မန်စီးတီး 0 - 1 လီဗာပူး
ကားလင်းဖလား အကြိုဗိုလ်လုပွဲ ပထမ အကျော့ ပွဲစဉ်တွင် လီဗာပူးလ်က မန်ချက်စတာ စီးတီးအား အဝေးကွင်း အစ်တီဟတ်၌ စတီဗင်ဂျရတ်၏ တစ်လုံးတည်းသော ပင်နယ်တီ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
သတင်းများ ကြိုတင် ထွက်ပေါ်နေသည့် အတိုင်း မန်စီးတီးတွင် အဓိက ကွင်းလယ်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗား မပါဝင်နိုင်ခဲ့ဘဲ ဂါရတ်သ်ဘယ်ရီနှင့် နီဂယ်ဒီဂျောင်တို့ကို ကွင်းလယ် အတွဲအဖြစ် ပွဲထုတ်လာခဲ့သည်။ တိုက်စစ်တွင် မာရီယို ဘာလော့တယ်လီနှင့် ဆာဂျီယို အဂူရိုတို့ တွဲကစားပြီး နောက်တန်းတွင် စတီဖင်ဆာဗစ်၊ ဂျိုလီယန်လက်စ်ကော့တ်တို့ ၀င်ကစားကာ တောင်ပံများတွင် ဂေးလ်ကလစ်ချီနှင့် မီကာရစ်ချတ်တို့ ပွဲထွက်ခဲ့သည်။ ဂိုးသမား နေရာတွင်မူ မန်ချက်စတာ ယူနိုက်တက်အား အရေးနိမ့်ခဲ့သည့် FA ဖလား ပွဲစဉ်က မပါဝင်ခဲ့သူ ဂျိုးဟတ် ပြန်လည် တာဝန် ယူခဲ့သည်။ လီဗာပူးလ်တွင်မူ အန်ဒီကာရိုးလ် တစ်ဦးတည်းကို ရှေ့တင်ကာ ဂျရတ်နှင့် ကရိတ်ဂ်ျဘယ်လာမီတို့က ၀န်းရံ ပံ့ပိုးခဲ့သည်။ ကွင်းလယ်တွင် ဂျေးစပီယာရင်၊ ဂျော်ဒန်ဟန်ဒါဆင်နှင့် စတီးဝပ် ဒေါင်းနင်းတို့ ပွဲထွက်လာသလို နောက်တန်းတွင် ဂလင်းဂျွန်ဆင်၊ မာတင်စကာတယ်လ်၊ ဒန်နီရယ်လ်အဂ္ဂါနှင့် မာတင်ကယ်လီတို့ ကစားခဲ့ကြသည်။

လီဗာပူးလ်သည် အစ်တီဟတ်တွင် နောက်ဆုံးကစားခဲ့သော ပွဲစဉ်အတွင်း (၃)ဂိုးပြတ် အရေး နိမ့်ထားခဲ့သော်လည်း ယခုပွဲတွင် အမှား နည်းနည်းဖြင့် ကစားနိုင်ခဲ့သလို အသင်းခေါင်းဆောင် ဂျရတ်လည်း ခြေစွမ်း ပြနိုင်ခဲ့သည်။ (၁၀)မိနစ်တွင် ဂျရတ်၏ ကန်ချက် ကောင်းမွန်သော်လည်း ဟတ်က ဒိုင်ဗင်ထိုး ကာကွယ်သွားခဲ့သည်။ (၁၁)မိနစ်တွင် ဒေါင်းနင်း ကန်ချက်ကိုလည်း ဟန်ချက်ပျက်နေသည့် အနေအထားမှ ဟတ်က လက်စွမ်းပြ တားဆီးခဲ့ပြန်သည်။ ပွဲစကတည်းက တိုက်စစ်ဆင်နေသော လီဗာပူးလ်တို့ (၁၃)မိနစ်တွင် ဂိုးရသွားခဲ့သည်။ အဂ္ဂါကို ဆာဗစ် တားဆီးပုံ ကြမ်းတမ်းသဖြင့် လီဗာပူးလ်တို့ ပင်နယ်တီရသည်။ ယင်းပင်နယ်တီကို မကန်သွင်းမီ ဂျရတ်အနေနှင့် အတန်ငယ် စိတ်လှုပ်ရှားနေပုံ ရှိသော်လည်း ဂိုးသမား၏ ညာဘက်ထောင့်ထဲသို့ အနိမ့်ဘော အပြင်းကန်ကာ အသင်းအတွက် ဦးဆောင်ဂိုးကို အမှားအယွင်းမရှိ သွင်းယူပေးခဲ့သည်။
ထို့နောက် မန်စီးတီးက တစ်ကျော့ပြန် တိုက်စစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း လီဗာပူးလ်က စနစ်တကျ ခုခံဖြတ်တောက်နိုင်ခဲ့သည်။ (၂၂)မိနစ်တွင် တံကောက်ကြောဒဏ်ရာ ရသွားဟန်ရှိသည့် စပီယာရင်နေရာ၌ ချာလီအဒမ် လူစားဝင်ကစားသည်။ (၃၆)မိနစ်တွင် ကာရိုးလ်က ကယ်လီ၏ ထောင့်ဖြတ်ဘောကို ခေါင်းတိုက်သွင်းရန် ကြိုးစားသော်လည်း လွဲချော်ခဲ့ပြန်သည်။ (၄၃)မိနစ်တွင် ဆမ်မီနာဆရီ၏ အားထုတ်မှုကို လီဗာပူးလ်ဂိုးသမား ပီပီရေနာ တားဆီးခဲ့သည်။ မန်စီးတီးအနေနှင့် ပထမပိုင်းတွင် ကစားပုံ အကောင်းဆုံး အနေအထား မရှိခဲ့သလို အဓိက ကစားသမားအချို့ မပါဝင်နိုင်ခြင်းကြောင့် လီဗာပူးလ်၏ ဖိအားအောက်တွင် ရုန်းကန်ခဲ့ရသည်။
ဒုတိယပိုင်းတွင် လီဗာပူးလ်က အနိုင်ဂိုးကို ထိန်းပြီး ခံစစ်ကို လုံအောင် ကစားခဲ့သလို မန်စီးတီးကလည်း အိမ်ကွင်းတွင် အရေး မနိမ့်အောင် ကြိုးစားခဲ့သည်။ (၅၇)မိနစ်တွင် ကယ်လီ၏ အမှားမှတစ်ဆင့် အဂူရို ဂိုးသွင်းနိုင်လုလု ဖြစ်ခဲ့သေးသော်လည်း ရေနာ၏ ကောင်းမှုကြောင့် လီဗာပူးလ်ပရိသတ် သက်ပြင်းချနိုင်ခဲ့သည်။ မိနစ်(၆၀)တွင် နာဆရီ၏ ထောင့်ကန်ဘောကို ရစ်ချတ် ခေါင်းတိုက်ရာ သေချာပေါက် ဂိုးဝင်လုလု ဖြစ်နေသော်လည်း ရေနာပင် လက်စွမ်းပြ ကာကွယ်ခဲ့ပြန်သည်။ (၆၆)မိနစ်တွင် အဂူရိုက လီဗာပူးလ် နောက်ခံလူ (၃)ယောက် တားဆီးနေသည့်ကြားမှ ကန်သွင်းသော်လည်း ရေနာကို မကျော်နိုင်ပြန်ပေ။ (၈၈)မိနစ်တွင် နာဆရီ ပေးပို့သော ဘောလုံးကို အဂူရို ခေါင်းတိုက်ရန် ကြိုးစားသော်လည်း ဂိုးဘားတန်းကျော်သွားသည်။ နာကျင်အချိန်ပိုတွင် လီဗာပူးလ် ကစားသမား ဂျွန်ဆင်က မန်စီးတီး နောက်ခံလူ လက်စ်ကော့တ်ကို ခပ်ကြမ်းကြမ်း ခြေစုံပစ်ကာ ဖျက်ထုတ်ခဲ့သော်လည်း ဒိုင်က အရေးယူမှု မပြုလုပ်ခဲ့ချေ။ ပွဲအပြီးတွင် လီဗာပူးလ်တို့ အဝေးကွင်းတွင် အနိုင်ရလဒ်ကို ဆောင်ကြဉ်းကာ ဇန်န၀ါရီလ (၂၅)ရက်နေ့ အိမ်ကွင်း ပွဲစဉ်အတွက် အသာစီး အနေအထား တစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
No comments:
Post a Comment