welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Monday, January 2, 2012

premier league (soccermyanmar)

ချယ်ဆီး 1- 3 အက်စတွန်ဗီလာ
ချယ်လ်ဆီး အသင်း မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်အတွက် ခေါင်းကျိန်းသထက် ကျိန်းစေမည့် ရလဒ်အဖြစ် အိမ်ကွင်းတွင် အက်စ်တန် ဗီလာအား ဂိုးပြတ် အရေး နိမ့်ခဲ့သည်။

ချယ်လ်ဆီးသည် (၂၀၁၁)ကို အိမ်ကွင်းတွင် အနိုင်ဖြင့် နှုတ်ဆက်ရန် ကြံရွယ်ခဲ့ပြီး ဒီဒီရာဒရော့ဂ်ဘာ၊ ဂျူအန်မာတာနှင့် ဒန်နီရယ်လ် စတားရစ်ဂ်ျတို့ အားဖြင့် တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သည်။ ကွင်းလယ်တွင် ဖရန့်ခ်လမ်းပတ်အစား ရောလ်မီရာလက်စ် ၀င်ကစားပြီး ရာမီရက်စ်၊ အိုရီရော်လ် ရိုမီယူတို့နှင့် တွဲဖက်ခဲ့သည်။ ကွင်းလယ်ဝင်ရိုး နေရာတွင် ကစားခဲ့သည့် ရိုမီယူ ယခင် ပွဲစဉ်များလောက် ခြေစွမ်း မပြနိုင်ခြင်းကလည်း ချယ်လ်ဆီး အတွက် ရုန်းကန် စေခဲ့ရသည်။ ဗီလာဘက်တွင်မူ စတီဗင် အိုင်ယာလန်၊ ချားလ်အန်ဇော့ဘီယာ၊ ဂါဘရီရယ်လ် အဘွန်လဟော်တို့ ပွဲထွက်လာပြီး ချယ်လ်ဆီးကို သွက်သွက်လက်လက် တုံ့ပြန်ခဲ့သည်။
ချယ်လ်ဆီး Vs အက်စ်တန်ဗီလာ

ချယ်လ်ဆီးသည် ပထမပိုင်း (၂၃)မိနစ်တွင် ပွဲကို ဦးဆောင်ခွင့် စတင် ရရှိခဲ့သည်။ ရစ်ချတ်ဒန်းကြောင့် ဒရော့ဂ်ဘာ ဧရိယာထဲ လဲကျသွားရာ ဒိုင်လူကြီး မာ့ခ်ဟယ်လ်ဆေးက ချယ်လ်ဆီးကို ပင်နယ်တီ ကန်ခွင့် ပေးခဲ့သည်။ ယင်းပင်နယ်တီကို ဒရော့ဂ်ဘာကပင် ကန်သွင်းပြီး ချယ်လ်ဆီးတို့ ဂိုးစရသွားသည်။ ချယ်လ်ဆီးတို့ ပျော်ခွင့် ရချိန်သည် (၅)မိနစ်မျှသာ ခံခဲ့သည်။ (၂၈)မိနစ်တွင် နောက်တန်းမှ ဒန်းကန်တင်ပေးသော ဘောလုံးကို အိုင်ယာလန်က ရယူကာ တောင်ပံသမား အန်ဇော့ဘီယာနှင့် အပေးအယူ လုပ်ပြီးနောက် ဂျွန်တယ်ရီ ကာထားသည့်ကြားမှ အနီးကပ် ပိတ်သွင်းခဲ့ခြင်း ဖြစ်သည်။ ချယ်လ်ဆီးသည် ဘောလုံး ပိုင်ဆိုင်ခွင့်ကို အသာစီးယူကာ ပွဲကိုထိန်းချုပ်ရန် ကြိုးစား ထားသော်လည်း ဗီလာက တန်ပြန်တိုက်စစ်ဖြင့် ဖိအားပေးရင်း ပထမပိုင်း ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်စချိန်တွင် ချယ်လ်ဆီးမှ စတားရစ်ဂ်ျ၊ မာတာတို့က ကွင်းလယ်နှင့် ချိတ်ဆက်ကာ တိုက်စစ်ဆင်ရန် ပိုမိုကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် ချယ်လ်ဆီးက လမ်းပတ်နှင့် ဖာနန်ဒို တောရက်စ်တို့ကို ထည့်သွင်းကာ အရှိန်မြှင့် တိုက်စစ်ဆင်ခဲ့သည်။ သို့သော်လည်း ဗီလာက ခံစစ်ကို ကြံ့ကြံ့ခံ ထားနိုင်ခဲ့သည်။ (၈၃)မိနစ်တွင် ချယ်လ်ဆီးတို့ မမျှော်လင့်ဘဲ ဂိုးပေးလိုက်ရသည်။ ကီယန်ကလာ့ခ်က ချယ်လ်ဆီး ခံစစ်ကြောင်းကို လှည့်စားပြီးနောက် စတီလီယန် ပီထရော့ဗ်ထံ ပေးပို့သော ဘောလုံးကို နေရာယူမှားနေသည့် ဒေးဗစ်လူးဝစ်ဇ် မတားဆီးနိုင်သဖြင့် ပီထရော့ဗ်က ဘယ်ခြေဖြင့် ကန်သွင်းခဲ့သည်။ ယင်းဘောလုံးကို တယ်ရီတားဆီးရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။ နောက်(၃)မိနစ်တွင် ဗီလာတို့ နောက်တစ်ဂိုး ထပ်သွင်းသည်။ လမ်းပတ်လှမ်းပေးသော ဘောလုံးကို အိုင်ယာလန်က ကြားဖြတ်ရယူကာ သပ်သပ်ရပ်ရပ် ခင်းပေးလိုက်ပြီးနောက် လူစားဝင် တိုက်စစ်မှူး ဒါရင်ဘန့်က ဂိုးသမား ပီတာဆက်ခ်ျနှင့် အနီးကပ် အနေအထားတွင် အမှားအယွင်း မရှိ အဆုံးသတ်ပြီး အိမ်ရှင်ပရိသတ်တို့အား ကြေကွဲစေခဲ့သည်။


မန်ယူရဲ့စိတ်ပျက်ဖွယ်ခြေစွမ်း
မန်ယူ2-3ဘလက်ဘန်း
 မန်ချက်စတာ ယူနိုက်တက် အသင်းသည် စိတ်ပျက်ဖွယ် ခံစစ် ကစားပုံ အမှားအယွင်း များကြောင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ဘလက်ဘန်း ရိုဗာအား (၂-၃)ဖြင့် အရေး နိမ့်ခဲ့ရသည်။

မန်ယူအသင်းတွင် အဓိက တိုက်စစ်မှူး ၀ိန်းရွန်နီ အရန် စာရင်း၌ပင် ပါဝင်လာခြင်း မရှိချေ။ သတင်းများက မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်သည် အသင်း ခွင့်ပြုချက် မရဘဲ ညဘက် အပြင် ထွက်လည်သည့် ရွန်နီအား ချန်လှပ်ခဲ့ခြင်းဟု ဖော်ပြခဲ့ကြသည်။ မန်ယူသည် တိုက်စစ်တွင် ဒီမီတာ ဘာဘာတော့ဗ်ကို ဂျာဗီးယား ဟာနန်ဒက်ဇ်နှင့် တွဲ၍ ပွဲထုတ်ခဲ့ပြီး တောင်ပံနှစ်ဖက်တွင် လူးဝစ်နာနီနှင့် ဒန်နီဝဲလ်ဘက်ခ်တို့ ခြံရံ ကစားခဲ့သည်။ ကွင်းလယ်လူ မိုက်ကယ်ကာရစ်မှာ ဗဟိုခံစစ်တွင် ဖီးလ်ဂျုံးစ်နှင့် တွဲကာ ကစားခဲ့ပြီး ရာဖေးလ် ဒါဆေးလ်ဗားသည် ကွင်းလယ်တွင် အဖျက် အသားပေး ကစားသွားသည်။ ဘလက်ဘန်းတွင် ယာကူဘူ အယစ်ဘီနီ၊ မော်ဂန်ဂန့်စ် ပက်ဒါဆန်၊ ခရစ်ဆမ်ဘာ အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပရီးမီးယားလိဂ် ချန်ပီယံတို့အား တုံ့ပြန်ခဲ့သည်။
မန်ယူ Vs ဘလက်ဘန်းရိုဗာ

မန်ယူသည် ယခုပွဲတွင် တောက်လျှောက် နောက်မှလိုက်၍ ကစားခဲ့ရခြင်း ဖြစ်သည်။ ပွဲချိန်(၁၆)မိနစ်တွင် ဘာဘာတော့ဗ်က ဆမ်ဘာကို အဖျက်ကြမ်းသည်ဆိုကာ ဒိုင်လူကြီးက ဘလက်ဘန်းအား ပင်နယ်တီ ကန်ခွင့်ပေးခဲ့သည်။ ယင်းပင်နယ်တီကို ယာကူဘူက ဂိုးတိုင် ဘယ်ထောင့်ထဲ ကန်သွင်းရာ မန်ယူဂိုးသမား ဒေးဗစ်ဒီဂီယာ မည်သို့မျှ မကာကွယ်နိုင်ခဲ့ပေ။ အိမ်ကွင်းတွင် ဂိုးစပေးလိုက်ရသဖြင့် ဖိအား ၀င်သွားသော မန်ယူတို့ ပိုမိုကြိုးစားခဲ့ပြီး (၂၇)မိနစ်တွင် ဂျုံးစ်က အသင်းဟောင်းကို ဂိုးသွင်းနိုင်လုနီးနီး ဖြစ်ခဲ့သော်လည်း အဒမ်ဟန်လေ ပိတ်ဆို့သွားသည်။ နောက်(၂)မိနစ်တွင် ဟာနန်ဒက်ဇ်က ဆမ်ဘာကို လှည့်စားပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးပေါက် လွဲခဲ့ပြန်သည်။ ပထမပိုင်းတွင် မန်ယူအသင်းသည် ဘလက်ဘန်းအား (၁-၀)ဖြင့်ပင် နောက်မှလိုက် ကစားခဲ့ရသည်။

ဒုတိယပိုင်း ပြန်စပြီး (၆)မိနစ် အကြာတွင် ဘလက်ဘန်းက နောက်တစ်ဂိုး သွင်းသည်။ စတီဗန်အန်ဇွန်ဇီထံမှ ထိုးပေးလိုက်သော ဘောလုံးကို ယာကူဘူက ကာရစ်အား ဖြတ်ကျော်ရယူကာ ကန်သွင်းခဲ့သည်။ မန်ယူသည် လူကောင်သေးသော ရာဖေးလ်ကို ကွင်းလယ်အဖျက် တာဝန်ပေးထားသည့်အတွက် ကြံ့ခိုင်မှု အားကောင်းသော ဘလက်ဘန်း ကွင်းလယ်ကို အသာစီးယူရန် ခက်ခဲနေခဲ့သည်ကို တွေ့ရသည်။ ဒုတိယဂိုး ပေးလိုက်ရပြီး (၁)မိနစ်အတွင်း ဘာဘာတော့ဗ်က ချေပဂိုး ပြန်သွင်းသည်။ ညာခြမ်းမှ ရာဖေးလ်နှင့် ဗလန်စီယာတို့ ပူးတွဲထိုးဖောက်ပြီး ဖြတ်ပို့လိုက်သော ဘောလုံးကို ဘာဘာတော့ဗ်က အဆုံးသတ်ခဲ့သည်။ (၆၂)မိနစ်တွင် ညာခြမ်းမှ ဗလန်စီယာ အနိမ့်ဖြတ်ပို့သော ဘောလုံးကို ဘာဘာတော့ဗ်က (၅)ပွဲတွင် (၆)ဂိုးမြောက် အဖြစ် ထပ်သွင်းပြီး (၂-၂)ဖြင့် သရေ ကျနေသည်။ (၈၁)မိနစ်တွင် မန်ယူဂိုးသမား ဒီဂီယာ မလိုအပ်သော အနေအထားတွင် ရှေ့သို့ထွက်ကာ ဘောလုံးပုတ်ပြီး လဲကျနေသဖြင့် ဂရန့်ဟန်လေက လူမရှိတော့သော ဂိုးပေါက်ထဲ ခေါင်းတိုက်သွင်းကာ ဘလက်ဘန်းတို့ အနိုင်ဂိုး ရသွားသည်။ အပိုဆောင်းချိန် နောက်ဆုံးမိနစ်တွင် မန်ယူဘက်မှ သေချာပေါက် ဂိုးရနိုင်သော အနေအထားတစ်ခုသည် လူစားဝင် တိုက်စစ်မှူး ၀ီလျံကိန်းကို ထိထွက်သွားသဖြင့် ပွဲအပြီးတွင် ဧည့်သည်တို့ (၃-၂)ဖြင့် အမှတ်ရဖွယ် အောင်ပွဲကို ရယူသွားသည်။

ပရီးမီးယား လိဂ်တွင် ထုတ်ပယ် ခံရရန် ရေပန်းအစားဆုံး ဖြစ်နေသည့် ဘလက်ဘန်း မန်နေဂျာ စတိဗ်ကီယန် အနေနှင့် နိုင်ပွဲကြောင့် လက်မထောင်နိုင်ခဲ့ပြီး မန်ယူ နိုင်ပွဲသည် ယခုနှစ် ပရီးမီးယားလိဂ်တွင် ၎င်း၏ ပထမဆုံး အဝေးကွင်း အနိုင်လည်း ဖြစ်လာသည်။ နှစ်သစ်ကူး အကြိုည ပွဲစဉ်တွင် အသက်(၇၀)ပြည့်သည့် ဖာဂူဆန် အတွက် ရရှိခဲ့သော မွေးနေ့ လက်ဆောင်မှာမူ အလွန် ခါးသီးခဲ့ရသည်။
အာဆင်နယ်အတွက်ဗန်ပါစီယူပေးတဲ့ အနိုင်
အာဆင်နယ် အသင်းသည် အိမ်ကွင်းတွင် QPRအသင်းကို ရော်ဘင် ဗန်ပါစီ၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ယူကာ (၂၀၁၁)ကို နှုတ်ဆက်ခဲ့သည်။

အာဆင်နယ်၏ အသင်းခေါင်းဆောင် တိုက်စစ်မှူးသည် ယခုပွဲတွင် (၂)ဂိုးသွင်းပါက ပြက္ခဒိန် နှစ်တစ်ခုအတွင်း ပရီးမီးယားလိဂ် ဂိုးအများဆုံး သွင်းသူ အဖြစ် အလန်ရှီးယားရားနှင့် စံချိန်တူမည် ဖြစ်သော်လည်း (၁)ဂိုးသာ သွင်းနိုင်ခဲ့သည်။ အာဆင်နယ်တွင် ဗန်ပါစီကို ရှေ့တင်ကာ အေရွန်ရမ်ဆေး၊ သီအိုဝဲလ်ကော့တ်၊ အဲလက်စ်ဆောင်း၊ ပါးမာတီဆက်ကာ၊ သောမတ်စ် ဗာမေလန်တို့နှင့် ခင်းကျင်း ပွဲထွက်လာသည်။ QPR တွင် အာမန် ထရာအိုယေး၊ အဒဲလ်တာရက်ဘ်၊ ရှောင်ရိုက်ဖီးလစ်တို့အပြင် မကြာသေးမီကမှ သားဦးလေး ရရှိထားသည့် ကွင်းလယ်ကစားသမား ဂျိုယေးဘာတန်တို့ လူစုံတက်စုံ ပါဝင်ကစားခဲ့သည်။


ယခုပွဲတွင် ဗန်ပါစီသည် ဂိုးရရန် ကြိုးစားခဲ့သော်လည်း လောကြီး နေသဖြင့် ပစ်မှတ် မတည့်ဘဲ ဖြစ်နေခဲ့သည်။ နောက်ခံလူ လောရင့် ကိုစီရယ်လ်နီသည် ခံစစ်ကို လုံအောင်ကစားနိုင်သလို တိုက်စစ်ကိုလည်း လိုက်ပါ ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ (၃၄)မိနစ်တွင် ကိုစီရယ်လ်နီက QPR ဧရိယာအစွန်ထိ တိုက်စစ်လိုက်ပါပြီး လှမ်းကန်သော ဘောလုံးသည် QPR နောက်ခံလူ လုခ်ယန်း၏ လက်နှင့် ထိခဲ့သော်လည်း ဒိုင်က ပင်နယ်တီ ပေးရန် ငြင်းဆိုခဲ့သည်။ ပထမပိုင်းတွင် အာဆင်နယ်က ခြေစွမ်းပိုင်း အသာစီးဖြင့် ကစားနိုင်သော်လည်း ဂိုးမသွင်းနိုင်သည့်  အတွက် သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် QPR က တိုက်စစ်ဖွင့် ကစားခဲ့သော်လည်း အာဆင်နယ် ခံစစ်၏ လူကျွံ ထောင်ချောက်ကို ရုန်းမထွက်နိုင်ဘဲ (၃)ကြိမ်ဆက် လူကျွံနေခဲ့သည်။ မိနစ်(၆၀)တွင် အာဆင်နယ်တို့ အဖွင့်ဂိုး ရသွားခဲ့သည်။ အက်ရှ်ဗင်၏ ပေးပို့မှုမှ တစ်ဆင့် ဗန်ပါစီက တိကျသော ဘယ်ခြေ ကန်ချက်ဖြင့် ကန်သွင်းခဲ့သည်။ (၆၅)မိနစ်တွင် အက်ရှ်ဗင် ကန်သွင်းသော ဘောလုံးကို ယန်းက တားဆီး ဖျက်ထုတ်နိုင်ခဲ့သည်။ QPR အသင်းဘက်မှ တာရက်ဘ်၏ ကြိုးပမ်းမှုမှာလည်း ဂိုးရသည် အထိ အထ မမြောက်ခဲ့ပေ။ (၇၇)မိနစ်တွင် အာဆင်နယ်၏ လူစားဝင် တိုက်စစ်မှူး ဂါဗင်ဟို၏ အဆုံးသတ်မှုလည်း လွဲချော် ခဲ့ပြီးနောက် ပွဲအပြီးတွင် အာဆင်နယ်ကသာ (၁-၀)ဖြင့် အနိုင် ရရှိ သွားခဲ့သလို အမှတ်ပေး ဇယား စတုတ္ထ နေရာသို့ ရောက်ရှိ လာခဲ့သည်။

အလင်းရောင်ကွင်းမှာထမင်းလုံးတစေအ ခြောက်ခံလိုက်ရတဲ့ မန်စီနီနှင့်မန်စီးတီး
 အနီးကပ် ဖိအား ပေးနေသော မန်ချက်စတာ ယူနိုက်တက် အသင်း၏ အရှုံးကို မန်ချက်စတာ စီးတီးတို့ အခွင့်ကောင်း မယူနိုင်ဘဲ အဝေးကွင်းတွင် ဆန်းဒါးလန်းအား အရေး နိမ့်ခဲ့သည်။

ယခုပွဲတွင် မန်နေဂျာသစ် မာတင်အိုနေးလ် ကိုင်တွယ်နေသော အသင်းသည် ကျစ်လစ်သော ခံစစ် ကစားပုံဖြင့် အမှတ်ပေး ဇယား ဦးဆောင်သူတို့ကို အကောင်းဆုံး တုံ့ပြန်ပြီး နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် အနိုင် ရသွားခဲ့သည်။ ဆန်းဒါးလန်းတွင် နစ်ကလက်စ် ဘန်တနာနှင့် စတီဖနီ ဆက်ဆက်နွန်တို့က တိုက်စစ်တွင် ဦးဆောင်ကာ လီကက်တာမိုး၊ ၀က်စ်ဘရောင်း၊ ဂျွန်အိုရှေး၊ ဆီဘက်စတီယန်လာဆင် အစရှိသည့် အဓိက ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့သည်။ မန်စီးတီးကမူ (၂)ရက်သာခြားပြီး ကစားရမည့် လီဗာပူးလ်နှင့် ပွဲကျပ်အတွက် ဒေးဗစ်ဆေးလ်ဗား၊ ဆာဂျီယို အဂူရိုတို့ကို အရန် အဖြစ်သာ ထားခဲ့ပြီး ဆမ်မီနာဆရီ၊ အီဒင်ဇီကို၊ ယာယာတိုရေး၊ နီဂယ်လ်ဒီဂျောင်တို့၏ အားဖြင့် အဝေးကွင်းတွင် တိုက်စစ် ဆင်ခဲ့သည်။
ဆန်းဒါးလန်း Vs မန်ချက်စတာစီးတီး

ပွဲစပြီး (၁)မိနစ်အတွင်း ဘန်တနာ ကွင်းလယ်မှ ဆွဲပြေးကာ မန်စီးတီး ဂိုးသမား ဂျိုးဟတ်ကို လိမ်ခေါက်ပြီး ဂိုးသွင်းရန် ကြိုးစားခဲ့သော်လည်း ဟတ်က ပုတ်ထုတ်ကာကွယ်သွားသည်။ ထို့နောက် ပွဲအစပိုင်းတွင် ဆန်းဒါးလန်းက အတန်ငယ် ကစားကွက် အသာရကာ မန်စီးတီးကို ဖိအားပေးခဲ့သည်။ သို့သော်လည်း ဖြည်းဖြည်းမှန်မှန် ကစားနေသော မန်စီးတီးသည် ပွဲချိန်မိနစ် (၃၀)ကျော်လွန် လာသည်နှင့် အမျှ အိမ်ရှင်အပေါ် ဖိအား ပေးနိုင်ခဲ့သည်။ ဆန်းဒါးလန်းတွင် ခြေစွမ်းပြနေသော နောက်ခံလူ ဘရောင်းသည် (၂၆)မိနစ်တွင် ဒဏ်ရာကြောင့် လူစား လဲခဲ့ရသည့်တိုင် ၎င်းနေရာ ၀င်ကစားသည့် မက်သရူး ကီဂယ်လန် ခြေစွမ်း ပြနိုင်ခဲ့သည်။ ပွဲချိန် မိနစ်(၃၀)ကျော်တွင် ဇီကို၏ ကန်ချက် ဂိုးဘားထိကာ ထွက်သွားခဲ့သလို မန်စီးတီး၏ အဝေး ကန်ချက်များကို ဆန်းဒါးလန်း ဂိုးသမား ဆီမွန်မစ်နိုလတ် ကာကွယ်သွားသည်။

ဒုတိယပိုင်းတွင် မန်စီးတီးက ပွဲကို ပိုမို စိုးမိုး ထားနိုင်ပြီး ဇီကို ဦးဆောင်သော တိုက်စစ်နှင့် အိုရှေးဦးဆောင်သော ခံစစ်တို့ အားပြိုင်ခဲ့သည်။ (၅၇)မိနစ်တွင် ဇီကို ဂိုးသွင်းရန် ကြိုးစား ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ (၅၉)မိနစ်တွင် လူစားဝင် တိုက်စစ်မှူး အဂူရို၏ ထိုးဖောက်မှုကို ဆန်းဒါးလန်း ဂိုးသမား မစ်နိုလတ် တားဆီးခဲ့ပြန်သည်။ (၆၃)မိနစ်တွင် ဆန်းဒါးလန်း ကစားသမား ဆက်ဆက်နွန် လူပေးသင့်သည့် အနေအထားကို တိုက်ရိုက်ဂိုး သွင်းရန် ကြိုးပမ်းမှု လွဲချော်ခဲ့သည်။ မန်စီးတီးသည် ဂိုးရရန် တောက်လျှောက် တင်ကစား ခဲ့သော်လည်း ဆန်းဒါးလန်း ခံစစ်ကြောင်းက အမှားအယွင်း မရှိ ကြံ့ကြံ့ခံ ဖျက်ထုတ် နေနိုင်ခဲ့သည်။ (၈၂)မိနစ်တွင် လူစားဝင် ကစားသမား ဆေးလ်ဗား၏ ထောင့်ဖြတ်ဘောကို ဆန်းဒါးလန်း နောက်ခံလူ ကီလင်ဂန် ရှင်းထုတ်နိုင်ခဲ့သည်။ (၈၉)မိနစ်တွင် ဆေးလ်ဗားနှင့် နောက်ခံလူ မီကာရစ်ချတ်တို့၏ နှစ်ဆင့်အားထုတ်မှုလည်း ဂိုးမရခဲ့ပြန်ချေ။ အပိုဆောင်းချိန် (၄)မိနစ်တွင် ဆန်းဒါးလန်း၏ လူစားဝင် တိုက်စစ်မှူး ဂျီဒေါင်ဝမ်က မန်စီးတီးတို့ အသည်းကိုခွဲမည့်ဂိုးကို သွင်းယူခဲ့သည်။ ဘယ်ခြမ်းမှ ပြေးတက်လာသော ဂျီက ဆက်ဆက်နွန်နှင့် အပေးအယူ လုပ်ကာ ဂိုးသမား ဟတ်ကို လိမ်ပြီး အနီးကပ် ကန်သွင်းခဲ့သည်။ ဂျီအနေနှင့် ဘောလုံးကို လက်ခံယူစဉ်က လူကျွံ အနေအထား ရှိနေသော်လည်း ဒိုင်က ဂိုးပေးခဲ့သည့် အတွက် ပွဲအပြီးတွင် (၁-၀)ဖြင့် အိမ်ရှင်တို့ အောင်ပွဲ ခံခဲ့သည်။

No comments:

Post a Comment