လီဗာပူးလ် အသင်း ပရိသတ်က အိုးလ်ဟမ် အသင်းမှ ကစားသမား တစ်ဦးအား လူမျိုးရေး လူမျိုးရေး ခွဲခြားမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ် လာခဲ့သည်။
အိုးလ်ဟမ် အသင်း၏ အသက် (၂၀)အရွယ် ကွင်းလယ် ကစားသမား တွမ် အဒီယီမီသည် လီဗာပူးလ် ပရိသတ်၏ လူမျိုးရေး ခွဲခြား လှောင်ပြောင်မှုကို ခံခဲ့ရကြောင်း စွပ်စွဲတိုင်ကြား ထားသည်။ အဆိုပါ ဖြစ်ရပ်သည် လီဗာပူးလ်က အိုးလ်ဟမ်အား အိမ်ကွင်းတွင် လက်ခံ ယှဉ်ပြိုင်သည့် FA ဖလား တတိယ အဆင့် ပွဲစဉ် မပြီးဆုံးမီ (၁၀)မိနစ်ခန့် အလိုတွင် ပေါ်ပေါက် လာခြင်းဟု သိရသည်။ အဆိုပါ ပွဲစဉ်တွင် လီဗာပူးလ်က အိုးလ်ဟမ်ကို (၅-၁)ဖြင့် အနိုင် ရရှိခဲ့သည်။ နောဝှစ်ခ်ျ စီးတီးမှ အိုးလ်ဟမ်သို့ အငှားလာ ကစားနေသည့် အဒီယီမီသည် ပွဲကြည့်စင် ရှေ့ဘက်ခြမ်းမှ ပရိသတ် တစ်ဦး (သို့မဟုတ်) တစ်ဦးထက် ပိုသော အရေအတွက်၏ လူမျိုးရေးခွဲခြား အော်ဟစ်မှုကို ခံခဲ့ရကြောင်း ဖွင့်ဟခဲ့သည်။ ၎င်းသည် ပွဲအပြီးတွင် မာဆေးဆိုက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။

ရဲတပ်ဖွဲ့ ကလည်း အနည်းဆုံး လီဗာပူးလ် ပရိသတ် တစ်ဦးသည် အဒီယီမီကို လူမျိုးရေး ခွဲခြား ပြောဆိုမှု (၂)ကြိမ် ပြုလုပ် ခဲ့သည်ဟု ယုံကြည်ထားသည်။ အဒီယီမီသည် ယင်းအနေ အထားကြောင့် အလွန်တုန်လှုပ် ဒေါသထွက် ခဲ့ဟန်ရှိပြီး အသင်းဖော်များ၊ လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗန်ဂျရတ်၊ တိုက်စစ်မှူး ဒါ့ခ်ကောက်နှင့် ဒိုင်လူကြီး နီးလ် ဆွာဘရစ်ခ် တို့က ၎င်းအား ၀ိုင်းဝန်း ထိန်းသိမ်း ခဲ့ကြရသည်။ အဒီယီမီသည် ထိုဖြစ်စဉ်အပြီး မကြာမီမှာပင် လီဗာပူးလ် လူစားဝင် ကစားသမား ဂျွန် ဖလာနာဂန်ကို ခပ်ကြမ်းကြမ်း ကစားမိသဖြင့် အ၀ါကတ် ထိခဲ့သေးသည်။ Guardian သတင်းစာ၏ ဖော်ပြချက်အရ လူမျိုးရေး ခွဲခြားမှုကြောင့် (၈)ပွဲပယ် ခံထားရသည့် လီဗာပူးလ် တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ပုံ ပါရှိသော တီရှပ်ကို ၀တ်ဆင်ထားသူ နှစ်ဦးသည် အဒီယီမီနှင့် ပြဿနာ ဖြစ်ခဲ့ကြောင်း သိရသည်။ မျက်မြင် တစ်ဦးက လီဗာပူးလ် ပရိသတ်ထံမှ အော်လိုက်သည့် “You Fu**ing Black Bastard” ဆိုသော စကားကို ကြားလိုက်ကြောင်း ပြောကြားခဲ့သည်။
ဆွာရက်ဇ်၏ ပြဿနာကြောင့် ရင်မအေး ရသေးသည့် လီဗာပူးလ် အတွက် ယခုကိစ္စသည် နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့သည်။ လီဗာပူးလ်သည် ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမှုများ စတင်နေပြီ ဟုလည်း သိရသည်။ မန်နေဂျာ ကင်နီ ဒဲလ်ဂလစ်ရှ် အနေဖြင့်မူ အဆိုပါ ကိစ္စအပေါ် မည်သည့် မှတ်ချက်မျှ မပေးနိုင်ခဲ့ချေ။ လီဗာပူးလ် အသင်းကမူ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး “ပွဲရဲ့ ဒုတိယပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အပေါ် ခုချိန်မှာ စတင်စုံစမ်း နေပါပြီ။ ကလပ်အသင်း အနေနဲ့ရော၊ ရဲတပ်ဖွဲ့ရော ကပါ ဒီကိစ္စကို စစ်ဆေးမှုတွေ ပြုလုပ် နေပါတယ်။ ကျွန်တော်တို့ အသင်း အနေနဲ့ ရဲတပ်ဖွဲ့နဲ့ အနီးကပ် ပူးပေါင်းပြီး အသေးစိတ် အချက်အလက် တွေကို ဖော်ထုတ်မှာပါ။ ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို သိရှိလာရင် နောက်ထပ် ကြေညာချက် ထုတ်ပြန် သွားပါမယ်” ဟု ဖော်ပြခဲ့သည်။
အိုးလ်ဟမ်အသင်း မန်နေဂျာ ပေါလ်ဒစ်ကော့ဗ်က အဒီယီမီသည် အ၀တ်လဲခန်းထဲ အရောက်တွင် သွေးအေးနေပြီ ဖြစ်ကြောင်းနှင့် ကွင်းထဲတွင် ပေါက်ကွဲခဲ့မှုက ၎င်းအား စော်ကားမှုကို သည်းမခံ နိုင်လွန်း၍ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒစ်ကော့ဗ်က “သူဟာ ခပ်အေးအေး နေတတ်တဲ့ ချာတိတ်လေးပါ။ နောက်ပြီး ပညာတတ် လူတန်းစား တစ်ယောက်ဖြစ်ပြီး စရိုက်ကောင်းတဲ့ ကစားသမား လေးပါ။ ခုလိုမျိုး တုံ့ပြန်တာကို ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။ ဖြစ်စတုန်းက ဘာကြောင့်လဲ ဆိုတာ ကျွန်တော် မသိခဲ့၊ မကြားခဲ့ပါဘူး။ နောက်တော့ ရဲတွေ ဒီကိစ္စကို စုံစမ်းနေမှန်း သိလာတယ်။ ခုချိန်မှာ အဒီယီမီ အေးဆေး ဖြစ်နေပါပြီ။ သူ့ကို ကျွန်တော်တို့ ကစားသမား တွေရော၊ လီဗာပူးလ် ကစားသမား တွေပါ ၀ိုင်းနှစ်သိမ့် ခဲ့ပါတယ်။ ဒါဟာ တကယ့်ကို ပရော်ဖက်ရှင်နယ် ဆန်တဲ့ အပြုအမူပါပဲ” ဟု ပြောကြားသွားသည်။

ပရိသတ်ထံမှ လူမျိုးရေး ခွဲခြားသည်ဟု ဒိုင်ဖြစ်သူအား တိုင်ကြားနေစဉ်

No comments:
Post a Comment