welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 9, 2012

အွန်နရီ၏တစ်လုံးတည်းသောဂိုးဖြင့် အာဆင်နယ်အနိုင်ရ(soccermyanmar)

တစ်ကျော့ပြန် တိုက်စစ်မှူး သီအာရီ အွန်နရီ၏ တစ်လုံးတည်းသော သွင်းဂိုးနှင့် အတူ အာဆင်နယ်တို့ လိဒ်စ်ယူနိုက်တက်ကို အနိုင်ယူကာ FA ဖလား စတုတ္ထ အဆင့်သို့ တက်ရောက် သွားခဲ့သည်။


အာဆင်နယ်သည် အိမ်ကွင်း အမ်းမရိတ်စ်တွင် ချန်ပီယံရှစ် ပြိုင်ပွဲဝင် ကလပ်အသင်း လိဒ်စ်ကို ရင်ဆိုင်ရမည့် ပွဲစဉ်အတွက် အရန် ကစားသမား အများအပြားကို အသုံး ပြုခဲ့သည်။ အာဆင်နယ် တိုက်စစ်တွင် မော်ရိုချာမက်ခ် ဦးဆောင် ကစားပြီး အန်ဒရီ အက်ရှ်ဗင်၊ အေရွန်ရမ်ဆေး၊ အဲလက်စ်အိုလိဒ် ချိန်ဘာလိန်တို့က တိုက်စစ်ကို ၀ိုင်းဝန်း ပံ့ပိုးခဲ့ကြသည်။ နောက်တန်းတွင် အရန် အများအပြား ပါဝင်လာကာ ဖရန်ဆစ် ကိုကွီလင်၊ အစ်နာဆီ မီကွယ်လ်၊ ဆီဘက်စတီယန် စကွီလာဆီနှင့် လောရင့် ကိုစီရယ်လ်နီတို့ ပွဲထွက် လာခဲ့သည်။ လိဒ်စ်တွင်မူ ရေမွန်နူနက်ဇ်၊ လူစီယာနို ဘီချီယို၊ ဒန်နီပုဂ်ျ၊ ဇက်သွမ်ဆင်၊ အန်ဒရီတောင်ဆန် အစရှိသည့် ကစားသမားများ ပါဝင်ကာ အိမ်ရှင် အာဆင်နယ်အား ရင်ဆိုင်ခဲ့သည်။
အာဆင်နယ် အတွက် အနိုင်ဂိုး သွင်းပေးခဲ့သည့် အွန်နရီ

အာဆင်နယ်သည် ပွဲစကတည်းက တိုက်စစ်ဆင် ကစားခဲ့သော်လည်း ချာမက်ခ်နှင့် အက်ရှ်ဗင်တို့၏ အချိတ်အဆက်ပိုင်း အားနည်းမှုများကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ (၅)မိနစ်တွင် ချာမက်ခ်ပေးသော ဘောလုံးကို အက်ရှ်ဗင် ကန်ခွင့်ရသော်လည်း ဂိုးပေါက် လွဲခဲ့သည်။ (၁၄)မိနစ်တွင် မစ်ကယ် အာတီတာ ကန်တင်ပေးသော ဘောလုံးကို အာဆင်နယ် နောက်ခံလူ စကွီလာဆီ ခေါင်းတိုက်ချက် လွဲချော် ခဲ့ပြန်သည်။ ထို့နောက် အာဆင်နယ်ကပင် ဆက်လက် ဖိကစားခဲ့ပြီး ရမ်ဆေး၊ အာတီတာတို့က အခွင့်အရေးများကို ဖြုန်းတီးခဲ့သည်။ (၂၃)မိနစ်တွင် လိဒ်စ်အတွက် ဘီချီအို ဂိုးသွင်းရန် ကြိုးစားသော်လည်း ဘားတန်း ကျော်သွားခဲ့သည်။ ထို့နောက် နှစ်သင်းလုံး ပထမပိုင်း ဂိုးမသွင်းနိုင်သဖြင့် ဂိုးမရှိ သရေဖြင့်ပင် ဒုတိယပိုင်း ပြန်လည် စတင်ခဲ့သည်။

(၅၃)မိနစ်တွင် အာတီတာ၏ အားထုတ်မှုကို လိဒ်စ်ဂိုးသမား အန်ဒီ လိုနာဂန် ကာကွယ်နိုင်ခဲ့သည်။ (၅၆)မိနစ်တွင် ချိန်ဘာလိန်၏ ဧရိယာ အတွင်းမှ ကန်ချက်ကို လိဒ်စ်နောက်တန်းက ဖျက်ထုတ် တားဆီးသွားသည်။ (၆၂)မိနစ်တွင် ချိန်ဘာလိန်၏ ဂိုးသွင်းမှုကို လိုနာဂန် ဒိုင်ဗင်ထိုး ကာကွယ်ခဲ့ပြီး လျှံထွက်လာသည့် ဘောလုံးကို ရမ်ဆေး အသုံး မချနိုင်ခဲ့ပြန်ချေ။ (၆၆)မိနစ်တွင် အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ချိန်ဘာလိန်နှင့် ချာမက်ခ်တို့အား ထုတ်ကာ အွန်နရီနှင့် သီအိုဝဲလ်ကော့တို့အား လူစားလဲ ထည့်သွင်းခဲ့သည်။ အာဆင်နယ် ပရိသတ်များသည် ၎င်းတို့၏ ဂန္တ၀င် အသင်းခေါင်းဆောင်ဟောင်းကို သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။ ထိုကြိုဆိုမှုနှင့် ထိုက်တန်အောင်လည်း အသက်(၃၄)နှစ် အရွယ် ပြင်သစ်သားက ပေးဆပ်ခဲ့သည်။ ကွင်းလယ်ကစားသမား အဲလက်စ်ဆောင်း ပေးပို့သော ဘောလုံးကို ဂိုးသမား လိုနာဂန် မတားဆီးနိုင်အောင် အွန်နရီက ခြေခွင်ဖြင့် သပ်သပ်ရပ်ရပ် ပိတ်သွင်းပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိသွားသည်။ (၈၉)မိနစ်တွင် လိဒ်စ်၏ လူစားဝင် တိုက်စစ်မှူး မိုက်ကယ်ဖော်ဆဲလ်နှင့် နူးနက်ဇ်တို့ ပူးပေါင်းထိုးဖောက်ပြီး ဂိုးသွင်းမှုကို အာဆင်နယ် ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ အကောင်းဆုံး ကာကွယ် သွားခဲ့သည်။

ပွဲသိမ်းခရာ မှုတ်ချိန်တွင် အွန်နရီ၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် အနိုင်ယူကာ စတုတ္ထ အဆင့်တွင် အက်စ်တန်ဗီလာနှင့် တွေ့ဆုံရတော့မည်ဖြစ်သည်။

No comments:

Post a Comment