ချယ်လ်ဆီး အသင်းသည် အိမ်ကွင်းတွင် ပို့စ်မောက် အသင်းအား (၄)ဂိုးပြတ် သွင်းယူကာ စတုတ္ထ အဆင့်သို့ တက်ရောက် သွားခဲ့သည်။
ချယ်လ်ဆီးသည် ဖာနန်ဒို တောရက်စ်ကို ရှေ့တင်ကာ ဂျူအန်မာတာ၊ ဖလောရင့် မာလူဒါတို့ နှစ်ဦးကို ၀န်းရံ ခင်းကျင်းပြီး ကွင်းလယ်တွင် ရောလ် မီရာလက်စ်၊ ရာမီရက်စ်နှင့် ဖရန့်ခ် လမ်းပတ်တို့ တွဲဖက် ကစားခဲ့သည်။ နောက်တန်းတွင် အက်ရှ်လေ ကိုးလ်၊ ဂျွန်တယ်ရီ၊ ဒေးဗစ် လူးဝစ်၊ ဟိုဆေး ဘော့ဆင်ဝါ တို့နှင့် လူစုံခဲ့ပြီး ဂိုးသမား အဖြစ် ပီတာဆက်ခ်ျပင် တာဝန်ယူခဲ့သည်။ ချန်ပီယံရှစ် ပြိုင်ပွဲဝင် အသင်း ပို့စ်မောက်မှာမူ ဂျိုးဝါ့ဒ်၊ ဒေးဗစ်နောရစ်၊ အသင်းခေါင်းဆောင် လီယမ် လောရင့်စ်၊ အေရွန် မိုကိုနာ အစရှိသည့် အဓိက ကစားသမား များကို ပွဲထုတ်ကာ ပရီးမီးယားလိဂ် ထိပ်သီး အသင်းကြီးကို တုံ့ပြန်ရန် ကြိုးစားခဲ့ သော်လည်း (၆)မိနစ်အတွင်း (၃)ဂိုးပေးလိုက်ရ သဖြင့် ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။
ချယ်လ်ဆီးသည် ပွဲစ ကတည်းက တောင်ပံများ ဘယ်ညာပြောင်းကာ အလယ်ထဲ ပြန်ချိုးပြီး ပို့စ်မောက်ကို ဖိအားပေး တိုက်စစ်ဆင်ခဲ့သည်။ (၁၁)မိနစ်တွင် ဂျေဆန်ပီယာ့စ်က တောရက်စ်ကို ဧရိယာ အတွင်း ခပ်ကြမ်းကြမ်း ဖျက်ထုတ်ခဲ့ သော်လည်း ဒိုင်က ပင်နယ်တီ မပေးခဲ့ချေ။ (၁၃)မိနစ်တွင် ဘယ်ခြမ်းမှ မာလူဒါ ဖြတ်ပို့သော ဘောလုံးကို တောရက်စ် ခေါင်းတိုက်ချက် ကောင်းမွန်ခဲ့ သော်လည်း ဂိုးသမား စတီဖန် ဟန်ဒါဆင် ကာကွယ် သွားခဲ့သည်။ ပို့စ်မောက်သည် ချယ်လ်ဆီး ဘက်သို့ ဂိုးသွင်းခွင့် အချို့ ရရှိခဲ့သော်လည်း အဆုံးသတ်ပိုင်း အားနည်းမှုကြောင့် လက်တွေ့ မအောင်မြင်ခဲ့ပေ။ ပထမပိုင်းတွင် ချယ်လ်ဆီးသည် ခံစစ်ကို လုံအောင် ကြိုးစားကစား နေသည့် ပို့စ်မောက် နောက်တန်းအား မကျော်နိုင်ခဲ့ဘဲ ဂိုးမရှိ သရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ချယ်လ်ဆီးတို့ တိုက်စစ် ပိုမိုဖွင့်ကစားပြီး (၃)မိနစ်အတွင်း ဦးဆောင်ဂိုး သွင်းယူခွင့် ရရှိသွားသည်။ မာလူဒါ ဘယ်ခြမ်းမှ တောက်လျှောက် ဆွဲပြေးလာပြီး ဂိုးစည်းတည့်တည့် အရောက်တွင် ဖြတ်ချိုးပေးသော ဘောလုံးကို မာတာက ကန်သွင်းသွားခြင်း ဖြစ်သည်။ ဂိုးပေးလိုက် ရသည့်နောက် ပို့စ်မောက်တို့ ခံစစ်အသားပေး ကစားကွက် ပျက်စီးသွားပြီး တိုက်စစ်ဖွင့်ရန် ကြိုးစားရာ ချယ်လ်ဆီးအတွက် အကြိုက်တွေ့စရာ ဖြစ်လာရသည်။ (၅၃)မိနစ်တွင် ချယ်လ်ဆီး အသင်းခေါင်းဆောင် တယ်ရီက သေချာပေါက် ဂိုးဝင်တော့မည့် ဘောလုံးကို ဂိုးစည်းပေါ်မှ ကြိုးကြိုးစားစား ရှင်းထုတ်သွား သဖြင့် ပို့စ်မောက်တို့ အပိုင်(၁)ဂိုး နစ်နာခဲ့ရသည်။
ချယ်လ်ဆီးသည် အနိုင်ဂိုးကို ထိန်းကစားရင်း ပွဲချိန် မိနစ်(၈၀)ကျော်မှ နောက်ထပ်ဂိုးများ ရရှိခဲ့သည်။ (၈၄)မိနစ်တွင် ရာမီရက်စ်က ချယ်လ်ဆီး အတွက် ဒုတိယဂိုးကို သွင်းယူသည်။ ဘယ်ခြမ်းမှ မာတာ အသာအယာ ကန်တင် ပေးလိုက်သော ဘောလုံးကို တောရက်စ်က ခေါင်းတိုက် ချပေးရာမှ ဘရာဇီးလ် ကွင်းလယ်လူက အနီးကပ် ပိတ်သွင်းသွားခြင်း ဖြစ်သည်။ နောက်(၃)မိနစ် အကြာတွင် ချယ်လ်ဆီးက တတိယဂိုး ထပ်ရ သွားသည်။ ဂိုးရရန် တက်ဖိနေသော ပို့စ်မောက် အသင်း၏ အမှားကို တန်ပြန်တိုက်စစ် ချောင်း ကစားနေသည့် ချယ်လ်ဆီးက အခွင့်အရေးယူကာ တောရက်စ် ခင်းပေးလိုက်သော ဘောလုံးအား ရာမီရက်စ်က ဆွဲပြေးယူကာ ဟန်ဒါဆင်ကို အနီးကပ် ကျော်ကန်ပြီး သွင်းယူ သွားခဲ့သည်။ ချယ်လ်ဆီးအတွက် ပွဲသိမ်းဂိုးကိုမူ ဧရိယာထဲတွင် လမ်းပတ်က အနိမ့်ဘော လှည့်ကန်ကာ ရယူသွားခဲ့ပြီး ပွဲအပြီးတွင် ချယ်လ်ဆီးတို့ (၄-၀)ဖြင့် အနိုင်ရရှိ သွားသည်။

ပွဲသိမ်း အနိုင်ဂိုးသွင်းအပြီး အောင်ပွဲခံနေသည့် လမ်းပတ်

No comments:
Post a Comment