ပထမ ချေပဂိုးကို (၄၇)မိနစ်တွင် နောက်ခံလူ ကိုလာရော့ဗ်က သွင်းယူခဲ့သည်။ ဧရိယာထိပ်မှ ပြစ်ဒဏ်ဘောကို ကိုလာရော့ဗ်က ဘယ်ခြေဖြင့် လှလှပပ ကန်သွင်းရာ လင်ဒီဂါ့ဒ်၏ ဘယ်ထောင့်ထဲ ၀င်သွားပြီး မန်စီးတီးတို့ ချေပဂိုး ပြန်ရသည်။ ထို့နောက် မန်ယူက ပွဲကို ထိန်းကစားရန် ကြိုးစားရင်း မန်စီးတီးက ချေပဂိုး ရရန် အားထုတ်ရာ ပွဲမှာ ပိုမြိုင်လာခဲ့သည်။ မိနစ်(၆၀)တွင် မန်ယူ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က နာနီကိုထုတ်ပြီး တစ်ကျော့ပြန် ၀ါရင့်ကြီး စခိုးလ်ကို ထည့်သွင်းကစားခဲ့သည်။ စခိုးလ်သည် မန်ယူ၏ တောင်ပံတိုက်စစ် လမ်းကြောင်းများကို ဖွင့်ထုတ်ပေးရာတွင် ကောင်းမွန်ခဲ့ သော်လည်း (၆၄)မိနစ်တွင် ၎င်းကြောင့် မန်ယူတို့ တစ်ဂိုးပေး လိုက်ရသည်။ လက်ပစ်ဘောကို စခိုးလ် လူပေးမှားရာမှ ဂျိမ်းစ်မီလ်နာ ညာခြမ်းမှ ဆွဲပြေးပြီး ဖြတ်ပို့ရာ အဂူရို ပိတ်သွင်းသော ဘောလုံးကို လင်ဒီဂါ့ဒ် ပုတ်ထုတ်ခဲ့ပြီး ယင်းကို အဂူရိုကပင် ထပ်ဆင့် သွင်းယူသွားခြင်း ဖြစ်သည်။ (၃-၂) ဖြစ်သွားပြီးနောက် စိတ်ဓာတ် တက်ကြွလာသော မန်စီးတီးသည် မန်ယူဘက်သို့ ပိုမို ထိုးဖောက်နိုင်ရန် အားထုတ်ခဲ့ပြီး မန်ယူကလည်း ပွဲအရှိန်ကိုချရန် ကြိုးစားလာသည်။ (၈၂)မိနစ်တွင် မီလ်နာ ဘယ်ခြမ်းမှ ဖြတ်ပို့သော ဘောလုံးကို မန်ယူ ညာနောက်ခံလူ ဂျုံးစ်က တားဆီးရင်း လက်နှင့်ထိမိ သော်လည်း ဖွိုင်းက ပင်နယ်တီပေးရန် ငြင်းဆိုကာ ထောင့်ကန်ဘောသာ သတ်မှတ်ခဲ့သည်။
ပွဲချိန် (၈၅)မိနစ် နောက်ပိုင်းတွင် ပိုမို အကြိတ်အနယ် ရှိလာပြီး မန်စီးတီးက ဆက်တိုက် ဖိအားပေး တိုက်စစ်ဆင်ခဲ့သည်။ (၈၈)မိနစ်တွင် အီဗရာနှင့် ထိမိသဖြင့် မန်စီးတီး နောက်ခံလူ ဆာဗစ် ခေါင်းပေါက်ကာ သွေးရွှဲရွှဲစို နေခဲ့သည်။ အပိုဆောင်းချိန် (၃)မိနစ်တွင် မန်စီးတီးတို့ အဝေးဘောများဖြင့် တိုက်စစ်ဆင်ကာ မီကာရစ်ချတ်ကို ဖာဒီနန် ဆွဲလှဲသဖြင့် ဧရိယာထိပ်တွင် ပြစ်ဒဏ်ဘော ကန်ခွင့်ရသည်။ ထိုပြစ်ဒဏ်ဘောကို မန်စီးတီး၏ အဖွင့်ဂိုးရှင် ကိုလာရော့ဗ်ပင် လှမ်းကန်ရာ လင်ဒီဂါ့ဒ် ပုတ်ထုတ်ခဲ့ရပြီး မန်ယူ နောက်တန်းက ရှင်းထုတ်နိုင်ခဲ့သည်။ (၉၃)မိနစ်တွင် မန်စီးတီး ရရှိသော ထောင့်ကန်ဘောကို ဂိုးသမား ပန်တီလီမွန်ပါ ရှေ့ထိတက်ပြီး ဂိုးသွင်းရန် ကြိုးစားခဲ့ သော်လည်း မန်ယူခံစစ်ကြောင်းက အောင်မြင်စွာ ရှင်းထုတ်နိုင်ခဲ့ သဖြင့် မန်စီးတီးတို့ ယခုရာသီ ပထမဆုံး အိမ်ကွင်း အရှုံးရလဒ်ကို ကြုံတွေ့ခဲ့ရသည်။ မန်ယူအတွက်မူ ပြီးခဲ့သည့်ရာသီ FA ဖလား အကြို ဗိုလ်လုပွဲတွင် မန်စီးတီးအား အရေးနိမ့်ခဲ့မှု အတွက် ကလဲ့စားချေခွင့် ရခဲ့ပြီး စတုတ္ထ အဆင့်သို့ တက်ရောက် သွားခဲ့သည်။

ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် ၀ိန်းရွန်နီ

No comments:
Post a Comment