welcome to 2012

2012 ခုနှစ်တွင်ကျွန်တော်မိဘနှစ်ပါးနှင့် မြန်မာပြည်သူပြည်သားအားလုံး တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်

Sunday, January 29, 2012

bloggerကိုနေဘုန်းလတ်နှင့်တွေ့ဆုံခြင်း(FIRST-11.COM)

မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊  အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100  စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။ 
'လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး'
ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း
မေး - ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ ပထမမျိုးဆက်တွေထဲမှာ ကိုနေဘုန်းလတ်လည်း တစ်ဦးအပါ အ၀င်ဖြစ်ပါတယ်။ အထူးသဖြင့် 'ကျွန်တော် လွတ်ကျခဲ့တဲ့ မြို့တော်' ဘလော့ကြောင့် ပိုထင်ရှားခဲ့ပြီး ကိုနေဘုန်းလတ်ကိုလည်း မြို့စားကြီးလို့ အွန်လိုင်းသုံးသူတွေက ခေါ်ခဲ့ကြပါတယ်။ အခုတော့ မြို့စားကြီး ပြန်လွတ်လာပါပြီ။ ၂၀၀၈ခုနှစ် ဇန်န၀ါရီလ ၂၉ရက်နေ့မှာ အဖမ်းခံခဲ့ရတယ်။ အဲဒီနှစ် နိုဝင်ဘာမှာ ထောင်ဒဏ် ၂၀နှစ်နဲ့ ခြောက်လ  အမိန့် ချမှတ်ခံရပါတယ်။ ၂၀၀၉ခုနှစ်မှာ အယူခံဝင်တာ အောင်မြင်သွားပြီး ထောင်ဒဏ် ၁၂နှစ် ပြောင်းလဲ သတ်မှတ်ခံရပါတယ်။ ဘလောဂါတစ်ဦး ဖြစ်တာကြောင့် အမှုတွေက ပိုများ သွားတာလား။ 
ဖြေ - အဓိကအချက်ကတော့ သုံးမှုပေါ့ ။ သုံးမှုမှာ ထင်တာ မြင်သာရှိတဲ့ အမှုကတော့ မျှော်စင်ကျွန်းက သီးလေးသီး အငြိမ့်ပေါ့။ သီးလေးသီး အငြိမ့်ခွေကို ကိုဇာ(ဇာဂနာ)ကြီးက ပေးကြည့်တယ်။ ပေးကြည့်တာကို ကျွန်တော်က ကျွန်တော့် သူ ငယ်ချင်း၊ ကျွန်တော်နဲ့ အမှုတွဲ မသင်းဂျူလိုင်ကို တစ်ခွေ ကူးပေးလိုက်တယ်။ ဒါက ထင်သာမြင်သာ၊ ကျွန်တော်တို့ကို မိတာ အဲဒီအခွေတွေနဲ့ မိတာ။ သီးလေးသီး အခွေနှစ်ခွေနဲ့ မိတာပေါ့။ အဲဒီမှာ ကျွန်တော့်ကို လက် ၀ယ်တွေ့ရှိမှုနဲ့ ခြောက်လ၊ ပုဒ်မ ၃၆၊ ၃၂(ခ)ကကျတော့ ဖြန့်ချိမှုပေါ့၊ ကျွန်တော့် သူငယ်ချင်းကို ကျွန်တော်တစ်ခွေ ပေးလိုက်တဲ့ အတွက်ကြောင့် ဖြန့်ချိမှုဆိုပြီး သုံးနှစ်ပေါ့၊ စစ်ရင်း စစ်ရင်းနဲ့ ဘလောဂါ နေဘုန်းလတ်ဆိုပြီး သူငယ်ချင်းတွေကလည်း ၀ိုင်း အော်ကြတာကိုး၊ အပြင်မှာ ဖြစ်တဲ့ အခါကျတော့ သူတို့က လိုက်ရင်း၊ လိုက်ရင်းနဲ့ ဘလော့အကြောင်းတွေပါ သူတို့နည်းနည်း သိလာတယ်။ အိုင်တီမှာ ဘလော့ ဆိုတာမျိုးက တော်တော်ပြန့် နှံ့နေပြီး အများကြီးရှိတာကိုးဗျ။  ပုံမှန်ဆိုရင်  ကျွန်တော့် ဘလော့မှာ အစိုးရနဲ့ပတ်သက်တာတွေ ဝေဖန်တာတွေ သိပ်မရေးဘူး။ ကျွန်တော့် အနုပညာဗျာ၊ ၀တ္ထုလေးတွေရေးမယ်၊ ဆောင်းပါးလေးတွေ၊ ကဗျာတွေ၊ အတွေ့အကြုံတွေ ရေးတယ်ပေါ့ဗျာ။ ဒါပဲရေးတာ။ ဒါပေမယ့် သူတို့က ကျွန်တော့်ဘလော့ဆိုတာထက် ဘလော့တွေအားလုံးကို ရှာကြည့်တာ။ ဘလော့တွေကလည်း အဲဒီအချိန်မှာ ၂၀၀၇ မှာသိတဲ့အတိုင်းပဲ။ ဘလော့တွေက ပလူပျံနေတာပဲ။ အဲဒီခါကျတော့ ဘလော့နဲ့ ဆွဲမယ်ဆိုရင် ဆွဲလို့မရဘူး။
နောက်တစ်ခု ဆွဲလို့ရတဲ့အမှုက ဘာသွားတွေ့လဲဆိုတော့  ကျွန်တော့် အီးမေးလ် password ပေးလိုက်ရတယ်ဗျာ။ ဘာ သွားတွေ့လဲဆိုတော့ အ၀င်ပေါ့၊  Inbox ထဲမှာ နိုင်ငံတော် အကြီးအကဲပုံ ရုပ်ပြောင်တွေ၊ ကာတွန်းတွေ၊ စက်တင်ဘာနဲ့ ပတ်သက်တဲ့ပုံတွေ အဲတာတွေက အဲဒီအချိန်မှာ ပျံ့နှံ့နေတာ။ အဲတာတွေက ကျွန်တော့်မေးလ် Inbox ထဲကိုဝင်နေတယ်။ အဲတာကို သူတို့က အတိအကျ ခေါင်းစဉ်တပ်တာက Gmail Inbox တွင် နိုင်ငံတော် အကြီးအကဲများ၏ ရုပ်ပြောင်ပုံကို တရားမ၀င် သိမ်းဆည်းမှု၊ ၃၃(က)က အဲဒီခေါင်းစဉ်နဲ့ တပ်တာ၊ ကျွန်တော်ကတော့ ရှင်းပြတာပေါ့၊ Inbox ဆိုတဲ့ သဘောတရားကို၊ Inbox ဆိုတာက အိမ်ရှေ့မှာ စာတိုက်ပုံးလေးတစ်ခု ထားထားသလိုပဲလို့၊ တွေ့ရာလူက ၀င်ထည့်သွားလို့ရတာပဲ၊ ဒီဟာက အိမ်ရှင်နဲ့ မပတ်သက်ဘူးလေ၊ Inbox ထဲကဟာတွေက သူ့ဟာသူ ၀င်နေတာက၊ ကျွန်တော် ဖွင့်ဖတ်ထားတာလည်း မရှိဘူးဗျာ။ အိုင်တီနဲ့ ပတ်သက်ပြီး ရှင်းပြ တယ်။ ဘလော့ဆိုတာ ဘယ်လို ဆိုတာလည်း ရှင်းပြတယ်။ ကျွန်တော့် ဘလော့ကို ၀င်ကြည့်၊ ကျွန်တော် ရေးထားတာတွေအတွက် တာဝန်ယူတယ်။ အဲတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို ဆွဲမယ်ဆိုရင် ဆွဲ၊ အဲလိုလည်း မဟုတ်ဘူး၊ အဲဒီ Inbox ကဟာကိုပဲ ပြဿနာ ရှာပြီးတော့ အဲဒီမှာ ၁၅နှစ် ပေါ့။ အမြင့်ဆုံးပဲ။ သူက ၇နှစ်က နေ ၁၅နှစ်အထိ ချလို့ရတယ်။ အဲမှာမှ အမြင့်ဆုံး ၁၅နှစ်ကို ချတယ်။ နောက် ၅၀၅(ခ) ကျတော့  စက်တင်ဘာမှာ ပါလားလို့ ကျွန်တော့်ကို မေးတယ်။ အဲတာကျတော့ ကျွန်တော်  ငြင်းစရာ အကြောင်းမရှိဘူး။ ပါတယ်။ စက်တင်ဘာမှာ ဘုန်းကြီးတွေနဲ့ အတူ ဘေးကနေ လမ်းလျှောက်ပြီး ပါတယ်လို့ ပြောလိုက်တယ်။ အဲတာက ၅၀၅(ခ)နဲ့ နှစ်နှစ်။ အားလုံးပေါင်း အနှစ်နှစ်ဆယ်နဲ့ ခြောက်လပေါ့။
မေး - အမိန့် ချမှတ်ခံရပြီးတဲ့နောက်မှာ သတင်းတစ်ချို့ ထွက်ခဲ့ပါတယ်။ တစ်ခုက ကိုနေဘုန်းလတ်ဟာ NLD လူငယ် ဖြစ်နေတယ်ဆိုတာ တစ်ချက်၊ နောက်ပြီး ကိုဇာဂနာရဲ့ ဘလော့ အတွက် ကူညီပေးခဲ့တယ်ဆိုတာ တစ်ချက်၊ ဒီနှစ်ချက်ကြောင့် နှစ်တွေ အများကြီး ကျသွားခဲ့တာလား ဆိုတဲ့ မေးခွန်းတွေပါ။ အဲတာရော ဟုတ်ပါသလား။ 
ဖြေ - အဲတာတွေက effect တွေတော့ ရှိမှာပေါ့ဗျာ။ ကိုဇာဂနာ ဘလော့ကို လုပ်ပေးတာတော့ မဟုတ်ပါဘူး။ အဲဒီ အချိန်တုန်းက ကိုဇာဂနာနဲ့ ကျွန်တော် ရင်းနှီးတဲ့ အခါကျတော့ သူက သူ့ဘလော့မှာ မြန်မာလို မပေါ်လို့ဆိုပြီး ကျွန်တော် သွားလုပ်ပေးဖူးတယ်။ အဲတာ လေးပါပဲ။ နောက်ပြီးတော့ NLD လူငယ် တာဝန်ခံလည်း ဖြစ်တယ်။ အဲဒီတုန်းက ၈၈ က၊ မနီလာသိန်းတို့ ကိုထွန်းမြင့်အောင်တို့က  ပုန်းနေရတဲ့ အချိန်လေ၊ အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို ပုဂ္ဂိုလ်ရေး ခင်မင်မှုအရ ပစ္စည်းလေးတွေ လှမ်းမှာရင် ပို့ပေးတာလေးတွေရှိတယ်။ အခွေတွေဘာတွေရှိရင်လည်း သူတို့ကို လူကြုံနဲ့ချိတ်ပြီး ပေးတာတွေရှိတယ်။ အားလုံးက ပုဂ္ဂိုလ်ရေးအရ ကူညီခဲ့တာတွေပဲ ရှိတယ်။ မနီလာသိန်းတို့ ဆိုရင်လည်း ၀ရမ်းပြေးဖြစ် တယ်ဆိုရင် တရားဝင် ကြေညာလေ။ ကြေညာတာလည်း မရှိဘူး၊ ဆက်သွယ်ရင် ဘာညာလည်း ပြောမထားဘူး။ မရှိတော့ ဒီလူတွေကို လူမှုရေးအရ ကူညီတာပဲ ရှိတယ်။ NLD အဖွဲ့ဆိုတာလည်း တရားဝင်ပါတီလေဗျာ။ လူငယ်အဖွဲ့နဲ့ တရားဝင်ပါတီ ၀င်လုပ်ထားတာလည်း  ပြဿနာမရှိဘူး။ သေချာတာကတော့ ဇာဂနာ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ နီလာသိန်းနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းလို့မရဘူး။ NLD လူငယ်မို့လို့လည်း ဖမ်းလို့မရဘူး။ ဒါပေမယ့် ဒီဟာတွေရဲ့ effect ပေါ့နော်။ နောက်ပြီး ဘလောဂါ ဆိုတာကလည်း ၂၀၀၇နောက်ပိုင်းမှာ ဘလော့တို့၊ ဘလောဂါတို့ကို နည်းနည်း မျက်စိစပါးမွှေးစူးတဲ့ သဘောရှိပါတယ်။
မေး - ၂၀၀၄ ခုနှစ်မှာ ရန်ကုန် နည်းပညာတက္ကသိုလ်ကနေ B.E(Civil) နဲ့ ကျောင်းပြီးခဲ့တယ်။ အဲဒီအချိန် နောက်ပိုင်းမှာ စင်ကာပူကို သွားခဲ့တယ်။ ကိုနေဘုန်းလတ် စင်ကာပူကို သွားတဲ့ အချိန်က ဘာပဲပြောပြော စင်ကာပူမှာ မြန်မာတွေ ခေတ်ကောင်းတဲ့ အချိန် ဖြစ်နေတယ်။ စင်ကာပူကနေ မြန်မာနိုင်ငံကို ဘာကြောင့် ပြန်လာခဲ့တာပါလဲ။ 
ဖြေ - ကျွန်တော် စင်ကာပူ သွားတာ က Visit နဲ့ထွက်ပြီး အလုပ်ရှာတယ်။ ဟိုမှာ အလုပ်လုပ်တယ်။ တစ်နှစ် လောက်လုပ်တယ်။  ပြီးတော့ ကျွန်တော်အိမ်ကို ပြန်လာတယ်။ တခါတလေကျတော့လည်း ပြန်သွားတယ်ပေါ့။ အဓိကက ကျွန်တော့် အဘိုး နေမကောင်းဖြစ်လို့ တစ်ခေါက် ပြန်လာတယ်။ စင်ကာပူမှာ အလုပ် လုပ်နေတုန်းပဲ။ အဖမ်းခံရတဲ့အထိ စင်ကာပူ အလုပ်ကဒ်နဲ့ပဲ။ ကျွန်တော်ကတော့ အမှန်အတိုင်း ပြောရရင် နိုင်ငံတကာမှာ သွားပြီး နေနေရတာ ဘယ်လိုမှ ခံစားလို့ မရဘူးဗျ။ မိသားစု ပေါ်မှာလည်း တွယ်တာတယ်ဗျာ။ ပြီးတော့ ကိုယ့်မြေ ကိုယ့်ရေ ပေါ်မှာလည်း ချစ်တဲ့စိတ်ပေါ့။ အဲတာတွေကလေ လူတိုင်းမှာတော့ မတူနိုင်ဘူး သိလား။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ဘူး။  ကျွန်တော် စင်ကာပူမှာ နေနေရတာနဲ့ မြန်မာနိုင်ငံ အတွင်းမှာပဲ၊ ကျွန်တော် ထောင်ထဲမှာ နေနေရတဲ့ ခံစားချက်က မတူဘူး။ ထောင်ထဲမှာ ကျွန်တော် အဲလောက် စိတ်မညစ်ဘူး။ စင်ကာပူမှာ ကျွန်တော် စိတ်ညစ်တယ်။ ကျွန်တော် မနေနိုင်ဘူး။ အဲတာကတော့ ဘယ်လို ဖြစ်လဲဆိုတော့ လူတိုင်းကို ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မျှော်လင့်လို့ မရဘူးဗျ။ ဒါကတော့ ကျွန်တော် တစ်ဦးတည်းရဲ့ ခံစားချက်ပေါ့။
မေး - ထောင်ထဲကို ရောက်သွားတဲ့ အချိန်မှာ ကိုနေဘုန်းလတ် ပြန် လွတ်လာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ http://freenpl.blogspot.com ဘလော့တစ်ခု ပေါ်လာခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာတော့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပေးတဲ့ဆုကို ကိုဇာဂနာနဲ့အတူ ကိုနေဘုန်းလတ် ရခဲ့ပါတယ်။ တစ်ခါ ၂၀၁၀ပြည့်နှစ်မှာတော PEN American အဖွဲ့ကပေးတဲ့ PEN ဆုကို မြန်မာနိုင်ငံက ဘလောဂါအနေနဲ့ ရခဲ့ပြန်ပါတယ်။ အဲဒီနှစ်မှာပဲ ပိုပြီး ထူးခြားသွားတာက ၂၀၁၀ပြည့်နှစ် အတွက် Time မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ ဟီးရိုး ၁၀၀ စာရင်းမှာ ပါဝင်ခဲ့တာပါပဲ။ ရွေးချယ်ခံရတဲ့ ကိုနေဘုန်းလတ် အကြောင်းကို ၁၉၈၁ခုနှစ်မှာ Midnight's Children  စာအုပ်နဲ့ ဘွတ်ကာ စာပေဆု ရခဲ့တဲ့ စာရေးဆရာ Salman Rushdie က ရေးခဲ့ပါတယ်။ ဒီရွေးချယ်မှုတွေမှာ အဓိက ထည့်ပြောခဲ့တာက မြန်မာလူငယ်တွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်မှာ ကိုနေဘုန်းလတ်က တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရတယ်လို့ မှတ်ချက်ပြု ခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာလူငယ်ထုရဲ့ ကိုယ်စားပြု ပြယုဂ်အဖြစ် တင်စားခဲ့တာပါ။ ဒီလို သတ်မှတ်မှုတွေအတွက် ဘယ်လို ထင်မြင်မိပါသလဲ။ 
ဖြေ - အဲတာက ကိုယ်စားပြုပြီး ပေးတဲ့သဘောပဲဗျ။ နောက်ပြီး တစ်ဦး တစ်ယောက်တည်း အပေါ်ကို ရည်ရွယ်ပြီး ပေးတာတော့ မဟုတ်ဘူး။ အဲတာတော့ သေချာတယ်။ သဘောကတော့ လှိုင်းပါပဲ။ လူငယ်တွေရဲ့ လှိုင်းပါပဲ။ ဘလော့တွေ ရေးကြ တယ်။ အိုင်တီ နည်းပညာတွေကို ကျွမ်းကျင်တဲ့သူတွေက လှိုင်းတစ်ခု ဖန်တီးခဲ့ကြတယ်။ အဲဒီလှိုင်းကြောင့် ၂၀၀၇ခုနှစ်မှာ၊ အရင်တုန်းက တစ်ခုခုဖြစ်တယ်ဆိုရင် သိပ်မသိလိုက်ရပဲ ပြီးသွားကြတာရှိတယ်။ ၂၀၀၇မှာတော့ ဘလောဂါတွေ၊ အိုင် တီစိတ်ဝင်စားတဲ့ လူငယ်တွေ၊ ဘယ်သူကမှ ခိုင်းလို့ မဟုတ်ဘူးနော်၊ ကိုယ့်ရှေ့မှာ ဘာဖြစ်နေလဲ၊ ဘာတွေ မတရားဖြစ်နေလဲ၊ ဓာတ်ပုံရိုက်လိုက်တယ်၊ အွန်လိုင်းပေါ် တင်လိုက်တယ်၊ ဒီပုံစံနဲ့ပဲ ကျွန်တော်တို့ သွားခဲ့ကြတယ်။ ကျွန်တော့်ကို စစ်ကြောရေး လုပ်တုန်းကလည်း မေးတယ်။ မင်းတို့ စက်တင်ဘာမှာ ဘာလို့ဝင်ပါတာလဲ။ ဘယ်သူက ခိုင်းလို့လဲ သူတို့ အဲတာတွေ မေးခဲ့ကြတယ်ဗျ။ ဘယ်သူမှ မခိုင်းဘူး။ လူငယ်တွေကို ဘယ်သူမှ ခိုင်းစရာမလိုဘူး။ လူငယ်တွေရှေ့မှာ မတရားတာတော့ မလုပ်နဲ့၊ ပြောမှာပဲ၊ သူပြောလို့ရတဲ့ နေရာက ပြောမှာပဲ။ ဘလော့ရှိရင် ဘလော့ကပြောမှာပဲ၊ မီဒီယာရှိရင် မီဒီယာက ပြောမှာပဲ။ သူတတ်နိုင်တဲ့ ဘက်က ဆန့်ကျင်မှာပဲ။ ဒါကလူငယ်ရဲ့ သဘာဝပဲ။
အဲဒီမှာ ဘလော့တို့ အိုင်တီနည်းပညာ ကျွမ်းကျင်တဲ့ လူငယ်တွေရဲ့ စွမ်းဆောင်မှုကြောင့် ဒီဟာက လှိုင်းတစ်ခုဖြစ်သွားတယ်။ အဲဒီတော့ ဒီလူငယ်တွေအားလုံးကို သူကရည်ရွယ်တာပဲ။ ကျွန်တော်ကတော့ ထောင်ကျ သွားတယ်ပေါ့ဗျာ။ အမှန်အတိုင်း ပြောရင် ဒီဟာတွေရဲ့ effect တွေပါတယ်ဗျာ။ ကျွန်တော့် ဘလော့ကြောင့် ဆိုတာထက်ကို ဘလော့တွေ ကြောင့်ပေါ့နော်။ ကျွန်တော်ဟာ ဘလောဂါ တစ်ဦးလည်းဖြစ်တယ်။ ကျွန်တော့် ဘလော့မှာ ဘာမှ မရေးပေမယ့် အခြား ဘလော့တွေနဲ့ ဆက်စပ်နေတယ်။ ဆိုတဲ့ အခါကျတော့ ကျွန်တော့်ကိုများ စံပြအနေနဲ့ ဟန့်လိုက်ရင် နောက်လူတွေ တန့်သွားမယ်ဆိုတဲ့ စဉ်းစားမှုမျိုး အစိုးရဘက်က စဉ်းစားသလိုပဲ ဟိုဘက်က ကျတော့လည်း ဘလောဂါတွေ အားလုံးကို ဂုဏ်ပြုချင်တာ၊ အိုင်တီကို စိတ်ဝင်စားတဲ့ လူငယ်တွေကို ဂုဏ်ပြုချင်တာ၊ တိုင်းပြည်ရဲ့ အပြောင်းအလဲတစ်ခုမှာ အတိုင်းအတာ တစ်ခုအထိ အခန်းကဏ္ဍတစ်ခု အဖြစ်ပါဝင်တဲ့ အိုင်တီသမားတွေ၊ ဘလောဂါတွေကို ဂုဏ်ပြုချင်တာ၊ အဲလို ဂုဏ်ပြုဖို့အတွက်ကို ကျွန်တော်က ထောင်ကျသွားတဲ့အခါ ကျွန်တော့်ကို ဆွဲထုတ်လိုက်ပြီးတော့ ဆုတွေပေးတယ်ပေါ့ ဗျာ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ခံယူထားတယ်။
မေး - ထောင်ထဲ ရောက်သွားပေမယ့်လို့ ကိုနေဘုန်းလတ် ထောင်ထဲမှာရေးထားတဲ့ စာတွေက အွန်လိုင်းပေါ်မှာ ရှိနေခဲ့တယ်။ သိရသလောက်ကတော့ တစ်ချို့နေရာတွေမှာ၊ ထောင်ထဲမှာ စာရေးခွင့်မရှိပါဘူး။ ကိုနေဘုန်းလတ်အနေနဲ့ ထောင်ထဲမှာ ဘယ်လိုနည်းနဲ့ စာရေးခဲ့ပါသလဲ။ 
ဖြေ - အိမ်ကို စာရေးလို့ရတယ်ဗျ။ ထောင်တစ်ခုနဲ့ တစ်ခု မတူဘူးဗျာ။ တစ်ချို့တွေ ကျတော့လည်း စာရွက် အပိုင်းလေးတစ်ခုပေးပြီး အဲတာပဲ ရေးရမယ်။ အဲထက် ပိုမရေးရဘူး။ ကန့်သတ်တာတွေ ရှိတယ်။ တစ်ချို့တွေကျတော့လည်း မိသားစုတွေဆီပဲ ရေးရမယ်ဆိုတာ ကန့်သတ်တာ ရှိတယ်။  လုံးဝရေးခွင့် မပေးတာမျိုးတွေ ရှိတယ်ပေါ့။  ထောင်ထဲမှာ ကျွန်တော် အမြဲစဉ်းစားတယ်လေ။ အိုင်တီသမားဆိုတော့ ပိုဆိုးတယ်။ ကျွန်တော်တို့က connection နဲ့ အလုပ်လုပ်နေရတာ။ ချိတ်ဆက်မှုမရှိရင် လူက သပ်သပ် ဘေးရောက်သွားရောလေ။ တတ်နိုင်သမျှ အပြင်လောကနဲ့ ချိတ်ဆက်နိုင်အောင် နည်းမျိုးစုံနဲ့ ကျွန်တော် စဉ်းစားတယ်ပေါ့။ ဘယ်လို ချိတ်ဆက်မလဲပေါ့။ အဲဒီမှာ စာရေးတဲ့ လမ်းကြောင်းကို ကျွန်တော်ဖွင့်တယ်။ စမ်းတယ်ပေါ့။ ပထမကတော့ အမေကိုရေး၊ အဖေကိုရေး၊ ညီကိုရေး၊ တဖြည်းဖြည်းနဲ့ သူငယ်ချင်းတွေဆီကိုရေး၊ နိုင်ငံခြားက လူတွေဆီကိုပါရေး၊ ပထမတော့ ပေးစာလေးတွေရေး၊ နောက်တော့ ကဗျာတွေပါ ထည့်ရေး၊ အဲလိုမျိုးနဲ့၊ အခု လွတ်ခါနီးဆို တော်တော်လေးကို အဆင်ပြေတယ်။ နိုင်ငံရေးအကြောင်းတွေလည်း ရေးတာပဲ။
မေး - အဲဒီလို ရေးခဲ့တဲ့အထဲမှာ သတိထားမိတာတစ်ခုရှိပါတယ်။ ၂၀၀၉ ခုနှစ်လောက်တုန်းကရေးခဲ့ပြီး သံလွင်အိပ်မက်မှာ ဖော်ပြထားခဲ့ 'ညီလေးရေ' ဆိုတဲ့ပေးစာပါ။ ဒီစာကိုဖတ်ရင်းက (ကို) ထူးအိမ်သင်ကို ကြိုက်တဲ့ ကိုနေဘုန်းလတ်ရဲ့ အရေးအသားတွေကဟာ (ကို) ထူးအိမ်သင် ဆိုထားတဲ့ ညီလေးရေ သီချင်းကို ပြန်ပြီး အမှတ်ရစရာဖြစ်ခဲ့ပါတယ်။ တာရာမင်းဝေနဲ့ မင်းခိုက်စိုးစန်ရဲ့ အစောပိုင်း စာတွေကို နှစ်ခြိုက်သူ ဖြစ်တာကြောင့်လည်း ရေးသားတဲ့ပုံစံက သူတို့ရဲ့ပုံစံနဲ့ဆင်နေတာ တွေ့ရပါတယ်။ အဲဒီမှာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ဗန်းမော်တင်အောင်ရဲ့ ပြောစကား။ 'လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ ဖြတ်သန်း ကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပုခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်း တာဝန်ကို သူ ဘယ်လောက် သယ်ပိုး ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အချက်နဲ့ တိုင်းတာရမှာပဲ'ဆိုတဲ့ စာသားကို ထည့်သုံးခဲ့ပါတယ်။ ဒုတိယ တစ်ချက်ကတော့ equation တစ်ခုကို သုံးခဲ့ပါ တယ်။ Event + Ego  =Emotion ၊ Emotion + Exit  = Effect ဆိုတဲ့ ညီမျှခြင်းတစ်ခုပါ။ ဒီအချက်နှစ်ချက် ထည့်သုံးခဲ့တာနဲ့ပတ်သက်လို့ အခုချိန်မှာ ပြောချင်တာ တစ်ခုခုရှိနေမလား။ 
ဖြေ - ကျွန်တော်က စာအစုံဖတ်တယ်လေ။ ဖတ်ရင်းက တစ်ချို့ဟာတွေကို  notes ထုတ်ထားတာတွေရှိတယ်။ ထုတ်ထားပြီး စာရေးဆရာတွေ ပြောတဲ့ စကားတွေထဲမှာမှ ကျွန်တော် ဆင့်ပွားပြီး ထပ်တွေးထားတာ တွေရှိတယ်ပေါ့နော်။ ဆရာ ဗန်းမော်တင်အောင် စကားကတော့ ကြိုက်တာကိုး၊ ကိုယ်လည်း ကြိုက်တော့ ပြန်မျှဝေတာပေါ့။ ကျွန်တော်က ကျွန်တော့် ညီအတွက် ရေးတာမှန်ပေမယ့် အထဲမှာကတည်းက အားလုံးအတွက် ပြန်မျှဝေပြီး ရေးတာလေ။ လူငယ်ထုအားလုံးအတွက် ရည်ရွယ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ပဲ ကျွန်တော်ရေးခဲ့တာ။ ပေးစာသဘောပေါ့နော်။ ဘောင်ကျဉ်းကျဉ်းနဲ့တော့ ကျွန်တော်ရေးတာ မဟုတ်ဘူး။
E ခြောက်လုံးကို ရေးခဲ့တာကတော့ ဒီလိုပါ။ ညီမျှခြင်းနှစ်ခုလုံး မှာတွေပါတော့ E ခြောက်လုံး သီအိုရီပေါ့။ အဓိပ္ပာယ်ကတော့ ရှင်းပါတယ်။ အဖြစ်အပျက် (Event) တွေကို အတ္တစိတ်(Ego) နဲ့ ပေါင်းမကြည့်ရင် ဘာမှ မဖြစ်ဘူး။ ပေါင်းမိပြီဆိုရင် စိတ်လှုပ်ရှားမှု (Emotion) ဖြစ်လာမှာပဲ။ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှုကလည်း သူ့ဘာသာသူ စိတ်ထဲမှာပဲ နေရင် ဘာမှမဖြစ်သေးဘူး။ ထွက်ပေါက်(Exit) နဲ့ တွေ့ရင်တော့ အပြင် ထွက်လာပြီး ၀န်းကျင်ကို အကျိုးဆက် (Effect) တွေ သက်ရောက်တော့တာပဲ။ အဲဒါလေးပါ။
ကျွန်တော်တို့က ပုထုဇဉ်တွေဆိုတော့ Event နဲ့ Ego ကို ခွဲမထားတတ်သေးဘူး။ အဲဒီတော့ Emotion တွေလည်းဖြစ်နေမှာပဲ။ Emotion ကလည်း Exit ကိုလိုက်ရှာပြီး မတွေ့မချင်း စိတ်ထဲမှာ ကလိကလိ ဖြစ်နေမှာ၊ အဲဒီ့တော့ Exit တစ်ခုကိုတော့ ဖွင့်ပေးရမှာပေါ့။ Exit ဖွင့်လိုက်ပြီဆိုတာနဲ့ Effect ကဖြစ်လာပြီ။ ဆိုတော့ကာ၊ ကောင်းသော အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့ ကောင်းသောထွက်ပေါက်ကိုပဲ ရှာဖွင့်မိဖို့ ကြိုးစားရမယ်။ စိတ်ခံစားမှုတွေကို အတ္တနည်းသထက်နည်းအောင် စစ်ယူရမယ်။ အကောင်းဆုံး ကတော့ အဖြစ်အပျက်တွေတိုင်းကို အတ္တထည့်မပေါင်းဘဲ သူ့အတိုင်းမြင်အောင် ကြည့်နိုင်ဖို့ပေါ့။ ဒါက ဘာသာရေးဘက် နည်းနည်း ရောက်သွားတယ်။  တချို့တွေ ပြောကြတယ်။  အရာရာကို စိတ်ခံစားမှုနဲ့ မဆုံးဖြတ်နဲ့ ဆိုတာလေ။ Exit ကို လိုက်ရှာတဲ့အခါမှာ Emotion နဲ့ အတူ အသိဥာဏ်ပညာ (Wisdom) ကိုထည့်ပေးလိုက်နိုင်မယ်ဆိုရင် အကျိုးဆက်(Effect)တွေ ကောင်းလာနိုင်စရာ ရှိတယ်လို့ ပြောနိုင်ပါတယ်။
ဒီကိစ္စက အခုလက်ရှိ နိုင်ငံရေးအတွက်လည်း အရေးကြီးတယ်။  Event  တွေကို ကျွန်တော်တို့က Ego တွေဝင်ပြီးတော့ စဉ်းစား နေကြတယ်လေ။ Event ကြီးပဲ သပ်သပ်မမြင်နိုင်ဘူး ဖြစ်နေတယ်။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကျွန်တော်က လစ်ဗာပူး ပရိသတ်ဆိုတော့ ငါ့အသင်းကို အားပေးတာနဲ့ အခြားအသင်းနှစ်သင်း ကန်ပြီး ပရိသတ်တစ် ယောက်အနေနဲ့ အားပေးတာ မတူဘူးလေ။ အဲလိုပဲ Event တွေကို မြင်တဲ့အခါမှာ အတ္တစိတ်ကို ထည့်ပြီးစဉ်းစားတဲ့ အခါကျတော့ အမြင်တွေက တစ်မျိုး ဖြစ်ကုန်တယ်။ တတ်နိုင်သမျှ ဖယ်ပြီး  Event တစ်ခုကို Event အဖြစ် မြင်နိုင်အောင် စဉ်းစားရမှာ ပေါ့။ အဲတာမှ bird's-eye view ပေါ့။ အပေါ်စီးက ကြည့်သလို မြင်ရမှာ။ ကိုယ့်အတ္တပါရင် ကိုယ်ကပါ Event ထဲရောက်သွားပြီးတော့ မြင်ကွင်းမ ရှင်းတော့ဘူးဗျာ။ အပေါ်စီးကကြည့်တာ မဖြစ်တော့ဘူး။ ပိုပြီးတော့ ရှေ့ဆက်သွားစရာလမ်းကြောင်းက ဘာလဲ။ ဘယ်သွားရင် ဘာဖြစ်မလဲဆိုတာ အပေါ်စီးက ကြည့်ရင် ရှင်းရှင်းလင်းလင်း မြင်ရတယ်။
စိတ်ခံစားမှု သဘောကတော့ အန်တီလည်း ပြောတယ် ထင်တယ်။  နိုင်ငံရေးက စိတ်ခံစားမှုနဲ့ မလုပ်ရဘူးဆိုတာ။ စိတ်ခံစားမှု လုံးဝမပါလို့လည်း မဖြစ်ဘူးဗျ။ စိတ်ခံစားမှုတွေက ရှိကြတာပဲ။ ဒီမှာက Wisdom လေးကို ထည့်ဖို့ပါပဲ။ စိတ်ခံစားမှုလည်း ရှိမယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ ဒီစိတ်ခံစားမှုလေးကို ကြည့်နေပေါ့။ စကားတစ်ခွန်း ပြောရင်တောင်မှ ဒေါသနဲ့ ပြောလိုက်တာလားပေါ့နော်။ အဲတာလေးတွေက ကိုယ်သတိထားပြီး ကြည့်နေရင် မြင်တယ်လေ။ အိုင်တီမှာတော့ တစ်ခွန်းပြောဖူးတယ်။ think again ပေါ့လေ။ before you hit enter ပေါ့နော်။ enter မခေါက်ခင် ပြန်စဉ်းစားပါပေါ့လေ။

မေး - ညီလေးရေ ပေးစာထဲမှာပဲ ထည့်ရေးထားတာ ရှိပါတယ်။ အမြဲတန်းရွေ့နေအောင် ကြိုးစာရမယ်ဆိုတာ။ အဲဒီမှာလည်း ငယ်စဉ်မှာ သင်ခဲ့ရတဲ့ ညီမျှခြင်းတစ်ခုကို ထည့်ရေးခဲ့ပါတယ်။ KE = 1/2 mv 2 ဆိုတဲ့ ညီမျှခြင်းပါ။ ဒီညီမျှခြင်းကို ထည့်ရေးဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကရော ဘာဖြစ်မလဲ။ 
ဖြေ - ဟိုထဲမှာက ကျွန်တော် အမြဲတန်း  Brain Storming လုပ်တယ်လေ။ အချိန်တွေက အားနေတာကိုး၊ စာဖတ်၊ Brain Storming လုပ်ပေါ့။ အဲဒီ ညီမျှခြင်းက အဲတာကြောင့် ထွက်လာတာ။  KE ဆိုတာ အရွေ့စွမ်းအင်၊ M ကဒြပ်ထု၊ v ကတော့ အလျင်။ အဲဒီညီမျှခြင်းကို စဉ်းစားကြည့်တယ်။ စွမ်းအင်တစ်ခုရှိနေဖို့ အလျင်တစ်ခုနဲ့ ရွေ့နေဖို့ လိုတယ်လို့။ လူသားတွေ အနေနဲ့  အစွမ်းရှိတဲ့သူတွေ ဖြစ်နေဖို့ ရွေ့နေဖို့ လိုတယ်လေ။ ရပ်လိုက်တဲ့နေ့ဟာ စွမ်းအင်မဲ့ သွားတဲ့နေ့ပဲ။ ဒီနေရာမှာ ရွေ့နေရမယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာပဲ ဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာမှာပဲ ဖြစ်ဖြစ် တိုးတက်မှု တစ်ခုခုရှိနေရမယ်လို့။ ကိုယ်တိုင်ကလွဲလို့ ဘယ်လို အခြေအနေမျိုးကမှ ကိုယ့်ရဲ့အရွေ့ကို မတားမြစ်နိုင်ဘူးဆိုတာ ကိုလည်း သိထားဖို့ လိုတယ်။ ဘယ်လိုနေရာကိုပဲ ရောက်ရောက်၊ ဘယ်လိုအခြေအနေမျိုးကိုပဲ ရောက်ရောက် အလျင်တစ်ခုနဲ့ ရွေ့နေတဲ့၊ တိုးတက်မှုရှိနေတဲ့သူတစ်ယောက်ဖြစ်အောင် ကြိုးစားနေဖို့ လိုမယ်ဆိုတာပါ။ ဒါမှ စွမ်းအင်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး အဲဒီစွမ်းအင်နဲ့ ကိုယ့်ရဲ့ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့သူဖြစ်မှာပေါ့။
ဒီလိုပြောတော့ လူတစ်ယောက်ဟာ ရွေ့လျားမှု လုံးဝမရှိတော့ရင် စွမ်းအင်လုံးဝမဲ့ သွားရောလားလို့ မေးစရာ ရှိလာတယ်။ အဲဒီ မေးခွန်းအတွက် အဖြေထုတ်ဖို့  ညီမျှခြင်းတစ်ခုရှိတယ်။
PE = mgh တဲ့ ။ PE က အတည် စွမ်းအင်၊ m ကဒြပ်ထု၊ g က ကမ္ဘာ့ဆွဲအား၊ h ကတော့အမြင့် ။ ရွေ့မနေလို့ အရွေ့စွမ်းအင် မရှိပေမယ့်လည်း အမြင့်တစ်နေရာကို ရောက်နေပြီဆိုရင်တော့ Potential Energy လို့ခေါ်တဲ့ အတည် စွမ်းအင်တစ်ခုရှိ နေနိုင်တယ်။ အဲဒီတော့ စွမ်းအင်ရှိနေတဲ့သူ တစ်ယောက်ဖြစ်ဖို့ ရွေ့ချင်ရင် ရွေ့နေ ဒါမှမဟုတ်ရင်တော့ အမြင့်တစ်နေရာမှာ ရှိနေဖို့ လိုတယ်လို့ သုံးသပ်လို့ရတယ်။ ဒီနေရာမှာ အမြင့်တစ်နေရာဆိုတာ ဘယ်လိုနေရာလဲ။ ရူပဗေဒ သဘောတရားအရတော့ သစ်ပင်တစ်ပင်ပေါ်ကို တက်နေလိုက်တာနဲ့ အမြင့်တစ်နေရာကို ရောက်သွားပြီး PE ရှိသွားပြီ။ ဆိုလိုချင်တာက အဲဒီအမြင့် မဟုတ်ဘူး။ လူတစ်ယောက်ကို သူဖြတ်သန်းခဲ့တဲ့ သူ့ရဲ့သမိုင်းကိုကြည့်ပြီး လူအများက တညီတညွတ်တည်း ဦးနှောက်ထဲမှာရော နှလုံးသားထဲမှာပါ တစ်နေရာ စာပေးလိုက်တဲ့ အမြင့်တစ်နေရာကို ပြောချင်တာ။ ကျွန်တော်တို့က ငယ်သေးတဲ့အတွက် အဲဒီလိုအမြင့် တစ်နေရာမျိုးကို မရောက်နိုင်သေးဘူး။ အဲဒီတော့ အမြဲတမ်းရွေ့နေအောင် ကြိုးစားနေရမယ်။ KE က အသုံးချတန်ဖိုး၊ PE က ပကတိတန်ဖိုးပေါ့။
မေး- အမြဲတန်းရွေ့နေအောင် ကြိုးစာရမယ်ဆိုပြီး လူငယ်ထုကို ပြောခဲ့တဲ့ ကိုနေဘုန်းလတ်ရဲ့ ခံယူချက်ကရော ဘယ်လိုရှိမလဲ။ နောက်တစ်ခုကတော့ မရည်ရွယ်ပေမယ့် အလိုလို ရပ်သွားရတဲ့ သူတွေ ရှိနေတယ်။ အဲတာတွေအတွက် ဘယ်လိုများ ပြောချင်ပါသလဲ။ 
ဖြေ - လမ်းကတော့ ရှာရမှာပဲဗျ။ အခွင့်အရေးမရှိရင် အခွင့်အရေး ရှာရမှာပဲ။ လူငယ်တွေကလေ လမ်းမရလည်း လမ်းကိုရှာရမယ်။ နောက်ပြီးတော့ မျက်လုံးက ရှေ့ကိုကြည့်ရင် ဘေးကိုမမြင်ရဘူး။ ဘေးကိုကြည့်ရင်လည်း ရှေ့ကိုမမြင်ရဘူး။ ကျွန်တော် ဆိုလိုတာက ကျွန်တော်တို့က ဘာကိုရှာမှာလဲ။ တစ်ချို့ လူငယ်တွေက ဆင်ခြေရှာတယ်ဗျ။ အစိုးရမကောင်းလို့ ဆိုတာမျိုး၊ နောက်ပြီးတော့ ငါတို့ ကစားစရာ ကွင်းမရှိလို့ ဆိုတာမျိုး၊ နောက်ပြီးတော့ ဘယ်လို အကျပ်အတည်းတွေ ရှိနေလို့ ဆိုတာမျိုး၊ ဘယ်လို အခက်အခဲတွေ ရှိနေလို့ ဆိုတာမျိုး ဆင်ခြေတွေ ရှာတယ်။ အဲတာ ဆင်ခြေတွေပဲသိလား။ ဆင်ခြေရှာတဲ့ မျက်လုံးက လမ်းကို မတွေ့နိုင်ဘူး။ အဲဒီတော့ ဆင်ခြေမရှာနဲ့။ ဘယ်သူ့ကြောင့်၊ ဘယ်သူ့ကြောင့်ဆိုပြီး ဆင်ခြေမရှာနဲ့၊ ရှာချင်လည်း ကိုယ့်ကိုကိုယ်မှာရှာ၊ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကြောင့် ဘယ်သူ့ကြောင့်ဆိုတာကို သိပ်မပြောဘူး။ တစ်ခုခုဆို ကျွန်တော်ညံ့လို့ပဲ၊ ငါညံ့တယ်၊ ထပ်ပြီးတော့ ကြိုးစာရဦးမယ်ဆိုတာမျိုးပဲ။
ကျွန်တော် ထောင်ကျတယ်ဗျာ၊ ထောင်ထဲမှာ ကျွန်တော် ရပ်သွားမယ်ဆို ရပ်သွားလို့ရတယ်။ ဆင်ခြေရှာပြီးတော့၊ အစိုးရက ငါ့ကို ဒီလို ဒီလို လုပ်တယ်ပေါ့နော်။ ကံတရားကို လည်း အပြစ်ပုံချလို့ရတယ်။ ဆင်ခြေရှာရင် လမ်းမတွေ့ဘူးလေ။ အဲတာကြောင့် ကျွန်တော်ဆင်ခြင် မရှာဘူး။ ဆင်ခြေရှာတာကို စွန့်လွှတ်လိုက်ပြီးတော့ လမ်းကိုရှာမယ်။ ဟုတ်ပြီ။ လက်ရှိ အခြေအနေကို လက်ခံလိုက်မယ်။ လက်ခံပြီးတော့ လက်ရှိအခြေအနေမှာပဲ ငါလုပ်ချင်တာတွေကို လုပ်လို့ရအောင်၊ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်မနေအောင် ဘယ်လိုလုပ်မလဲဆိုတာ ပြောင်းစဉ်းစားပြီးတော့ ဆင်ခြေကိစ္စတွေ မေ့ပစ်လိုက်ရော၊ အဲလိုမေ့ပစ်လိုက်မှသာ ဒီဘက်ကလမ်းကို ရှင်း ရှင်းလင်းလင်း စဉ်းစားလို့ရတာ။ အဲတာကြောင့် လမ်းရှာတဲ့လူက လမ်းတွေ့မှာပဲ။
ကျွန်တော်တို့က တစ်ခါတလေကျ လမ်းပျောက်ကောင်း ပျောက်နေနိုင်တယ်။ တစ်ချို့ အခြေအနေကျတော့ လူငယ်တွေက သူတို့ကိုယ်သူတို့ လမ်းပျောက် နေတယ်ပြောတယ်။ လမ်းပျောက်နေတယ်ဆိုတဲ့ စကားနဲ့ လမ်းရှာနေတယ်ဆိုတဲ့စကားနဲ့ မတူဘူးနော်။ နှစ်ခုလုံးကတော့ လမ်း မတွေ့သေးတာ မှန်တယ်နော်။ ဒါပေမယ့် တစ်ချို့က သူတို့ကိုယ်သူတို့ လမ်းပျောက်နေတယ်လို့ ခံယူလိုက်တယ်။ ရှာဖို့ မကြိုးစားတော့ဘူး။ နောက်တစ်ဦးကျတော့ သူလည်း လမ်းပျောက်နေတယ်။ ဒါပေမယ့် သူ့ကိုယ်သူ လမ်းပျောက်နေတယ်လို့ မခံယူဘူး။ ငါ လမ်းရှာနေတယ်ပေါ့နော်။ လမ်းရှာနေတယ်လို့ ခံယူတဲ့လူက လမ်းရှာ တွေ့မှာပဲ။ လမ်းပျောက်နေတယ်ဆို တဲ့လူက ရှာဖို့လည်း မကြိုးစားတော့ဘူး။ အဲဒီတော့ လမ်းတွေ့မှာ မဟုတ်တော့ဘူး။
ကျွန်တော့် ခံယူချက်ကတော့ဗျာ၊ ကျွန်တော် ဘယ်နေရာပဲ ရောက်နေနေဗျာ။ ပတ်ဝန်းကျင်အတွက် အကျိုးပြုတဲ့သူပဲ ဖြစ်ချင်တယ်။ လူပိုကြီးလည်း ဖြစ်မနေရဘူး၊ ပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့သူလည်း ဖြစ်မနေရဘူး။ ပတ်ဝန်းကျင်အတွက် အကျိုးရှိတဲ့သူ အဲတာပဲဖြစ်ချင်တယ်။ အဲဒီစိတ်နဲ့ပဲ သွားခဲ့ပါတယ်။ နောက်ပြီး ပစ္စုပ္ပန်ကိုပဲ ကြည့်တယ်။ အခု အခြေအနေမှာ ဘာလုပ်နိုင်မလဲဆိုတဲ့ အကြောင်းတရား ဖန်တီးမှုပဲ ကိုယ့်လက်ထဲမှာပဲ ရှိတယ်လေ။ အဲတာပဲ စဉ်းစားပါတယ်။ နိုင်ငံရေး လုပ်တယ်ဆိုလည်း လုပ်သင့်လုပ်ထိုက်လို့ပါပဲ။ တိုင်းပြည်မှာ တကယ်လိုအပ်နေပြီ၊ လေ့လာတဲ့ အခါကျတော့ သိတာပဲလေ။ ဘယ်သူတွေက ဘာလဲဆိုတာ။ တကယ်ဖြစ်နေတာတွေကို ကြည့်ရင် ဘယ်ဘက်မှာ ရပ်တည်ရမလဲဆိုတာ ရှင်းရှင်းလင်း လင်း သိလာရတာပဲ။

မေး - ထိန်းသိမ်းခံရစဉ် ကာလမှာတော့ Web 2.0 ခေတ်ပေါ့။ ဘလော့ရေစီးက အားကောင်းနေတယ်။ နောက်ပိုင်းမှာတော့ ဘလော့ရေစီးကနေ Facebook ရေစီးဖြစ်လာခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေကစပြီးတော့ Facebook ကို ဝေဖန်တာတွေရှိ လာပါတယ်။ ဈေး အိမ်သာနံရံလို ဖြစ်နေတယ်တို့၊  အမှိုက်ပုံ ဖြစ်နေတယ်တို့ဆိုတဲ့ အသံတွေထွက်လာတယ်။ Facebook အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။ 
ဖြေ - ကျွန်တော်ကတော့ ဘလော့ကို ပိုကြိုက်တယ်။ Facebook ကတော့ နည်းပညာ ရေစီးအရ ပေါ်လာတဲ့အရာပဲ။ သူ့ကိုလည်း ငြင်းပယ်လို့ မရဘူးဆိုတဲ့ သဘောပေါ့နော်။ ဘလော့ကြီးပဲ ဆက်ရေးနေလို့လည်း မဖြစ်ဘူး။ Facebook ကို ကူးမလာ ဆိုတော့လည်း အမှန်အတိုင်းပြောရရင် ကျွန်တော် Facebook ကို မကြိုက်ဘူး။ ကျွန်တော်က ဘလော့ကို ပိုကြိုက်တယ်။ စာရေးဆရာတစ်ယောက် ရပ်တည်တဲ့ ပုံစံမျိုး၊ ဖတ်ချင်တဲ့သူ လာဖတ်လိမ့်မယ်ဗျာ။ ဟိုမှာကတော့ ဖတ်ချင်ချင်၊ မဖတ်ချင် ချင် ရောက်နေတာမျိုးပဲ။ ကျွန်တော်က အခုမှ စသုံးလို့လား မသိဘူး။ တော်တော်မျက်စိနောက်တယ်။ ရှုပ်ပွနေတာပဲ။ အဲတာမျိုးပေါ့နော်။
အဲဒီတော့ ဘလော့ကို မဖြစ်မနေ ကျွန်တော်ဆက်ကို ရေးမှာ။ Facebook ကတော့ သုံးဖြစ်မယ်။ ဘလော့ကိုတော့ ပိုပြီးအားသန်တယ်။ Facebook ကတော့ ပြတ်မသွားအောင်ပဲ ကျွန်တော်သုံးချင်တယ်။ အစိုးရကိုတော့ ပြောင်းပြီး စဉ်းစားစေချင်တယ်။ ဒီမိုကရေစီ အစိုးရဆိုတော့ကာ လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တွေကို၊ သူတို့ အဲဒီလိုပြောင်းပြီး စဉ်းစားလိုက်မယ်ဆိုရင် တခြားကောင်းကျိုးတွေ မြင်လာလိမ့်မယ်။ လုံခြုံရေးအရ စဉ်းစ စားတော့ ကိုယ့်ကို ရန်ပြုမှုတွေကိုပဲ ပိုပြီးမြင်လာတာပေါ့နော်။ လွတ်လပ်ခွင့်တို့၊ လူ့အခွင့်အရေးတို့၊ ပွင့်လင်းမြင်သာမှုတို့ အဲတာတွေ စဉ်းစားကြမယ်ဆိုရင် သူအများကြီး မြင်လာလိမ့်မယ်။ ပိုပြီးမြင်လာရင် ကျွန်တော်တို့ကို ရန်သူတွေလို့ မြင်လာမှာ မဟုတ်တော့ဘူး။ ကျွန်တော်တို့ကလည်း သူတို့ကို ရန်သူတွေလို့ သဘောထားမှာ မဟုတ်တော့ဘူး။ သူတို့ဘက်က စဉ်းစားပုံပြောင်းဖို့ကို ကျွန်တော် မျှော်လင့်တယ်။ အဲဒီလိုပြောင်းမှလည်း အဆင်ပြေမှာ။
တစ်ခုရှိတာကဗျာ။ ကျွန်တော်တို့က လွတ်လပ်မှုကို လိုချင်တယ်ပေါ့ဗျာ။ အဲဒီလွတ်လပ်မှုနဲ့ အတူ တစ်ဖက်ကလည်း တာဝန်ခံမှုကို တွဲပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ အစိုးရ ဘက်တော့ လွတ်လပ်မှုပေးဖို့အတွက် ကျွန်တော်တို့က တောက်လျှောက် ပြောနေရမှာပဲ။ ကျွန်တော့်ဘက်က request  ပေါ့နော်။ ကျွန်တော်တို့ တာဝန်ခံနိုင်မှုကို ပြ နိုင်ရမယ်။ ငါတို့ရေးတဲ့ စာတွေနဲ့ပတ်သက်ရင် ငါတို့ တာဝန်ခံနိုင်တယ်။ ကျွန်တော်ဆိုရင် profile ကို တစ်ခုမှ လိမ်ထားတာ မရှိဘူး။ ကျွန်တော့် ဘလော့မှာ၊ ဖြစ်နိုင်ရင် အိမ်လိပ်စာတောင် ပေးလို့ရတယ်။ ဘယ်သူမဆို ကျွန်တော်ရေးတာနဲ့ ပတ်သက်ပြီး မကျေနပ်တာရှိရင် ကျွန်တော့်ကို တိုက်ရိုက် လာပြောလို့ရတယ်။ အဲလို တာဝန်ယူမှုလေးကိုသာ ကျွန်တော် တို့ဘက်က ပြည့်ပြည့်၀၀ပေးနိုင်မယ်ဆိုရင် တစ်ဖက်က လွတ်လပ်မှုကို တောင်းရ အားရှိတယ်ဗျ။ လွတ်လပ်မှုကို တောင်းတဲ့ သူတွေထဲမှာလည်း အကုန်လုံးက ဘာကြောင့် လိုချင်လည်းဆိုတာလည်း မသေချာဘူး။ တစ်ချို့ကလည်း လွတ်လွတ်လပ်လပ်နဲ့ လုပ်ချင်တာ လုပ်မယ်ဗျာ။ ဘာမှ လာမပြောနဲ့၊ နာမည်ဝှက်ပြီးတော့ လုပ်မယ်၊ ပြီးရင် တာဝန်မယူဘူးဆိုတဲ့ လူမျိုးတွေလည်း ရှိကောင်း ရှိမယ်၊ အဲလိုလူမျိုးတွေ များလာခဲ့ရင် ဟိုဘက်က အားသာသွားမှာပဲ။ အဲလိုလူမျိုးတွေ နည်းပြီးတော့ ကိုယ် လုပ်တဲ့အလုပ်တွေကို တာဝန်ယူရဲတဲ့ သူတွေ များလာပြီးတော့ ဒီ လူ့အသိုင်းအ၀ိုင်းတစ်ခုလုံးက တာဝန်ယူတတ်တဲ့ လူ့အသိုင်းအ၀ိုင်း ဖြစ်လာမယ်ဆိုရင်  အဲတာ ဟိုဘက်က သူတို့ ဥပဒေ ထုတ်နေစရာကို မလိုတော့ဘူး။ သူတို့ ဥပဒေထုတ်ရင်လည်း ကျွန်တော် တို့က ရဲရဲဝံ့ဝံ့ ကန့်ကွက်လို့ရတယ်။ လွတ်လပ်မှုကို ရဲရဲဝံ့ဝံ့ ဒီထက်ပိုပြီး  တောင်းဆိုလို့ရတာပေါ့။  

မေး - လွတ်လာပြီးနောက်ပိုင်းမှာရော ကိုနေဘုန်းလတ် ဘာဆက်လုပ်သွားမလဲ၊ ဘလော့ ရေးမယ်၊ စာရေးမယ်ဆိုတာ သိထားပေမယ့် အဲတာထက် ပိုပြီး စဉ်းစားထားတဲ့ အကြောင်းအရာ ရှိခဲ့ရင်ပေါ့။ လက်ရှိ အရွေ့မှာ ဘယ်နေက ၀င်မလဲပေါ့။ 
ဖြေ - ၀င်လုပ်စရာ နေရာတွေကတော့ အများကြီးပဲဗျ။ အမှန်အတိုင်းပြောရင် ကျွန်တော် အတိအကျ မဆုံးဖြတ်ရသေးဘူး။ အန်တီနဲ့ လည်း မတွေ့ရသေးဘူး။ ဘယ်နေရာ ၀င်လုပ်တာ အကောင်းဆုံး ဖြစ်မလဲပေါ့ဗျာ။ ကျွန်တော်ကတော့ အန်တီတို့၊ အဘတို့နဲ့လည်း တိုင်ပင်ချင်သေးတယ်။ ကျွန်တော့်ရဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှု ပြောရရင်တော့ civil society ကိစ္စ တွေရယ်၊ capacity building ကိစ္စတွေကို ကျွန်တော် အရမ်းသဘောကျတယ်။ အဲတာမျိုးတွေ၊ NGO ချိတ်ဆက်တာတွေ၊ ဖောင်ဒေးရှင်း ထောင်တာတွေ အဲတာကို ကျွန်တော် ပိုအားသာတယ်ပေါ့ဗျာ။ ဆုံးတော့ မဆုံးဖြတ်ရသေးဘူးပေါ့။
အခုတော့ လမ်းကြောင်းက ပေါ်နေပြီ၊ နိုင်ငံရေးလမ်းကြောင်း အခင်းအကျင်းက ဖြစ်နေပြီ၊ အဲဒီ အခင်းအကျင်းက လက်ခံတဲ့ အနေအထားကိုတော့ စဉ်းစားဖို့ လိုတာပေါ့နော်။
ကျွန်တော်တို့ အရင်က လှုပ်ရှားမှုပုံစံနဲ့၊ အခုလှုပ်ရှားမှုပုံစံက တူတော့မှာ မဟုတ်ဘူး။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိနေပြီဗျာ။ ဒါကြီးကို လက်ခံတာ၊ လက်မခံတာ၊ ကိုယ်ကြိုက်တာ၊ မကြိုက်တာ ကျွန်တော်မပြောလိုဘူး။ ဒါပေမယ့် ရှိတာကတော့ ရှိနေမှာပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲကို သွားမယ်၊ ရွေးကောက်ပွဲသွားမယ်ဆိုတာ ကျွန်တော်တို့ ဒီမိုကရေစီခေါင်းဆောင် အန်တီကလည်း ဒီလမ်းကြောင်းကို ရွေးချယ်ပြီးသွားပြီ။ အဲဒီတော့ ကျွန်တော်တို့က ဒီအခင်းအကျင်း အဲဒီအခင်းအကျင်းကို သေချာလေ့လာရမယ်။ အဲလိုလေ့လာပြီးတော့ အလုပ်လုပ်မှသာလျှင် ကျွန်တော်တို့ရဲ့ လုပ်ရပ်က အန်တီအတွက် အထောက်အပံ့ရမှာပေါ့။ အဲလို မဟုတ်ဘဲနဲ့ အခင်းအကျင်းနဲ့ ကွဲလွဲနေတဲ့ အလုပ်မျိုးတွေ လုပ်မိတဲ့အခါကျတော့ အန်တီတို့အနေနဲ့ အလုပ်ပိုတာပေါ့ဗျာ။ ခေါင်းဆောင်တွေအနေနဲ့ရော ကိုယ့်အချင်းချင်းမှာရော ပြန်ပြီး ထိန်းရတာတွေ၊ အလုပ်ပိုတာမျိုးတွေ ဖြစ်လာနိုင်တယ်။ မဆုံးဖြတ်ရသေးပေမယ့် ကျွန်တော်ကတော့ လွှတ်တော် ပြင်ပနိုင်ငံရေးဘက်ကို ပိုစိတ်ဝင်စားတယ် ။ civil society တို့၊ capacity building တို့လိုပေါ့။
မေး -  အိမ်နီးချင်းနိုင်ငံတွေမှာတော့ civil society တွေက ထိုက်သင့်သလောက် အားကောင်းနေခဲ့ပါပြီ။ ဒီမှာတော့ လိုအပ်မှုတွေ ရှိနေတုန်းပါပဲ။ ဒါပေမယ့် ဒီတစ်ခါ ထောင်က လွတ်လာတဲ့သူတွေထဲမှာ လူငယ်အများစုက civil society ကိစ္စကို ဦးစားပေးပြော လာပါ တယ်။ ကိုနေဘုန်းလတ်ကလည်း civil society ကိစ္စကို ပြောလာပါပြီ။ ဘာကြောင့် ဒီလို ပြောလာခဲ့တာပါလဲ။ 
ဖြေ - လွှတ်တော် နိုင်ငံရေးရှိသလို၊ လွှတ်တော် ပြင်ပနိုင်ငံရေးလည်း ရှိပါတယ်။ လွှတ်တော် ပြင်ပနိုင်ငံရေးဆိုတော့လည်း တစ်ချို့တွေက အမြင်စောင်းတယ်ပေါ့နော်။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး ။ ခုနပြောတဲ့ civil  society ကိစ္စတွေပဲ။ capacity building ကိစ္စတွေ အဲတာတွေကို ပြောတာ၊ အဲနှစ်ခုနဲ့ ပတ်သက်ပြီးတော့ နားလည်ထားရမှာ။ အဲလို နားလည်ထားမှ သာလျှင် ဒါကိုပိုပြီးတော့ အားပြုနိုင်မှာ။ စုစုစည်းစည်း ဖြစ်ဖို့တော့ လိုတာပေါ့ဗျာ။ နောက်ပြီးတော့ ရိုးသားမှုကို အခြေခံရင် ပိုကောင်းတာပေါ့။ ဒီဟာတွေက နာမည်ပျက်နိုင်တယ်ဗျ။ civil  society ကိစ္စတွေ၊  အခုဟာက ပွင့်လင်းလာတဲ့ ခေတ်မှာ နိုင်ငံတကာနဲ့ ချိတ်ဆက်တာတွေကလည်း ပိုများလာတာပေါ့၊ အဲဒီမှာ ဘယ်လို mind-set တွေနဲ့ အလုပ်ဝင်လုပ်မလဲ။ ရိုးသားမှု မရှိတာတွေက နောက်ပိုင်းထပ်ဖြစ်လာဦးမှာပဲ။ ရိုးသားမှုသာ အခြေမခံဘူးဆိုရင် အလကားနာမည်ပျက်မှာ။
စကားလုံးတွေက ကျွန်တော်တို့ဆီမှာ တော်တော် sensitive  ဖြစ်တယ်ဗျ။ ဥပမာ activist ဆိုရင် ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့ နားလည်တာနဲ့ နိုင်ငံတကာမှာ သုံးနေတာနဲ့ မတူဘူး။ ကျွန်တော်တို့ဆီမှာ activist ဆိုရင် သိပ်မကြိုက်ဘူးလေ။ လမ်းပေါ်ထွက်တဲ့ လူမျိုးလို့ပဲ ထင်ကြတာကိုး၊ တကယ်တန်းကျတော့ မဟုတ်ဘူးလေ။ အချို့စကားလုံးတွေမှာ နားလည်မှု လွဲနေတာ။ လွှတ်တော်ပြင်ပနိုင်ငံရေးလို့ ဆိုလိုက်ရင် ကျွန်တော်တို့က လှမ်းမြင်လိုက်တာက လမ်းပေါ် ထွက်မယ်ပေါ့နော်။ လမ်းပေါ်ထွက်တယ်ဆိုရင်တောင်မှ ဒီအခင်းအကျင်းမှာ ပေးထားတဲ့ ဘောင်တွေရှိတယ်လေ။ အဲဘောင်ထဲကပဲ သွားမှာကို ပြောတာပါ။
နောက်တစ်ခုက ကျွန်တော်ကတော့ ပြောတယ်။ ဘယ်သူမှတော့ ထည့်မရေးသေးဘူး။ အဲတာကို ကျွန်တော် ပြောချင်တယ်။ အန်တီနဲ့ ပတ်သက်လို့ပေါ့။ အန်တီ ရွေးကောက်ပွဲဝင်တာကို လက်ခံတယ်။ လွှတ်တော်ထဲ သွားတာကို လက်ခံတယ်။ ဒါပေမယ့် အစိုးရဌာနတစ်ခုခုမှာ ၀င်ပြီး အုပ်ချုပ်ရေးပိုင်းမှာ ၀င်လုပ်တာမျိုးကို ကျွန်တော် မဖြစ်စေချင်ဘူး ဆိုတာမျိုးကို ကျွန်တော် ဖြေတယ်ဗျ။ ပါတီရဲ့ ရပ်တည်ရေးအပြင် ပါတီမှာလည်း လုပ်စရာတွေက ရှိသေးတယ်ဗျာ။ အန်တီရဲ့ ဖြစ်တည်မှုတစ်ခု၊ အန်တီ ရဲ့ ခေါင်းဆောင်မှုတစ်ခုမှာ၊ လိုအပ်နေသေးတယ်လို့ ကျွန်တော်မြင်တယ်။ နောက်ပြီးတော့ အန်တီက အမျိုးသားခေါင်းဆောင်ဗျာ၊ ပြီးတော့ ပါတီခေါင်းဆောင်လည်း ဖြစ်တယ်။ နောက်တစ်ခါ လွှတ်တော် ကိုယ်စားလှယ်ပါ ၀င်လုပ်မှာဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လွှတ်တော်ကိုယ်စားလှယ် လုပ်ခြင်းအားဖြင့် ဒီအလုပ်က မပြတ်သွားဘူးလေ။ အမျိုးသားခေါင်းဆောင်အဖြစ်လည်း ဆက်ရှိနေဦးမှာပဲ။ ပါတီခေါင်းဆောင်အဖြစ်လည်း ဆက်ရှိနေဦးမှာပဲ။ လွှတ်တော်ကိုယ်စားလှယ် တစ်ခု ထပ်တိုးတာပဲရှိတယ်။ ဒီသုံးခုလုံး တွဲလုပ်လို့ရတယ်။ အုပ်ချုပ်ရေးဘက် သွားမယ်ဆိုရင်တော့ ပါတီက နှုတ်ထွက်ရမှာ။ ဟိုနှစ်ခုကိုသွားပြီးတော့ မရေမရာဖြစ်သွားနိုင်တယ်။ အန်တီနဲ့ ပါတီအဆက်အသွယ်ပြတ်သွားရင် ရှေ့လျှောက် နိုင်ငံရေးမှာ နည်းနည်းပြဿနာ ရှိနိုင်တယ်လို့ ထင်တယ်။

နေဘုန်းလတ် 
အမည်ရင်း- နေမျိုးကျော်
ကလောင်အမည် - နေဘုန်းလတ်၊ ဘုန်းဦးမော် 
မွေးသက္ကရာဇ် - ဇွန်လ ၂၈ရက်၊ ၁၉၈၀ပြည့်နှစ်။ပညာအရည်အချင်း -  B.E(Civil) ဇာတိ - ရန်ကုန်၊ သင်္ဃန်းကျွန်း။
မိဘအမည်- ဦးသိန်းထွန်း၊ ဒေါ်အေးအေးသန်း
နိုင်ငံရေးအတွေ့အကြုံ - သင်္ဃန်းကျွန်း NLD လူငယ်တာဝန်ခံ-၂ (၂၀၀၁ခုနှစ်ဝန်းကျင်မှ စတင်လုပ်ဆောင်)

ဒီနှစ်အကယ်ဒမီ(first-11.com)

AddThis Social Bookmark Button
e4431a
နှစ်တစ်နှစ်၏ ဆန်းစကာလသို့ ရောက်ရှိပြီဆိုလျှင် ရုပ်ရှင်အနုပညာရှင်များရော၊ ရုပ်ရှင်ကိုချစ်သည့် ပရိသတ်များအတွက်ပါ ရင်ခုန်ရသည့် ပွဲတစ်ပွဲအတွက် စကားသံများ၊ သတင်းစကားများ စတင် ထွက်ပေါ်လာတတ်မြဲ ဖြစ်သည်။ မျှော်လင့်ရင်ခုန်ရင်း ကြိုတင်ပြင်ဆင်မှုများ ရှိသကဲ့သို့ ပွဲနေ့မရောက်ခင် အချိန်ထိလည်း ခန့်မှန်းသည့်၊ မျှော်လင့်သည့်၊ ရင်ခုန်သည့် ခံစားချက်အဖုံဖုံတို့ဖြင့် ကိုယ်တိုင် အတွက်တစ်မျိုး၊ ကိုယ်စားဝမ်းသာစေရန် အတွက်တစ်ဖုံ ခံစားချက်အစုံစုံ ရှိနေကြစမြဲဖြစ်သည်။ ယင်းသို့ ရုပ်ရှင်ချစ်သူတို့ အတွက် ရင်ခုန်မျှော်လင့်စရာ ပွဲတစ်ပွဲဖြစ်သည့် အကယ်ဒမီဆု ချီးမြှင့်ပွဲအား ဖေဖော်ဝါရီလ ၇ ရက်နေ့ တွင် နေပြည်တော် လဟာပြင် ကဇာတ်ရုံ၌ ကျင်းပပြုလုပ်တော့မည်ဖြစ်ရာ အကယ်ဒမီနှင့် ပတ်သက်သည့် သတင်းစကား၊ အချက်အလက် တို့ကို စုစည်းဖော်ပြပေးဖြစ်ပါသည်။
၂၀၁၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တာ ၁၅ ကား
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲသည် ၂၀၁၀ ပြည့်နှစ်တွင် ရုံတင်ပြသခဲ့သည့် မြန်မာရုပ်ရှင်ဇာတ်ကား ၁၅ ကား အနက်မှ ရွေးချယ်ပေးအပ်မည်ဖြစ်ပြီး ယင်း ဇာတ်ကားများမှာ သုခမိန်ရုပ်ရှင် ထုတ်လုပ်ရေးမှ နတ်ဖြစ်ရတဲ့ဒုက္ခ၊ စိမ်းဝါနီ ရုပ်ရှင်ထုတ်လုပ်ရေးမှ ဆွေတစ်ရာ မောင်တစ်ကျိပ်၊ စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးမှ နတ်ဖက်တဲ့စုံတွဲများ၊ လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ ဟတ်ထိတယ်၊ ရွှေတောင်ရုပ်ရှင် ထုတ်လုပ်ရေးမှ ကျောက်သင်ပုန်းတွေ မိုးထားတဲ့အိမ်၊ လူစွမ်းကောင်း ရုပ်ရှင် ထုတ်လုပ်ရေးမှ ဂွတ်ရှယ်သမက်၊ ကမ်းထရီးစတား ရုပ်ရှင်ထုတ်လုပ်ရေးမှ ဘာမီတွန်၊ လူစွမ်းကောင်း ရုပ်ရှင်ထုတ်လုပ်ရေး မှ အချစ်လားလာထား၊ ၀ါဝါ၀င်းရွှေရုပ်ရှင် ထုတ်လုပ်ရေးမှ ရင်ဘတ်ကြီးနဲ့ ချစ်လိုက်မယ်၊ ၀မ်းဖိုးဖိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ နယူးမော်ဒယ်လ်၊ Heart& Seoul ရုပ်ရှင်ထုတ်လုပ်ရေးမှ အာဒမ်ရယ်ဧ၀ရယ်ဒသရယ်၊ ကြောင်ကမ္ဘာရုပ်ရှင် ထုတ်လုပ်ရေးမှ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်၊ ကမ်းထရီးစတား ရုပ်ရှင် ထုတ်လုပ်ရေးမှ လာထားအာဘွား၊ စတူဒီယို ၃၅ ရုပ်ရှင် ထုတ်လုပ်ရေးမှ ပင်လယ်ထက်က နေ၀န်းနီ၊ သရ၀ဏ်ရုပ်ရှင် ထုတ်လုပ်ရေးမှ အငိုမျက်လုံး အပြုံးမျက်နှာဇာတ်ကားတို့ ဖြစ်သည်။ အဆိုပါဇာတ်ကားများ အနက် ဒရာမာ ဇာတ်ကားလေးကား ပါဝင်ပြီး ဟာသ ဦးစားပေးဇာတ်ကား ၁၁ ကားပါဝင်သည် ဟု သိရသည်။
အကောင်းဆုံးဒါရိုက်တာဆု
ယခုနှစ်အတွက် ဒရာမာဇာတ်ကားများ ဖန်တီးရိုက်ကူးခဲ့သည့် ဒါရိုက်တာများကသာ အများဆုံး ရေပန်းစားလျက် ရှိသည်။ ယင်းတို့အနက် သုံးပွင့်ဆိုင်လူငယ် အချစ်ဇာတ်လမ်း ကို တစ်မူထူးခြားသည့် ပုံဖော်တင်ပြမှုများဖြင့် ဖန်တီးရိုက်ကူးခဲ့ရာ သမားရိုးကျ ရုပ်ရှင်ဇာတ်ကားများမှ ကွဲထွက်တင်ပြနိုင်ခဲ့သည့် ‘အာဒမ် ရယ်ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကား၏ ဖန်တီးရှင် ဒါရိုက်တာဝိုင်းသည် ပရိသတ်များအကြား ရေပန်းစားမှု အများဆုံး ဒါရိုက်တာတစ်ဦး ဖြစ်နေခဲ့သည်။ ထို့အပြင် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်စောမျိုး (အဖေ့ပညာ)၊ ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကားအား ပုံ ဖော်ရိုက်ကူးခဲ့သူ ဒါရိုက်တာမင်းအုပ်စိုး၊ ‘ပင်လယ်ထက်က နေ၀န်းနီ’ ဇာတ်ကားကို ရိုက်ကူးခဲ့သူ ဒါရိုက်တာခင်မောင်ဦး၊ စိုးသိမ်းထွဋ် တို့ကို ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။ အဆိုပါဇာတ်ကားများတွင် မိမိ၏နာကျည်းမှုနှင့် အတ္တကြောင့် မိမိချစ်မြတ်နိုးရသည့် မိန်းကလေးကို အသုံးချကာ တစ်ဖက်လူအား အနိုင်ယူရန် ကြိုးစားရာ၌ မိမိ၏ချစ်သူ၏ စိတ်နာကျည်းပစ်ပယ်မှုနှင့်အရှုံးဝေဒနာများ သာရရှိပုံကိုပုံဖော်ထားသည့် ‘အာဒမ်ရယ် ဧ၀ရယ် ဒသရယ်’ ဇာတ်ကား၊ လွန်ကဲသည့်မိခင် ၏ မေတ္တာနှင့်အတ္တကြောင့်  သားဖြစ်သူ၏ မိသားစု ပြိုကွဲခဲ့ရပြီးပုံ၊ အနစ်နာခံမိခင်စိတ် နှင့်ရုန်းကန်ရသူ ချွေးမမှာလည်း စစ်မှန်သည့် မေတ္တာတရား၏ အရိပ်အောက်တွင် အဆုံးသတ်၌ ငြိမ်းချမ်းအေးမြခွင့်ရရှိပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကား၊ ဆလုံတိုင်းရင်းသားများ ၏ နေထိုင်မှုစရိုက်များတွင် မောင်နှမသံယောဇဉ်၊ ဖခင်နှင့်သမီးကြားမေတ္တာတရား၊ ချစ်ခြင်းမေတ္တာ၏ လေးနက်မှုတို့ကို ပုံဖော်ထားသည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ဇာတ်ကား၊ မြန်မာ့ရိုးရာ ဇာတ်သဘင်ပညာကို မြတ်နိုးသူ မောင်နှမနှစ်ဦး၏ ဇာတ်သဘင်အပေါ် တန်ဖိုးထားစိတ်နှင့် တစ်ဦးအပေါ် တစ်ဦးထားသည့် သံယောဇဉ်တို့ကို ပုံဖော်ထားသည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ဇာတ်ကားတို့မှာ အကောင်းဆုံး ဇာတ်ကားဆုများအဖြစ် ပရိသတ်များက ထင်ကြေးပေးလျက် ရှိကြသည်။
e4431 အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၊ ‘အမေ့ကျေးဇူးဆပ် ဖူးချင်တယ်’ ဇာတ်ကားတို့တွင် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သည့် သရုပ်ဆောင်  ပြေတီဦးက တစ်ကားကားဖြင့် ရရှိနိုင်လိမ့်မည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ရုပ်ရှင်ဇာတ်ကားတွင် ခင်ပွန်းဖြစ်သူက ထားရစ်ခဲ့သောကြောင့် စိတ်ဆင်းရဲကြေကွဲမှုကို မွေးဖွားလာသည့် သားဖြစ်သူအပေါ် ပုံအောချစ်မြတ်နိုးခဲ့ရသော်လည်း သားဖြစ်သူ ကောင်းစားရေးအတွက် ဖခင်ဖြစ်သူက လာခေါ်ချိန်တွင် မိမိဝေဒနာကိုမေ့ ပျောက်ကာ သား၏ရှေ့ရေးအတွက် ထည့်လိုက်ရသည့် မိခင်တစ်ယောက်၏ မေတ္တာနှင့် စေတနာကို အကောင်းဆုံး ဖော်ပြနိုင်ခဲ့သည့်၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကားတွင် လည်း အချစ်စိတ်တစ်ခုတည်းဖြင့် မိမိအားအနိုင်ယူသမျှကို ကြိတ်မှိတ် မြိုသိပ်ခဲ့သော်လည်း မိမိအားချစ်သူက အသုံးချနေသည်ကို သိရှိသွားပြီးနောက် ပေးဆပ်လိုစိတ်သက်သက်ဖြင့် မိမိကိုချစ်မြတ်နိုးသူကိုလည်း တွေ့လိုက်ရသည့်အချိန်၌ ချစ်သူအပေါ် နာကျည်းစိတ်သာ ပြောင်းလဲခံစားရသည့် ငွေလသာ အဖြစ် ပီပြင်ခဲ့သူ သရုပ်ဆောင်သက်မွန်မြင့်က ရရှိနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု
အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ညီမလေးကို ချစ်မြတ်နိုးသည့် အစ်ကိုတစ်ဦး ၏ အတ္တနှင့် ကောင်းစားစေလိုသည့် လောဘ၊ ညီမကမွေးဖွားခဲ့သည့် တူမလေးကို ကြီးပြင်းအောင် စောင့်ရှောက်ရာတွင် သံယောဇဉ်စိတ် နှင့် စောင့်ရှောက်ရသော်လည်း ဖခင်အရင်းဖြစ်သူ လာခေါ်၍ မြို့သို့ထည့်လိုက်ရချိန်တွင် စိတ်ထိခိုက် ကြေကွဲရပုံကို သရုပ်ဆောင်နိုင်ခဲ့ သည့် သရုပ်ဆောင် ဝေဠုကျော်၊ ‘အာဒမ်ရယ် ဧ၀ရယ်ဒသရယ်’ ရုပ်ရှင်ဇာတ်ကားတွင် ချစ်သူကို ပေးဆပ်လိုစိတ်ဖြင့် ချစ်မြတ်နိုးသူ အဖြစ် ပါဝင်ခဲ့သည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ ဆွတ်ခူးနိုင်သည်ဟု ပရိသတ်များက ထင်ကြေးပေး ခန့်မှန်းလျက်ရှိသည်။
အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို မိခင်တစ်ယောက်၏ သားသမီး အပေါ်ထားရှိသည့် မေတ္တာတရားကြောင့် အတ္တကြီးမားသွားရပုံကို ပုံဖော်ခဲ့သည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှ သရုပ်ဆောင်မေသန်းနု၊ တူမလေး၏အိမ်ထောင်ရေး သောကများကြောင့် မိမိပါစိတ်ဆင်းရဲ ပင်ပန်းရသော်လည်း ဖုံးကွယ်ထားရပုံ၊ မိဘမပြည့်စုံသည့် မြေးလေးရရှိလာချိန်၌ လည်း မြေးဖြစ်သူအပေါ် သနားစာနာစိတ် ကြီးမားရပုံကို ပုံဖော်ထားသည့် ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားမှပင် သရုပ်ဆောင် ၀ါဝါအောင်တို့ တစ်ဦးဦး ရရှိနိုင်လိမ့်မည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိကြသည်။
အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို ဆလုံတိုင်းရင်းသားတို့ ၏ နေရာဒေသဖြစ်သည့် မြိတ်ကျွန်းစုအလှအပများကို ပုံဖော်ရိုက်ကူးခဲ့သည့် ‘ပင်လယ်ထက်က နေ၀န်းနီ’ ရုပ်ရှင်ဇာတ်ကား၏ ဓာတ်ပုံဖန်တီးရှင် ဒါရိုက်တာပန်းချီစိုးမိုးက ရရှိနိုင်လိမ့်မည်ဟု ခန့်မှန်းလျက်ရှိကြသည်။
အကောင်းဆုံးရုပ်ရှင် တေးဂီတဆု
ယခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင် တေးဂီတဆုကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနှင့် ဇာတ်သဘင် ပညာရပ်ကို အကောင်းဆုံးပုံ ဖော်တီးခတ်ခဲ့သည့် ‘အငိုမျက်လုံး အပြုံးမျက်နှာ’ ဇာတ်ကား၏ ဂီတဖန်တီးရှင် မြန်မာပြည် ကျောက်စိမ်းက ဆွတ်ခူးရရှိလိမ့်မည်ဟု ထင်ကြေးပေးခန့်မှန်းလျက်ရှိကြသည်။
အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းဆု
၂၀၁၀ ပြည့်နှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဇာတ်ညွှန်းဆုကို ‘အမေ့ကျေးဇူးဆပ်ဖူးချင်တယ်’ ဇာတ်ကား၏ ဇာတ်ညွှန်းရေးသားခဲ့ သူ မစန္ဒာ၊ ‘အာဒမ်ရယ်ဧ၀ရယ်ဒသရယ်’ ဇာတ်ကား၏ ဇာတ်ညွှန်း ရေးသားသူ ဒါရိုက်တာဝိုင်းတို့မှာ ရေပန်းစားလျက်ရှိသည်။
ဟာသတွေ အကယ်ဒမီရမှာလား
ယခုနှစ်ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားသစ် ၁၆ ကားတွင် ဟာသဦးစားပေးရုပ်ရှင် ဇာတ်ကား ၁၀ ကားပါဝင်ခဲ့ရာ ဇာတ်ကားစုစုပေါင်းစာရင်း၏ ထက်ဝက်ကျော်ခန့် မှာ ဟာသဦးစားပေး ဇာတ်ကားဖြစ်နေခြင်း၊ ၂၀၀၈ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ရာ၌လည်း ဟာသဦးစားပေး ဇာတ်ကားဖြစ်သည့် ‘အကယ်ဒမီရှော့ခ်’ ဇာတ်ကားဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းစသည့် အချက်များကြောင့် ဟာသဇာတ်ကားများမှလည်း ဆုအချို့ရရှိသွားနိုင်သည်ဟု ထင်ကြေးပေး ခန့်မှန်းလျက် ရှိသည်။
အထူးဆု
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပေးအပ်ခဲ့သည့် သမိုင်းတစ်လျှောက်တွင် ၁၉၅၅ ခုနှစ် က ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် သရုပ်ဆောင်ဝင်းမာ၊ ၁၉၇၇ ခုနှစ်က ‘အဖေတစ်ခုသားတစ်ခု’ ဇာတ်ကားဖြင့် သရုပ်ဆောင် အောင်ထွန်းလေး၊ ၁၉၇၈ ခုနှစ်က ‘မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အင်္ဂလန်စိန်၊ ၁၉၉၉ ခုနှစ်က’ရင်ထဲကဆောင်းရာသီ’ ဇာတ်ကားဖြင့် သရုပ်ဆောင် အိဖြူစိုး ရရှိခဲ့ဖူးသည့် နည်းတူ ယခုနှစ်တွင်လည်း ‘အမေ့ကျေးဇူး ဆပ်ဖူးချင်တယ်’ ဇာတ်ကားတွင် အကောင်းဆုံး ပါဝင်သရုပ်ဆောင်ခဲ့သည့် ကလေးသရုပ်ဆောင် အိစိကွေးသည်လည်း အထူးဆုရရှိနိုင်သည်ဟု ခန့်မှန်းလျက်ရှိကြသည်။

မြန်မာ့ ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်း
၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆု(သုံးမျိုး)သတ်မှတ်
(က) ပထမ အကောင်းဆုံး ဇာတ်ကားဆု (ရွှေကိန္နရီရုပ်)
(ခ) ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု (ငွေဒေါင်းရုပ်)
(ဂ) တတိယ အကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)
(ဃ) အကောင်းဆုံး အမျိုးသား ပညာသည်ဆု (ရွှေရင်ထိုး)
(င) အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု (ရွှေရင်ထိုး)
၁၉၅၄ ခုနှစ်တွင် ဒါရိုက်တာ ထူးချွန်ဆုကိုပါ တိုးမြှင့်ချီးမြှင့်
၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယမခွဲခြားဘဲ အကောင်းဆုံး ဇာတ်ကား တစ်ဆုတည်းကိုသာ ရွှေကိန္နရီရုပ်ချီးမြှင့်
၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံ ထူးချွန်ဆုတစ်ဆု ထပ်မံတိုးမြှင့်သတ်မှတ်
၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဌာန်ကို ရွှေရင်ထိုးတံဆိပ်မှ ရွှေကိန္နရီ ရွှေစင်ရုပ်သို့ စတင်ပြောင်းလဲသတ်မှတ်
၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားပညာသည်ဆုနှင့် အမျိုးသမီးပညာသည် ဆုများကို အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ပို့ဆုဟူ၍ ထပ်မံခွဲခြားကာ တိုးမြှင့်သတ်မှတ်
၁၉၉၀ ပြည့်နှစ်မှစတင်၍ ရုပ်ရှင်ဇာတ်ညွှန်း ထူးချွန်ဆု၊ ရုပ်ရှင်တေးဂီတ ထူးချွန်ဆုနှင့် ရုပ်ရှင်အသံဆုများပါ တိုးမြှင့်သတ်မှတ်
၁၉၉၃ ခုနှစ်မှစတင်၍ ရွှေကိန္နရီရုပ်တွင် တပ်ဆင်ထားသော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်တပ်ဆင်ချီးမြှင့်
၁၉၉၄ ခုနှစ်မှစတင်၍ ရုပ်ရှင်တည်းဖြတ်ဆုကို ထပ်မံတိုးမြှင့်သတ်မှတ်
ဆုချီးမြှင့်ခဲ့သည့် နေရာများ
ရန်ကုန်မြို့တော်ခန်းမ
ဝိဇယရုပ်ရှင်ရုံ
နတ်မောက်လမ်းရှိ စက်မှုလက်မှု ကျောင်းဝင်း
ဝင်္ကပါလမ်းရှိ ရုပ်ရှင်ပြဇာတ် အစည်းအရုံးခြံဝင်း
ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်လုပ်ငန်း မြှင့်တင်ရေးအဖွဲ့ဝင်း မြက်ခင်းပြင်
ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်
ပြည်လမ်းအသံလွှင့်ရုံ စတူဒီယိုအေ
မြန်မာ့အသံ မြက်ခင်းပြင်
အင်းလျားကန်ဟိုတယ်
ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ
သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ
နေပြည်တော် လဟာပြင်ကဇာတ်ရုံ

ရွှေစက်တော်ဘုရားပွဲစတင်ကျင်းပ(first-11.com)

7186
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ် ကထက် ဖွင့်ပွဲနေ့တွင် ဘုရားဖူးများ ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။
ရွှေစက်တော် ဘုရားပွဲတော်တွင် ယခုနှစ်အတွက် ယခင်နှစ်ကထက် တဲကျောင်းမြေနေရာများ ပိုမိုဈေးများခဲ့သော်လည်း ယခင်နှစ်က တဲကျောင်းအရေအတွက် ၅၀၀ ခန့် သာရှိခဲ့ပြီး ယခုနှစ်တွင် တဲကျောင်း အရေအတွက် ၉၀၀ ကျော်ရှိကြောင်း သိရသည်။
7186a “အခုနှစ်ကဖွင့်ပွဲနေ့နဲ့ စနေ၊ တနင်္ဂနွေနေ့တိုက်လို့ ဘုရားဖူးပိုကျပါတယ်။ တဲကျောင်းတွေက နာမည်ပေါက်ကျအောင် လျှောက်ယူကြပြီး တစ်ဆင့်ပြန်ရောင်းတာတွေ ရှိလို့ အရင်နှစ်ကထက် ဈေးပိုတက်ခဲ့တာပါ။ နာမည်ပေါက် စလစ်တစ်ခုကို ကျပ် သိန်း ၂၀ အထိ ပေးဝယ်ခဲ့ကြပြီး အဆောက်အဦဖိုး အပါနဲ့ဆို ကျပ် ၃၅ သိန်းအထက်ထိ ပေးဝယ်တာတွေ ရှိပါတယ်”ဟု ရွှေစက်တော်ဘုရား ပွဲတော်တွင် နှစ်စဉ်လာရောက်သော ဆယ့်နှစ်ပွဲဈေးသည် တစ်ဦးက ပြောပြပါသည်။
ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ယခင်နှစ် များက အဆောက်အဦး ဆောက်လုပ်လေ့မရှိသော နမ္မဒါတည်းခိုဆောင် အ၀င်လမ်းမ၏ ဘေးဝဲယာတွင် ဆိုင်ခန်းနှစ်ခန်း ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ခြေတော်ရာဖွင့်ပွဲနှင့် ပွဲတော်ဖွင့်ပွဲနေ့တွင် ရွှေစက်တော်နှင့် နီးစပ်ရာမြို့နယ်များမှအပြင် ရန်ကုန် မြို့မှ ဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူများဖြင့် ပိုမိုစည်ကားခဲ့ကြောင်း၊ ရွှေစက်တော် ဘုရားပွဲသည် မကွေးတိုင်းဒေသကြီး အတွက် ရက်အရှည်ကြာဆုံး ပွဲတော်ဖြစ်ပြီး တန်ခူးလပြည့်ကျော်၁၁ရက် (မြန်မာနှစ်ဆန်း ၁ရက်)နေ့အထိ ရက်ပေါင်း ၈၁ရက် ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

laliga news(soccermyanmar)


မော်ရင်ဟိုအတွက်လက်ဆောင်ပေးခဲ့သည့် ရီရဲအသင်းသားများ
အသင်းမှ ကစားသမား များနှင့် အတွင်းကြိတ် ပြဿနာများ ရှိနေကြောင်း သတင်းများသည် ဟိုဆေး မော်ရင်ဟို၏ လေ့ကျင့်ရေးကွင်း မွေးနေ့ပွဲ ဓာတ်ပုံများနှင့် အတူ လွင့်စင် ပျောက်ကွယ် သွားခဲ့သည်။

မော်ရင်ဟိုနှင့် အခြေအတင် ဖြစ်ခဲ့ကြောင်း သတင်း အချို့က ဖော်ပြခဲ့သည့် အသင်းခေါင်းဆောင် အီကာ ကားဆီးလက်စ်၊ လက်ထောက် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်တို့က ဦးဆောင်ကာ ပေါ်တူဂီသား နည်းပြ၏ (၄၉)နှစ်ပြည့် မွေးနေ့ကို ဇန်န၀ါရီ (၂၇)ရက်နေ့က ပျော်ပျော်ရွှင်ရွှင် ဖန်တီး ပေးခဲ့ကြသည်။ လေ့ကျင့်ရေး ကွင်းထဲတွင် ရီးယဲလ် ကစားသမားများသည် အသင်း အမှတ် တံဆိပ်နှင့် မော်ရင်ဟို၏ အသက်(၄၉)နှစ်ပြည့် အထိန်းအမှတ် (၄၉)ဂဏန်းတို့ကို ထည့်သွင်း ပုံဖော်ထားသော ကိတ်မုန့်ကို ယူဆောင် လာပေးခဲ့သည်။
ကစားသမား လက်ဆောင်ပေးသည့် မွေးနေ့ကိတ်

မော်ရင်ဟိုသည် ၎င်းမမျှော်လင့်ဘဲ ရရှိသည့် မွေးနေ့လက်ဆောင် အတွက် ပျော်ရွှင်နေဟန် ရှိပြီး ကစားသမားများနှင့် ရယ်ရယ်မောမော နောက်ပြောင် ပြောဆိုနေခဲ့သည်။ ရီးယဲလ် ကစားသမားများသည် စပယ်ရှယ်ဝမ်းဟု တင်စားခံရသူ မော်ရင်ဟိုအား အဆိုပါ မွေးနေ့လက်ဆောင် ပေးမည်ကို ကြိုတင် အသိ မပေးထားခဲ့ချေ။

အသင်းအမှတ်တံဆိပ်နှင့် မော်ရင်ဟို၏ အသက်(၄၉)နှစ်ပြည့် အထိန်းအမှတ် (၄၉)ဂဏန်းတို့ကို ထည့်သွင်းပုံဖော်ထားသော ကိတ်မုန့်ကို ယူဆောင်လာပေးခဲ့...
ဘာစီလိုနာနှင့် အရေးကြီး ပွဲစဉ် ရှိနေသဖြင့် ရီးယဲလ် အသင်းသားများသည် မော်ရင်ဟို၏ မွေးနေ့အပြီး နောက်တစ်ရက်မှသာ ယခု ကိတ်မုန့်ကို လက်ဆောင် ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

premier league news(soccermyanmar)

မန်ချက်စတာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း တိုးရန် မပြေမလည် ဖြစ်နေသည့် ပေါလ်ပေါ့ဂ်ဘာကို အခြား ပြိုင်ဘက်များထက် လက်ဦးမှု ယူကာ စာချုပ် ခေါ်ယူရန် ချယ်လ်ဆီးက ရည်ရွယ်နေကြောင်း သိရသည်။

ပြင်သစ်၏ သွေးသစ် ကွင်းလယ် ကစားသမားလေး ပေါ့ဂ်ဘာသည် ပရီးမီးယားလိဂ် ချန်ပီယံ အသင်းနှင့် သက်တမ်းတိုး စာချုပ်ရေး ဆွေးနွေးမှုများ ယခုတိုင် မအောင်မြင်ဘဲ ဖြစ်နေပြီး ရာသီကုန်တွင် အသင်းမှ အလွတ် ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖွယ် ရှိနေသည်။ ပေါ့ဂ်ဘာကို ဥရောပ ကလပ်များက ရာသီကုန်ထိ စောင့်ဆိုင်းကာ အပြိုင်ကြိုးပမ်း ချိတ်ဆက်ဖွယ် ရှိနေသော်လည်း ချယ်လ်ဆီးက ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်စတာလင် (၃)သန်းဖြင့် ကမ်းလှမ်းရန် အသင့် ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။


အာဆင်နယ်၊ မန်ချက်စတာ စီးတီးတို့သည် ရာသီကုန်တွင် ပေါ့ဂ်ဘာကို စာချုပ်ရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ် နေချိန်တွင် ချယ်လ်ဆီးက ဆောင်းရာသီဈေးကွက် ပိတ်ရက်၌ ပေါ့ဂ်ဘာကို ကမ်းလှမ်းရန် စီစဉ် လာခြင်းဟု သိရှိရသည်။ Mirror က မန်ယူ အရန်အသင်းက နယူးကာဆယ်လ် ယူနိုက်တက် အရန် အသင်းကို (၆-၀)ဖြင့် အနိုင်ရသော ပွဲစဉ်တွင် ချယ်လ်ဆီးမှ ကစားသမားသစ် ရှာဖွေရေး အေးဂျင့်များ လာရောက် လေ့လာခဲ့ကြပြီး အဆိုပါ ပွဲစဉ်တွင် မန်ယူ အသင်းခေါင်းဆောင် ဒေးဗစ် ပီထရူဇီနှင့် ပေါ့ဂ်ဘာတို့ ခြေစွမ်း ပြနိုင်ခဲ့သည်။

ဥရောပ ကလပ်များက ရာသီကုန်ထိ စောင့်ဆိုင်းကာ အပြိုင်ကြိုးပမ်း ချိတ်ဆက်ဖွယ် ရှိနေသော်လည်း ချယ်လ်ဆီးက ဆောင်းရာသီ အပြောင်းအရွှေ့ ကာလအတွင်း ပေါင်စတာလင် (၃)သန်းဖြင့် ကမ်းလှမ်းရန် အသင့်ရှိနေ...
(၂၀၀၉)ခုနှစ်က လက်ဟက်ဗ်မှ မန်ယူသို့ ရောက်ရှိလာခဲ့သော ပေါ့ဂ်ဘာကို ဆက်လက် ထိန်းသိမ်းရန် ခက်ခဲနေကြောင်း အသင်း မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကိုယ်တိုင် ၀န်ခံထားသည်။ ပြင်သစ် အသက်(၁၉)နှစ်အောက် လက်ရွေးစင် ကစားသမားကို အင်တာမီလန်နှင့် ဂျူဗင်းတပ်စ်တို့ကလည်း စိတ်ဝင်စားလျှက် ရှိသည်။

Sunday, January 22, 2012

နိုင်ငံရေး(first-11.com)

AddThis 
Social Bookmark Button
7176
The Washington Post ၀က်ဘ်ဆိုက်တွင်ဖော်ပြထားစဉ်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၀ါရှင်တန်ပို့စ်မှ အကြီးတန်း အယ်ဒီတာ Ms.Eizabeth Graham Weymouth နှင့်အဖွဲ့အား ဇန်န၀ါရီ ၁၇ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံပြီး မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကာ ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထား ရှေ့ဆက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဝါရှင်တန်ပို့စ်သတင်းစာနှင့် တွေ့ဆုံမှုသည် နိုင်ငံတော်သမ္မတ အနေနှင့် ပြည်ပမီဒီယာတစ်ခုကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဝဏ္ဏမောင်လွင်၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံမေးမြန်းသူ Ms.Eizabeth Graham Weymouth က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီး မြန်မာနိုင်ငံ အတွင်း ပြုပြင် ပြောင်းလဲမှုများ အတွက် အရင်းခံတွန်းအားကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများအတွက် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြင်းပြနေသော ပြည်သူတို့၏ဆန္ဒက တွန်းအားဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ အတွက် အရင်းခံတွန်းအား ကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအတွက် တိုင်းပြည်ကို တည်ငြိမ်အေးချမ်းစေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒပြင်းပြနေသော ပြည်သူတို့၏ဆန္ဒက တွန်းအားဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ .  .  .
ဝါရှင်တန်ပို့စ်က ပြုပြင်ပြောင်းလဲမှုများကို သမ္မတကြီး ဦးဆောင်ပြီး Initiative ယူကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အနာဂတ် အပေါ် သမ္မတကြီး၏အမြင်ကို သိလိုကြောင်း မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတ က တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးပိုမို ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်မှန်းချက်ပြည့်ဝသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုအတွက် အလေးထားရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုရှေ့ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်နှင့် ပတ်သက်ပြီး ၀ါရှင်တန်ပို့စ်၏မေးမြန်းမှုကို သမ္မတက “လက်နက်ကိုင်ထားတဲ့ Ethnic Groups က အားလုံး ၁၁ ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့တွေနဲ့ ပထမအဆင့်ပြည်နယ် အဆင့် နားလည်မှု သဘောတူညီချက်တွေ ညှိနှိုင်းပါတယ်။ ပြီးလို့ရှိရင် အစိုးရရဲ့ ကိုယ်စားလှယ် အဖွဲ့တွေခွဲပေးပြီး ဒီအဖွဲ့တွေနဲ့ထိ တွေ့ဆွေးနွေးမှုတွေ လုပ်ပါမယ်။ အဖွဲ့အားလုံးနဲ့ ကျွန်တော် တို့ ထိတွေ့ဆက်ဆံမှုတွေ ရှိနေပါတယ်။ အဲဒီလို ထိတွေ့ဆက်ဆံမှုရှိနေတဲ့ အဖွဲ့တွေထဲကမှ တချို့အဖွဲ့တွေနဲ့ သဘောတူညီချက် လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မပြီးဆုံးသေးပါဘူး။ ရှေ့ကို ဆက်ပြီး သဘောတူညီချက်တွေ ညှိဖို့ ရှိနေသေးပါတယ်”ဟု ဖြေကြားခဲ့သည်။
ထာဝရငြိမ်းချမ်းရေးရရှိရန် အတွက် လက်နက်ကိုင်အဖွဲ့အားလုံးသည် ဥပဒေ၏အောက်ကို ၀င်ရောက်လာကြပြီး ဥပဒေတစ်ခုတည်း၏ အောက်တွင် တန်းတူညီမျှ နေထိုင်လုပ်ကိုင် စားသောက်ကြရန် ဖြစ်ကြောင်းလည်း သမ္မတက ပြောကြားခဲ့သည်။
ထိုပြင့် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအောင်နိုင်ပြီး လွှတ်တော်အတွင်း ၀င်ရောက်လာခဲ့မည် ဆိုပါက  ဃဘေငညနအ ရာထူးတစ်နေရာရာကို ပေးရန် အစီအစဉ်ရှိမရှိ ၀ါရှင်တန်ပို့စ်က မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတက ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ရွေးချယ်ခံရခြင်း၊ အရွေးမခံရခြင်းတို့ အပေါ်တွင် မူတည်ကြောင်း၊ ပြည်သူလူထုက ရွေးခဲ့ပြီဆိုပါက လွှတ်တော် အတွင်းသို့ဒေါ်အောင်ဆန်းစုကြည် ရောက်လာမှာဖြစ်ကြောင်း၊ ထို့နောက် Cabinet အဖြစ်နဲ့ အမည် စာရင်းတင်သွင်းရန်အတွက် လွှတ်တော်၏ သဘောတူညီချက် ရယူရမည် ဖြစ်ကြောင်း၊ လွှတ်တော်၏ သဘောတူညီချက်ရရှိမှ ခန့်အပ်၍ရမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို ၀ါရှင်တန်ပို့စ် က မေးမြန်းခဲ့ရာ နိုင်ငံတော်သမ္မတ က အမေရိကန်နိုင်ငံနှင့် သာမက နိုင်ငံ အားလုံးနှင့် ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီးရှိချင်ပါကြောင်း၊ အမေရိကန်နိုင်ငံ နှင့် သံအမတ်ကြီးအဆင့် တိုးမြှင့်ဆက်သွယ်ရန် ဆန္ဒရှိကြောင်း၊  အမေရိကန် အပါအ၀င်၊ EU အပါအ၀င် နိုင်ငံများ က မြန်မာနိုင်ငံကိုစီးပွားရေးအရ တား ဆီးပိတ်ဆို့မှုများဆောင်ရွက်ခဲ့သည် မှာ နှစ် ၂၀ ကျော်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ထိုတားဆီးပိတ်ဆို့မှုများကို ဖြေလျော့ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်သမ္မတက “မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနောက် နိုင်ငံတွေရဲ့ လိုလားချက်(၃)ချက်ရှိ ပါတယ်။ တစ်အချက်က နိုင်ငံရေးအကျဉ်းသားဆိုပြီး သူတို့ပြောဆို သုံးစွဲနေတဲ့ အကျဉ်းသားတွေလွှတ် ပေးဖို့ကိစ္စ။ နှစ်အချက်က ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးမယ့်ကိစ္စ။ သုံးချက်က ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့ရဲ့အဖွဲ့တွေ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ကိစ္စ။ ဒီကိစ္စ(၃)ခုဟာ အနောက်နိုင်ငံတွေက လိုလားတောင်းဆိုနေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ယခု ဒီကိစ္စသုံးခုစလုံးကို ကျွန်တော် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အပိုင်းကတော့ တာဝန်ကျေသွားပါပြီ။ အဲဒီတော့ အနောက်နိုင်ငံ အမေရိကန်နဲ့ EU တို့တာဝန်ကျေဖို့ အပိုင်းပဲ ကျန်ပါတော့တယ်။ ဒါ့အပြင်  ဒီကိစ္စသုံးရပ်က ဘယ်သူဘယ်ဝါရဲ့ တိုက်တွန်းချက်ကြောင့်၊ အကျပ်ကိုင် စေခိုင်းမှုကြောင့်မျှ မဟုတ်ဘဲ နိုင်ငံရဲ့ လက်ရှိ အခြေအနေအရ လုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေများကြောင့် ကျွန်တော်တို့ ဒီသုံးခုလုံးကို ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။
အမေရိကန်က Sanctions သည်  မြန်မာနိုင်ငံအပေါ် ထိရောက်မှုရှိနေသည်ဟု ထင်မြင်နေကြောင်း ၀ါရှင်တန်ပို့စ်က ပြောကြားခဲ့ရာ နိုင်ငံတော် သမ္မတက “Sanctions ဟာ မြန်မာနိုင်ငံအပေါ် ထိရောက်မှုရှိ၊ မရှိ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီ Sanctions ကြောင့် ပြီးခဲ့တဲ့ တပ်မတော်အစိုးရက ပြုတ်သွားတာ မဟုတ်ပါဘူး။ တပ်မတော်အစိုးရက အခုလို ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ အစိုးရဖြစ်အောင် ပြုပြင်ပြောင်းလဲပြီး တာဝန်လွှဲပြောင်းပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အစိုးရအပေါ် သက်ရောက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ပြည်သူလူထုကတော့ ဒုက္ခရောက်ပါတယ်။ ပြည်သူကတော့ အထိနာတယ်။ ဆင်းရဲနွမ်းပါးမှု ဖြစ်စေပါတယ်”ဟု ပြန်လည်ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရေးကို ၀ါရှင်တန်ပို့စ်က မေးမြန်းခဲ့ရာ မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ရှိကြောင်း၊ သံတမန်ဆက်ဆံရေးမှအပ အခြားနျူကလီးယားကိစ္စ၊ လူအများကြီး သေစေနိုင်သည့် လက်နက်ခဲယမ်းကိစ္စများ နှင့်ပတ်သက်ပြီး ဆက်ဆံမှုမရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံတွင် မီဒီယာလွတ်လပ်ခွင့်ရရှိရေး မည်ကဲ့သို့ ဆောင်ရွက်သွားရန် ရှိကြောင်းနှင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာများ ထုတ်ဝေမှုကို ခွင့်ပြုရန် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက “မီဒီယာနဲ့ ပတ်သက်ပြီးတော့ ခင်ဗျားလည်း အခုတွေ့မှာပါ။ အရင်အစိုးရတွေ လက်ထက်နဲ့ မတူပါဘူး။ အခုဂျာနယ်တွေမှာ ပွင့်ပွင့်လင်းလင်းနဲ့ ရေးနေကြတာပါပဲ။ သို့သော် ကျွန်တော်စောစောက ပြောခဲ့သလို ကျွန်တော်တို့က ဒီမိုကရေစီ အတွေ့အကြုံ နည်းနေသေးတယ်။ ဒါကြောင့် မီဒီယာပိုင်းနဲ့ ပတ်သက်ပြီး တစ်ဖက်ကလည်း လွတ်လွတ်လပ် လပ်လုပ်ဖို့၊ တစ်ဖက်ကလည်း လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ ဆင်ခြင်တုံတရား ယှဉ်တွဲကျင့်သုံးပြီး စည်းကမ်းရှိဖို့နဲ့ တာဝန်ယူမှု ရှိဖို့ ဆောင်ရွက်နေတယ်။ လွတ်လပ်မှုနဲ့ အတူ တာဝန်ယူမှု၊ တာဝန်ခံမှုလည်း လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာ့နိုင်ငံအပေါ်စီးပွားရေးရုတ်သိမ်းမှုပိတ်သင့်ပြီလား(first-11.com)

AddThis 
Social Bookmark Button
ဥရောသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ ထားသည့် စီးပွားရေး ပိတ်ဆို့မှု (Sanctions) အား ယခုအခါ ပြန်လည် ရုပ်သိမ်းသင့် မသင့်ဆိုသည့်အပေါ် မြန်မာနိုင်ငံ၏ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး၊ လှုမှုရေးနယ်ပယ်စုံမှ ပညာရှင်များ၊ ပါဝင် လုပ်ဆောင်နေသူများမှ သုံးသပ်ချက်များစွာဖြင့် ပြောကြားခဲ့ကြပါသည်။
ဥရောပသမဂ္ဂအနေဖြင့် ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိတ်ဆို့မှုပြုခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အမေရိကန်မှ လူ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ ရင်းနှီးမြှုပ်နှံမှု အသစ်များကို ပိတ်ပင်ခဲ့သည်။ ၂၀၀၄ ခု နှစ်တွင် မြန်မာနိုင်ငံနှင့်စီးပွားရေးအ ရဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ၂၀၁၀ ပြည့်နှစ် မေလ တွင် အရေးယူပိတ်ဆို့မှုများ သက်တမ်းတိုးခဲ့ခြင်း ဖြစ်သည်။
“Sanctions တွေကို နိုင်ငံတွင်း တိုးတက်မှုတွေနဲ့အညီ တစ်ဆင့်ပြီး တစ်ဆင့် လျော့ပေါ့ စေသင့်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါ ရီလ ၁၅ရက်နေ့တွင် သူမ၏ နေအိမ်၌ ပြင်သစ်မီဒီယာများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့ သည်။
7171
“ပိတ်ဆို့အရေးယူမှုဆိုတာ သူ့ အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ တရားတော် မြတ်အတိုင်း။ ဒါကြောင့် ပိတ်ဆို့ အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက် ပေးနိုင်ပါတယ်”ဟု ၈၈မျိုးဆက် ကျောင်းသားများ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ကိုမင်းကိုနိုင်က ပြောကြားခဲ့ပါသည်။

ခေါင်းဆောင်ပိုင်းက ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲ ပြောပြော၊ ဆင်းရဲတဲ့ ပြည်သူတွေ ပညာမတတ်တဲ့ ပြည်သူတွေက အများစု ဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံ ဖြစ်မလာနိုင်ပါဘူး…
နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမြင့်က “Sanctions ရုပ်သိမ်းဖို့ လုပ်လာတာ ကောင်းတဲ့လက္ခဏာပါ။ ပိတ်ထားတာထက် ဖွင့်ထားတာပို ကောင်းတာပေါ့။ ဆက်ဆံရေးတွေ  တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ စီးပွားရေး တိုးတက်လာနိုင်တယ်။ နိုင်ငံရဲ့ စီးပွားရေးပြောင်းလဲ ရေးမှာ အထောက်အကူဖြစ်စေမှာပါ။ တကယ်တမ်းပြောရရင်Sanctions ရုပ်တာပဲဖြစ်ဖြစ်၊ မရုပ်သေးတာပဲဖြစ် ဖြစ် နိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုကတော့ အများကြီးဆက်လုပ်ဖို့ လိုသေးတယ်။ ဆက်လုပ်သွားဖို့ လည်းရှိတယ်။ စနစ်တွေ၊ဥပဒေတွေ၊ မူဝါဒတွေ ပြောင်းလဲဖို့ လုပ်ရမှာတွေ တော်တော်များများ ရှိနေတယ်။ အရင် ကမှားခဲ့တဲ့ ဆိုးကျိုးတွေကို အကောင်းဘက်ကို ရောက်အောင် ဦးတည်ပြင်ဆင်သွားနိုင်ဖို့ လုပ်ရမှာပါ။ အခုချိန်ထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုအကဲ ဖြတ်ချက်တွေမှာ မြန်မာက အောက်နားမှာပဲ ရှိနေတာဆိုတော့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန် မြှင့်ပြီးဆက်လက် ဆောင်ရွက်ဖို့ရှိပါတယ်”ဟု သုံးသပ်ခဲ့ပါသည်။
7171a ပါမောက္ခဒေါ်လှမြင့်က “Sanctions ကြောင့် လူတိုင်းထိခိုက် ခံစားရပါတယ်။ ဒါကြောင့် အမြန်ဆုံး ဖြေလျှော့စေချင်တယ်။ စီးပွားရေးလုပ်ငန်းတွေ လှုပ်သာလာမယ်၊ အခွင့်အလမ်းတွေ ပေါ်လာနိုင်တယ်။ နိုင်ငံရဲ့စီးပွားရေး ၀န်ထုပ်ဝန်ပိုး လျော့လာနိုင်တယ်။ နိုင်ငံခြားလုပ်ငန်းတွေ အများကြီးဝင်လာမယ်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအနေနဲ့ အခွင့်အလမ်းကိုယူနိုင်ဖို့ အဆင်သင့်ဖြစ်အောင် လုပ်ဖို့ အရေးကြီးလာပါပြီ။ အရင်က Sanctions ကြောင့် စီးပွားရေးလုပ်ရတာ ခက်ခဲတယ်လို့ လုပ်ငန်းရှင်တွေ ပြောခဲ့တယ်။ အခု Sanctions ရုပ်ပြီဆိုရင် စီးပွားရေးက မြန်နှုန်းမြင့် အနေအထား ဖြစ်လာနိုင်တော့ ပြည်တွင်းလုပ်ငန်းရှင်တွေ အမီလိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ဥပဒေပိုင်း၊ မူဝါဒပိုင်း၊ လုပ်ထုံးလုပ်နည်းပိုင်းတွေကို အချိန်ကိုက် ပြင်ဆင်ပြောင်းလဲပေးဖို့ လိုတယ်။  Sanctions ရုပ်ပေမယ့် နိုင်ငံရဲ့စီးပွားရေး အခင်းအကျင်းက မကောင်းရင် ပြည်ပရင်းနှီးမြှုပ်နှံမှုဝင်မှာ မဟုတ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက် မှာ မဟုတ်ဘူး။ သူတို့အဓိကကြည့်တဲ့ အချက်တစ်ချက် ဖြစ်တဲ့ နိုင်ငံရေး တည်ငြိမ်မှုကတော့ အခုအလားအလာ ကောင်းနေပြီ။ တခြားအခွန်တို့ စွမ်းအင်ရရှိမှုတို့က ရင်းနှီးမြှုပ်နှံသူ တွေကို မဆွဲဆောင်နိုင်သေးဘူး။ တစ်နိုင်ငံလုံးလျှပ်စစ်သုံးစွဲမှုရာခိုင်နှုန်း က ၂၂ရာခိုင်နှုန်းပဲ ရှိသေးတဲ့ နိုင်ငံမှာ  လုပ်ငန်းလုပ်ရင် လျှပ်စစ်ဘယ်လိုပေးမှာလဲလို့ နိုင်ငံခြားလုပ်ငန်းတွေက စဉ်းစားမှာပဲ။ ဒါကြောင့် အစိုးရပိုင်းအနေနဲ့ အခြေခံအဆောက်အဦကို နိုင်ငံတကာ တန်းမီအောင်အရှိန်အဟုန်မြှင့် လုပ်ဆောင်သင့်တယ်။ နောက်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ငွေလဲနှုန်း၊ အခွန်နှုန်းနဲ့ စီးပွားရေးမူဝါဒပိုင်း ပြောင်းလဲမှုတွေ ကို နိုင်ငံခြားလုပ်ငန်းရှင် စောင့်ကြည့်နေတယ်လို့ သိရတယ်”ဟုဆိုပါသည်။
“နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆိုတာ အပြိုင်သွားရပါတယ်။ တစ်ခုခုက ကျန်ခဲ့ရင် မှောက်ရက်လဲတတ်တယ်။ တစ်ဖက်ကလည်း အတိုက်အခံတွေဘက်က စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး ကူညီဆောင် ရွက်နေသလို တစ်ဖက်ကလည်း စီးပွားရေး အခြေခံကောင်းတွေ၊ ပြုပြင်မှုတွေကို အစိုးရက ဆောင်ရွက်သင့်ပါတယ်။ စီးပွားရေးဆိုင်ရာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒအချို့နဲ့ လုပ်ဆောင်ချက်အချို့က အားရစရာ မကောင်းသေးဘူး။ တချို့ဌာနဆိုင်ရာနဲ့စီးပွားဆိုင်ရာ အဖွဲ့အစည်းတွေမှာ ယုန်ကို မုန်လာဥ ဂိုဒေါင်စောင့်ခိုင်းသလိုမျိုး ဖြစ်နေသေးတယ်။ ကျွန်တော်တို့ အနေနဲ့အစိုးရကို အစိုးရကောင်း တစ်ရပ်ဖြစ်အောင် ဝေဖန်မှာ ဖြစ်သလို အတိုက်အခံတွေကိုလည်း အတိုက်အခံကောင်းဖြစ်အောင် ဝေဖန်သွားရမှာပါ။ အတိုက်အခံကောင်းဆိုတာ မှားရင်မှားတာကို ရဲရဲရင့်ရင့် ထောက်ပြပြောဆိုရသလို မှန်ရင်လည်း မှန်တာကို ထောက်ခံဖို့လိုတယ်။ အစိုးရလုပ် နေသမျှအားလုံးကို အစိုးရနဲ့တန်းတူ သိရှိနေရမယ်။ Shadow Government ဖွဲ့နိုင်တဲ့ အနေထားမျိုးရှိသင့်တယ်။ အစိုးရဘာလုပ်နေတယ် ဆိုတာတောင် နားမလည်ဘဲနဲ့ ဝေဖန်နေတယ်ဆိုရင် ဒါအတိုက်အခံကောင်း ဘယ်ဟုတ်မလဲ။ မှန်မှန်ကန်ကန် ဝေဖန်နိုင်ပြီး မှန်မှန်ကန်ကန်လမ်းပြ ဆောင်ရွက်ပေးနိုင်ရမယ်။ ဒါအတိုက်အခံကောင်းပဲ။ အစိုးရကောင်းတွေ လိုအပ်သလို အတိုက်အခံကောင်းတွေ လိုအပ်ပါတယ်။ အတိုက်အခံကောင်း ဖြစ်မှ တစ်ချိန်မှာ အစိုးရကောင်း ဖြစ်မှာပါ” ဟု Eleven Media Group ၏  CEO ဒေါက်တာသန်းထွဋ်အောင် က ပြောကြားခဲ့ပါသည်။
“Sanctions ကတော့ အကြောင်း ရှိပြီး ဖြစ်လာတာပေါ့။ ဒါပေမယ့် အခုလို နိုင်ငံရေး အပြောင်းအလဲကြောင့် ပြန်ဖွင့်သင့်ပြီ။ ပြန်ဖွင့်တာကို ကြိုဆိုတယ်။ တိုင်းပြည်အတွက် နစ်နာလို့ပါ။ တကယ်တော့ Sanctions ကြောင့် Open စီးပွားရေးမဖြစ်ဘဲ Permit စီးပွားရေး ဖြစ်သွားတဲ့အတွက် နိုင်ငံမှာ Semi Government  တွေပေါ်လာပြီး အဲဒီအဖွဲ့တွေကို မှီခိုလုပ်ကိုင်တဲ့ အခွင့်ထူးခံ အလွှာပေါ်လာခဲ့ တယ်။ အရည်အချင်းအမှန်နဲ့ တက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးကျပ်တည်းသွားတယ်။ ဒီလိုလုပ်ငန်းရှင်တွေ ကျပ်တည်းတော့ လုပ်ငန်းရှင်တွေအပေါ် မှီခိုနေရတဲ့ အခြေခံ လုပ်သားတွေအတွက် အလုပ်သစ်မဖန်တီး ပေးနိုင်သလို အလုပ်အကိုင် အခွင့်လမ်းနည်းပြီး တိုင်းပြည်ဆင်းရဲသွားတယ်။ ဒီထက်ဆိုးတာက သဘာဝသယံဇာတ သစ်၊ ကျောက်မျက် တွေဆိုရင် ပြည်ပနိုင်ငံတွေက တစ်ဆင့်ရောင်းနေရလို့ အဲဒီနိုင်ငံက လုပ်ငန်းရှင်တွေက မြန်မာ့သယံဇာတနဲ့ ချမ်းသာနေကြတယ်။ ဥပမာ-တရုတ်၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံတွေမှာ မြန်မာသစ်ကုန်ကြမ်းကို အနိမ့်ဆုံး ဈေးနဲ့ဝယ်ပြီး ကုန်ချောထုတ်ရောင်းတဲ့အတွက် စီးပွားဖြစ်တယ်။ မြန်မာနိုင်ငံတွင်းမှာ ကျတော့ သစ်အခြေခံ နဲ့ ပတ်သက်တဲ့ လုပ်ငန်းဖွံ့ဖြိုးတာမျိုး လောက်လောက်လားလား ပြစရာမရှိသေးဘူး။ Sanctions ရုပ်တာတစ်ခုတည်းနဲ့တော့ မြန်မာ့စီးပွားရေး ပြောင်းသွားမှာမဟုတ်ဘူး။ Political Changes  နဲ့ Economy Changes ချိန်ခွင်လျှာညီမှရမယ်။ နိုင်ငံရေး အပြောင်းအလဲ တစ်ခုတည်း ရှေ့ရောက်နေလို့ မဖြစ်ဘူး။ Economy Changes အတွက်ဆိုရင် နှစ်မျိုးထပ်ရှိတယ်။ External Economy Changes နဲ့ Internal Economy Changes  ဆိုပြီးရှိ တယ်။ အခု Sanctions ရုပ်တယ်ဆိုတာ ပြင်ပကစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်တယ်။ Top Down ပြောင်းလဲမှုတစ်ခုတည်းနဲ့ မရဘူး Bottom Up ပြောင်းလဲမှုလည်းပြု မှ Sanctions ရုပ်ခြင်းနဲ့အတူ မြန်မာ့ စီးပွားရေး ပြောင်းလဲမှာပါ” ဟု UMFCCI  ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော် သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်က “အကျဉ်းကျခံနေရသူတွေ လွှတ်ပေးတာတို့၊  တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတာတို့ကို ပြု လုပ်နေတာကြောင့် အမေရိကန်နဲ့ ဥရောပအပါအ၀င် နိုင်ငံတကာက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းလာမှာပါ။ တစ်ဦးတည်း အမြင်အရ ပြောရရင် ဧပြီလမတိုင်ခင် ပိတ်ဆို့မှု တော်တော်များများ ဖြေလျှော့ပြီးဖြစ်မယ်လို့ ယူဆပါတယ်။ တစ်ဆင့်ချင်း ပဲ ဖြေလျှော့တာပဲဖြစ်ဖြစ် ချက်ချင်းဖြုတ်ပေးတာဖြစ်ဖြစ် ဘယ်နည်းမဆို ကောင်းပါတယ်။ မြန်မြန်ဆန်ဆန် ဖြစ်ရင်တော့ ပိုကောင်းပါတယ်။  ဒါကြောင့်ဖြစ်နေတဲ့ နစ်နာမှုက ပမာဏ ကြီးပါတယ်။ ၀န်ထုပ်ဝန်ပိုးဖြစ်စေ ပါတယ်။ Sanctions တွေ ရုပ်သိမ်းသွားမယ်ဆိုရင် တိုးတက်မှုအတွက် အဟန့်အတားဖြစ်စေတဲ့ ၀န်ထုပ်ဝန်ပိုး တစ်ခုလျော့သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့လျှောက်စီးပွားရေး အလားအလာတွေ ကောင်းလာနိုင်တယ်။ နိုင်ငံတွင်းကို ပြည်ပအရင်း အနှီး၊ ပြင်ပအရင်းအနှီးတွေ ပိုပြီး စီးဝင်လာမယ်။ သူတို့လာချင်အောင်၊ ရင်းနှီးမြှုပ်နှံချင်အောင် မက်လုံးပေးရမယ်။ ဘဏ်စနစ်တွေကောင်းအောင် လုပ်ပေးရမယ်။ ကုန်ထုတ်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေလုပ်လို့ ရအောင် ဆောင်ရွက်ပေးတာတို့၊ နိုင်ငံ တကာက လက်ခံတဲ့ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့ လုပ်နိုင်အောင်ပြင်ဆင်ပေးတာတို့ လုပ်ပေးရမယ်။ အခွန် ကိစ္စတွေ၊ လုပ်ငန်းစဉ်တွေထင်သာ မြင်သာဖြစ်အောင်၊ မျှတအောင်လုပ်ပေးဖို့ လိုတယ်။ တစ်ဖက်မှာလည်း ပြင်ပက အင်အားကြီးလုပ်ငန်းတွေ ၀င်လာမယ့်အတွက် ပြည်တွင်းလုပ်ငန်း တွေအနေနဲ့ ယှဉ်နိုင်ပြိုင်နိုင်အောင် လုပ်ထားဖို့အရေးကြီးတယ် အစိုးရပိုင်းကလည်း ပြည်တွင်းလုပ်ငန်းတွေ တိုးတက်ဖို့ အားပေးပံ့ပိုးပေးသင့် တယ်”ဟု သုံးသပ်ခဲ့သည်။
ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က “မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်း ပေးသင့်ပါပြီ။ အခုအကျဉ်းသားတွေလည်း လွှတ်ပြီးပြီ။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးဆွေးနွေး နေတယ်။ တခြားပြုပြင်ပြောင်းလဲရေး တွေလည်း လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြီးတော့ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးဖို့ကြိုးစားနေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် တရုတ်နဲ့ ဗီယက်နမ်တို့ထက်တောင် သာသေးတယ်။ စနစ်အရ သာတယ်၊ ရှေ့ရောက်တယ်။   ပြုပြင်ပြောင်းလဲနေတဲ့ ခြေလှမ်းတွေအရ ဘာကြောင့်တစ်ဆင့်ချင်း လျှော့ပေးရမှာလဲ။ လုံးဝကို မပိတ်ဆို့သင့်တော့ဘူး။ ဒီSanctionsကြောင့် တိုင်းပြည်မှာနစ်နာတာ အများကြီးရှိတယ်။ ဘဏ်လုပ်ငန်းကဏ္ဍနဲ့ပဲ ပြောရင်တောင် ပိတ်ဆို့မှုကြောင့် အဆင့်ဆင့် လုပ်နေရတယ်။ ငွေကုန်ကြေးကျပိုများတယ်။ စင်ကာပူက UOB  ဘဏ်ဆိုရင် မြန်မာပြည်က ဘဏ်တွေကြောင့် ဘီလျံနဲ့ချီပြီးမြတ်တယ်။ ၀န်ဆောင်ခကို နင့်နေအောင်ယူတယ်။ Sanctions  ကြောင့် တိုက်ရိုက်မချိတ်နိုင်တာကို စင်ကာပူဘဏ်က ကူညီတယ်ဆိုပြီး ကျေးဇူးမတင်နိုင်ဘူး။ အဓိက က ဒီSanctions ကြောင့် လုပ်ငန်းတွေ အခက်အခဲဖြစ်တယ်။ နစ်နာမှုတွေ အများကြီးရှိတယ်။ စီးပွားရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တဲ့အတွက် အပေါ်ကနေ အောက်အထိ အကုန်လုံးထိခိုက်နစ်နာတယ်။ ဒါကြောင့် ပိတ်ဆို့မှုကို အမြန်ဆုံးရုပ်သိမ်းစေချင်တယ်” ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့ပါတီကတော့ Sanctions နဲ့ ပတ်သက်လို့ စီးပွားရေးပိတ်ဆို့တာကို လုံးဝလက်မခံဘူး။ ဟိုးတုန်းကတည်းက စလုပ်ကတည်းက လက်မခံဘူး။ အခုလည်း လက်မခံဘူး။ ၂၀၁၁ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတရားတွေဟာ ၂၀၁၂ ခုနှစ်မှာ အကျိုးတရားတွေ ဖြစ်လာတယ်။ Targeted Sanctions လို့ ပြောပြောသူတို့တင် မကဘူး။ ပြည်သူတွေကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ထိခိုက်စေပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့ကတော့ ပြည်သူကို ထိခိုက်စေမယ့် ဘယ်လိုအကြောင်း ကိစ္စမဆို ဆန့်ကျင်ပါတယ်”ဟု တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက ပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်က “ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တစ်လျှောက်လုံး ပြောနေတဲ့အတိုင်းပဲ ကျွန်တော်ပြောချင်ပါတယ်။ ဘာလဲဆိုလို့ရှိရင် တိုင်းပြည်မှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေ၊ ဒီမိုကရေစီရေး အခွင့်အရေးပိတ်ဆို့ မှုတွေ၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားလူမျိုးများနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတာတွေ ပပျောက်သွားခြင်း မရှိဘူးဆိုရင် ဒီ Sanctionsတွေက အရေးယူထားတဲ့ဟာတွေ တော့ ရုပ်သိမ်းဖို့ မသင့်ဘူးလို့ ထင်တယ်။ ရုပ်သိမ်းမယ်ဆိုလို့ရှိရင် လည်း အဲဒီခုနကပြောတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒီမိုကရေ စီရေး ပိတ်ဆို့မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေ၊ ဒါတွေ လျော့ပါးသွားတာနဲ့အမျှ ဒီ Sanctions တွေဘက်က လျှော့ချရေးကို လည်း တိုးမြှင့်လာမှာပဲလို့ ကျွန်တော်တို့ အဲလိုပဲပြောခဲ့ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ဒီနေ့အထိ အဲဒီအတိုင်းပဲ ယူဆပါတယ်။ သမ္မတကြီးက နေပြီးတော့ အခုလို တိုက်တွန်းတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ကြားရတယ်။ အဲဒီထဲမှာ ထူးခြားတဲ့အချက်က နောက်ကြောင်း မပြန်တော့ဘူးဆိုတာကို အာမခံတယ်ပေါ့။ အဲဒါအတွက် ကျွန်တော်တို့ ဘာပဲပြောပြော အဲဒါ သည်ပင်လျှင် အရေးကြီးတဲ့ လျှော့ပေါ့ချက်တစ်ခု ဖြစ်တယ်လို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ သို့သော် သမ္မတကြီးပြောတာနဲ့ ဟုတ်ရဲ့လား လို့ အများကြီး မေးခွန်းမေးစရာတွေ ရှိနေမယ်လို့ ကျွန်တော်က ထင်တယ်” ဟု ပြောကြားခဲ့သည်။
“နိုင်ငံရေးပြုပြင်ပြောင်းလဲမှု နဲ့ စီးပွားရေးပြုပြင်ပြောင်လဲမှု တစ်ပြေးညီဖြစ်ဖို့လိုတယ်။ အခု နိုင်ငံရေး ပြောင်းလဲမှုက ရှေ့ရောက်တဲ့ သဘောဆောင်နေတဲ့တွက် စီးပွားရေး နောက်ကျ ကျန်နေရင် ပြဿနာပေါင်းစုံဖြစ်လာမှာ စိုးရိမ်မိတယ်။ ဒါကြောင့် Sanctions ကို အလျင်အမြန် ရုပ်သိမ်းသင့်ပါတယ်”ဟု စာရေးဆရာ ဒေါက်တာခင်မောင်ညိုက သုံးသပ်ခဲ့ပါသည်။
“လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတာက education နဲ့ knowledge ကြားမှာ Gap  ဖြစ်နေတယ်။ Gap ဖြစ်လာတာကလည်း အကြောင်းရှိတယ်။ industryမဖွံ့ဖြိုးတော့ ကျောင်းသားကျောင်းသူတွေ အနေနဲ့ လေ့လာရတာ မလွယ်ကူဘူး။ ၂၀၁၅ မှာ AFTA လာတော့ ဖွင့်ချလိုက်ရမယ့် အချိန်မှာကိုယ့်ဘက်က မကျန် ခဲ့အောင်တော့ရတဲ့ အခြေအနေနဲ့လုပ်ဖို့ လိုနေတယ်။ Sanctions ရုပ်တာမရုပ်သိမ်းတာထက် HR  ကို develop ဖြစ်အောင် လုပ်ထားရမယ်။ resource မှာ လူတင်မဟုတ်ဘူး။ အဆောက်အအုံ ပိုင်းကိုလည်း ပံ့ပိုးရမယ်။ Sanctions ရုပ်လိုက်လို့ နည်းပညာတွေ ၀ုန်းကနဲဝင်လာချိန်မှာ ကိုယ့်ဘက်က ကျန်မနေခဲ့အောင်တော့ ပြင်ဆင်ထားဖို့လိုပါတယ်”ဟုလည်း ဆောက်လုပ်ရေးပညာရှင် ဦးစောထွေးဇော်က ပြောကြားခဲ့သည်။
“sanctionsဟာ ဆင်းရဲမွဲတေမှုကို တွန်းအားပေးတယ်။ ပြီးတော့ ကုမ္ပဏီအသေးလေးတွေ သာမန်စီးပွားရေး လုပ်ငန်းရှင်တွေကို ထိခိုက်စေတယ်။ ယှဥိပြိုင်နိုင်မှုမဲ့စေတယ်။ ကုန်သွယ်မှုကို အတားအဆီး ဖြစ်စေတယ်ဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေး တိုးတက်မှုကို အဟန့်အတားဖြစ်စေတယ် ဆိုပေမဲ့ sanctions ကိုအမေရိကန်က ရုတ်သိမ်းမယ် ဆိုရင်တော့ သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှပဲပေးမှာပါ။ နိုင်ငံရေးအရ လက်ခံနိုင်တဲ့ ဖြေလျော့မှုတွေလုပ်ရင် စီးပွားရေးအရ ဖြေလျော့မှုတွေ သူ့ ဘာသာသူ လုပ်လာမှာပါ။ ပြီးတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုတာ နှစ်ခုလုံးပြိုင်တူလုပ်မှရမှာပါ။ တစ်ဖက် က sanctions မရှိမှလည်း ပိုပြီး တိုင်းပြည်စီးပွားရေး အားကောင်းလာမှာပါ”ဟု စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ပြခဲ့သည်။
“၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံက ချခဲ့တဲ့ အမျိုးသားနိုင်ငံရေးလမ်းစဉ်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်း ညီညွတ်ရေးစတဲ့ အလံသုံးလက်ပေါ့။ အဲဒါ အမျိုးသားနိုင်ငံရေး လမ်းစဉ်ပဲ။ ဒီမိုကရေစီ ဖော်ဆောင်တယ်ဆိုတဲ့ Step တစ်ခုမှာ အဓိကအနေနဲ့တောင်းတာတစ်ခုက နိုင်ငံရေး အကျဉ်းသားတွေ လွတ်ပေးဖို့ပဲ။ အခု နောက်ဆုံးအချိန်မှာ တော်တော်များများ လွတ်သွားပြီ။ အရေးကြီး လူပုဂ္ဂိုလ်အများစု လွတ်သွားပြီ။ နည်းနည်းပဲကျန်တော့တယ်။ ၁၀၀ရာနှုန်းလို့ မပြောနိုင်ပေမယ့် စိတ်ကျေနပ်စရာ တစ်စုံတစ်ရာရှိလာပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် စောစောကမယုံဘူး။ ဒါပေမယ့် အခုနောက်ဆုံး မင်းကိုနိုင် အပါအ၀င်အများစုကို လွှတ်လိုက်တော့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ရင် Majority တော့ လွတ်သွားပြီ။ ဒုတိယတစ်ချက်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အများစုက ပြည်ထောင်စုအဆင့် ဆွေးနွေးရေးကို ရောက်နေပြီ။ ကေအိုင်အေနဲ့တောင် ၁၉ ရက်နေ့ကတွေ့ပြီ ကြေညာချက် ထွက်လာပြီ။ အပစ်အခတ်ရပ်မယ်လို့ မပါသေးပေမယ့် ဆိုးရွားသွားတာတွေမပါအောင် ထိန်းသိမ်းမယ်လို့ ပါလာတဲ့အတွက် ငြိမ်းချမ်းရေးအတွက် တစ်စုံတစ်ရာ လှုပ်ရှားလာပြီလို့ ပြောလို့ရတယ်။ ဒီအခြေအနေမှာ Sanctions ရုပ်မယ်ဆိုရင် ရုပ်နိုင်မယ့် အချက်အလက်တွေ ပေါ်ထွက်လာပြီလို့ ပြောလို့ရတယ်။ ဒါပေမယ့် တိုင်းပြည်ဆင်းရဲရတာဟာ Sanctions ကြောင့်ပါလို့တော့ ပြောလို့မရဘူး။ နဂိုကတည်းက အစိုးရအဆက်ဆက် ဖောက်ပြန်မှားယွင်းတဲ့ စီးပွားရေး မူဝါဒတွေကြောင့် ဆင်းရဲတွင်းနက်နေရတာ။ အထူးသဖြင့် Crony Capitalism ဆိုတဲ့ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဘော်ဒါကဏ္ဍ စီးပွားရေးစနစ် တွေ၊ လက်ဝါးကြီးအုပ် အခွင့်ထူးခံ အဖွဲ့အစည်းတွေကြောင့်ပဲ။ သူတို့ရဲ့ မှားယွင်းတဲ့ စီးပွားရေးစနစ်တွေကြောင့် ပျက်စီးတာ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအခြေအနေဟာ Sanctions တွေ ရုပ်သိမ်းဖို့အခြေခံတွေ ပေါ်ပေါက်လာပြီလို့ မြင်ပါတယ်။ပြောင်းလဲမလား မပြောင်းလဲဘူး လားဆိုတာကတော့ စောင့်ကြည့်ရပါမယ်။ Sanctions ရုပ်မယ်ဆိုရင် တော့ ရုပ်သင့်တဲ့အခြေအနေကို ရောက်နေပြီ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ ဒီမှာရင်းနှီးမြှုပ်နှံမှု ဥပဒေရှိတယ်။ အဲဒါနဲ့ မလုံလောက် ဘူး။အဓိကပြောနိုင်တဲ့အချက်တွေက မြေယာနဲ့ ပတ်သက်ပြီး ၁၉၄၇ မှာ ကန့်သတ်တဲ့ဥပဒေရှိတယ်။ ၁၉၈၇မှာ ပြန်ပြီးမွမ်းမံတယ်။ မရွှေ့ပြောင်း နိုင်တဲ့ပစ္စည်းကန့်သတ်တဲ့ ဥပဒေရှိတယ်။ ရှိတဲ့အခါမှာ နိုင်ငံခြားသားတွေအနေနဲ့ မြေပိုင်ခွင့်မရှိဘူး။ တစ်နှစ်ထက်ကျော်ပြီး ငှားရမ်းလို့မရဘူး။ အဲဒီအခါမှာ သူတို့က ဒီမှာ အကြီးအကျယ်လာပြီး Estate လုပ်တဲ့အပေါ်မှာ ဘယ်လို အာမခံချက်ရှိမယ်ဆိုတာ မသိဘူး။ တိကျတဲ့စီးပွားရေးဥပဒေတွေ မရှိဘူး။ အခွန်ဥပဒေက ဘယ်လိုယူမှာလဲ။ အမြတ်အခွန်က ဘယ်လိုလုပ်မှာလဲ။ အဲဒီအခြေခံအချက် အလက်တွေရှင်းရှင်းလင်းလင်းရှိဖို့ လိုပါသေးတယ်။အဲဒီအတွက် နိုင်ငံခြားက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ က လာဖို့ချိန်တော့ ချိန်ကြမှာပဲ။ လာတာကောင်းတယ်။ ကြိုလည်း ကြိုဆိုတယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေးနယ်ပယ်မှ ဦးသိန်းသန်းဦး ကပြောကြားခဲ့သည်။
“နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုဆိုရင် နိုင်ငံရေးကတောင် ရှေ့ကိုအတော်ရောက်နေတယ်လို့ ပြောရမယ်။ မြစ်ဆုံကနေ အကျဉ်းသားတွေ လွှတ်ပေးတဲ့အထိ ဘာမှမကြာလိုက်ဘူး။ ပြောင်းတာတော့ ပြောင်းနေပြီ။ သို့သော်အပေါ်မှာ ပြောင်းပေမယ့် အောက်မှာဘာမှ ပြောင်းလဲမလာတာတွေ ရှိနေသေးတယ်။ ဒါကလည်း ဒီမိုကရေစီနဲ့အသားမကျ သေးလို့ပေါ့။ အချိန်တော့ယူရအုံးမယ်”ဟု မန္တလေးမြို့နေ နိုင်ငံရေး နယ်ပယ်မှ ဦးသိန်းသန်းဦးကပြောကြားခဲ့သည်။
“အစိုးရဖွဲ့တာလည်း တစ်နှစ် ပြည့်တော့မယ်။ စီးပွားရေးပိုင်းမှာလည်း ခေါင်းတွဲကပဲသွားနေပြီး တော့ နောက်ကတွဲတွေလိုက်ဖို့ လိုနေသေးတယ်။ ဒီမိုကရေစီအစိုးရရဲ့ ထုံးစံအတိုင်း ၆ လ သို့မဟုတ် တစ်နှစ်ပြည့်ရင် ကက်ဘိနက်ကို ပိုမိုသွက်လက်တဲ့ အစိုးရအဖွဲ့မျိုးဖြစ်အောင် Reshuffle ပြန်လုပ်သင့်တယ်။ စီးပွားရေးနဲ့ ပတ်သက်တဲ့မူဝါဒတွေ လည်း ပိုမိုကောင်းမွန်အောင် ပြန်သုံးသပ်သင့်တယ်။ လုပ်နိုင်စွမ်းမရှိတဲ့ သူတွေ အစား လုပ်နိုင်စွမ်းရှိတဲ့သူတွေကို အစားထိုးသင့်တယ်။ ဒါ့အပြင် ဗဟိုဘဏ်လို၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်လို စီးပွားရေးအတွက် အရေးပါတဲ့နေရာတွေ ဒါတွေဟာ Political post မဟုတ်ဘူး၊ Technical post တွေဖြစ်တဲ့အတွက် ပညာရှင်တွေ ခန့်သင့်တယ်။ ဌာနဆိုင်ရာတွေမှာလည်း လူမှန်နေရာမှန်ချထား ဖို့ လိုအပ်တယ်။ ဥပမာ-အကောက်ခွန်၊ အခွန်ဦးစီး၊ တကယ့်စီးပွားရေးနဲ့ ပတ်သက်တဲ့ တံခါးစောင့်နေရာတွေမှာ တကယ်ကို အရည်အသွေး ပြည့်ဝပြီးတော့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့၊ လောဘသက္ကာယ နည်းတဲ့ သူတွေ၊ မျှမျှတတလုပ်လိုတဲ့ ဆန္ဒရှိတဲ့သူတွေကို သက်ဆိုင်ရာ ဌာနတွေ၊ ဌာနဆိုင်ရာ အကြီးအကဲ နေရာတွေမှာ သေသေချာချာစိစိစစ်စစ် ရွေးချယ်ခန့်ထားသင့်တယ်။ တခြားစီးပွားရေးနဲ့ ပတ်သက်တဲ့ ကုန်သွယ်ရေးလို ဌာနတွေ၊ နေရာတွေမှာ ပညာရှင်တွေကို ပိုခန့်ထားဖို့ ဒီထက် ပိုနေရာပေးဖို့ လိုပါတယ်။ Political post  ဖြစ်တဲ့ ၀န်ကြီးနေရာတွေကို မခန့်ထားရင်တောင်၊ ညွှန်ကြားရေးမှူးချုပ်တွေ ညွှန်ကြားရေးမှူးတွေနေရာမှာ ပညာရှင်တွေ ပိုခန့်ထားသင့်တယ်။ ရှေ့လျှောက်နိုင်ငံတကာနဲ့ ပိုမိုဆက်ဆံရတော့မယ်။ အခုနိုင်ငံ တကာက လာတော့မယ်။ ရင်းနှီးမြှုပ်နှံ မှုတွေ လာတော့မယ်။ တကယ်တော့ မူတွေ ချည်းပဲပြင်လို့မရဘူး လူတွေ ပါ ပြင်ရမယ်။ ခိုင်မာတဲ့စီးပွားရေး မူဝါဒတွေလည်း ဆွဲရမယ်။ ဘောလုံးအသင်းလိုပဲ လက်ရှိအသင်းနဲ့တော့ မရဘူး”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် က သုံးသပ် ပြောကြားခဲ့ပါသည်။
“Sanctions က ဆင်းရဲသားတွေအပေါ်ထိခိုက်မှုရှိတယ်ဆိုတာ ကောင်းကောင်းကြီး ယုံကြည်တယ်။ လက်လည်းလက်ခံတယ်။ ဥပမာ ပဲလောကက ဆုံးရူံးမှုတွေကို ပြန်ကြည့်ရင်လည်း သိနိုင်တယ်။ ဟိုတုန်းက ပဲကိုကုမ္ပဏီအကြီးအသေး အကုန်လုံး ပို့ ကြတယ်။ နောက်ပိုင်း sanction တွေများလာတော့ ကုမ္ပဏီ အကြီးကြီးတွေပဲ လုပ်နိုင်တော့တယ်။ အဓိကကတော့ letter of Credit ဖွင့်လို့မရလို့။ အဲဒီတော့ ကုမ္ပဏီတွေက တစ်ခါစင်ကာပူမှာ၊ ဟောင်ကောင် မှာ ကိုယ်ပိုင်ကုမ္ပဏီတွေ သွားဖွင့်ရတယ်။ အဲဒီမှာတင် transistion  cost တွေတက်လာရော။ကုမ္ပဏီအသေးတွေက မတတ်နိုင်တော့ဘူး။ LC ဖွင့်တာမှာလည်း ယူရိုနဲ့ဖွင့်တယ် ဒေါ်လာပြန်ပြောင်းတယ်။ ဒေါ်လာကနေ မြန်မာငွေပြန်ပြောင်းတယ်။ အဲဒီ မှာ အဆင့်ဆင့်ဖြစ်နေတော့ transitional cost  က သုံးရာခိုင်နှုန်းလောက်ရှိသွားတယ်။ ဒီအထဲမှာ ငွေကြေး အတက်အကျကြောင့် ဆုံးရှုံးသွားတဲ့ ပမာဏမပါသေးဘူး။ ကုမ္ပဏီအသေးတွေ မလုပ်နိုင်ကြဘူး။ ကိုယ်ပိုင်ရောင်းနေတာကနေ ကုမ္ပဏီအကြီးကြီးတွေ ဆီကိုပဲ ပေးလိုက်ရတယ်။ အဲဒီမှာတင် လိမ်လည်မှုတွေ၊ အလွဲသုံးစားမှု တွေလာတော့တာပဲ။ ပြီးတော့အခု စင်ကာပူမှာဖြစ်တဲ့ ဟွန်ဒီကိစ္စဆိုရင်လည်း အယ်လ်စီဖွင့်မရလို့ ဟွန်ဒီကို အားကိုးရတာ။ နောက်ပိုင်း လိမ်လည် မှု ဖြစ်လာတာပဲ။ နောက်တစ်ခုက ပတ်ဝန်းကျင်ရေးရာတွေကိုပါ ထိခိုက်လာတယ်။ စားစရာမရှိ တောထဲသွား လိပ်ဖမ်း၊ သတ္တ၀ါတွေ ဖမ်းတန်ဖိုးရှိတဲ့ species တွေ ဆုံးရှုံးကုန်တယ်။ နောက်ဆုံး တောထဲမှာမရမှ မလေးတို့ ထိုင်းတို့ထွက်ကုန်ကြတာပါ။ ဒီတော့ sanctions ကပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ်မှာ သက်ရောက်တဲ့အတွက် sanctions မရှိဘူးဆိုရင် ဒီဘ၀တွေ ကောင်းလာနိုင်တယ်။ သို့သော်လည်း တစ်ခုစဉ်းစားရမှာက sanctions  သည် အပြောင်းအလဲ တစ်ခုအတွက် တွန်းအားလည်း ဖြစ်နေတယ်။ ဒီတွန်းအားတစ်ခုကလည်း လိုနေတဲ့ အနေအထားရှိတယ်။ ဒီအတွက် ဖြစ်လာခဲ့တာဆိုတော့ ကျန် ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အမေ့ခံအဆင့်နဲ့ရပ်မနေဘဲ လွတ်မြောက်လာဖို့၊ တိုင်းရင်သားကိစ္စတွေ မီဒီယာလွတ်လပ်ခွင့် ပီပီပြင်ပြင်ရဖို့ ကျောင်းသား သမဂ္ဂဖြစ်လာဖို့၊ စီတန်းလှည့်လည်ခွင့် ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ စတဲ့ ဒီမိုကရေစီ စံနှုန်းတွေရှိလာဖို့ လိုနေပါတယ်။ ဒါတွေဖြစ်လာရင် sanctions  ဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ အခုဆိုရင် အရေးအရာကိစ္စတွေအပေါ် ဥပမာ မူဝါဒတစ်ရပ်ချမှတ်ပြီး လွှတ်တော်ရော၊ executive level မှာလုပ်နေတာတွေရှိပါတယ်။ ဒါပေမယ့် အပေါ်ကလုပ်နေပေမယ့် အောက်ခြေ မှာ အရင်ကရှိခဲ့တဲ့ ဗျူရိုကရေစီအတိုင်း သွားနေတယ်။ သူတို့ အကျိုးစီးပွားထိခိုက်မှာ စိုးရိမ်နေတာလည်း ရှိတယ်။ ဒါကြောင့်အောက်ခြေမှာလည်း လက်တွေ့ကျကျလုပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် နိုင်ငံရေး မှာ တိုးတက်ကောင်းမွန်တဲ့ မြင်သာတဲ့ အပြောင်းအလဲဖြစ်ရင် စီးပွားရေးအရ ဆန်ရှင်က အလိုလိုပါသွားမှာပါ”ဟု သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ Eco Dev မှ ဦးဝင်းမျိုးသူက သုံးသပ်ပြပါသည်။
အလားတူပင် ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ခဲ့သော အမေရိကန်ရီပတ်ပလီကင် အထက်လွတ်တော် အမတ်မက်ကော်နယ်၏ ပြောကြားချက်အရမူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား စစ်မှန်သော reformer  တစ်ဦးအနေဖြင့် အပြည့်အ၀ ယုံကြည်ကြောင်း သမ္မတ နှင့်တွေ့ဆုံပြီးနောက်ပိုင်း သတင်းထောက်များအား ပြောကြားခဲ့သည် ဟုသိရှိရသည်။ အလားတူမြန်မာနိုင်ငံ အပေါ် ကန့်သတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့် ပတ်သက်လျှင်မူလာမည့် ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်စရာ ရှိကြောင်းအရိပ်အမြွက် ပြောကြားသွားခဲ့သည်ဟု သိရှိရသည်။
ယင်းအနေဖြင့် စံသတ်မှတ်ချက် သုံးခုအား ချပြခဲ့ပြီး နံပါတ်တစ်အနေဖြင့် လာမည့်ဧပြီလ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပသည့်အချိန်တွင် အပြည်ပြည်ဆိုင်ရာ လေ့လာ စောင့်ကြည့်သူများအားခွင့်ပြုပေး ရန်၊ တိုင်းရင်းသား လူမျိုးစုများနှင့် အပစ်အခတ်ရပ်စဲရန်နှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတို့အား ရပ်တန့်ရန်စသည့် စံသတ်မှတ်ချက် များအား ထည့်သွင်းပြောကြားသွားခဲ့ကြောင်းနှင့် ယင်းစံများနှင့် ညီညွတ်ပါက စီးပွားရေးပိတ်ဆို့မှုကို ပယ်ဖျက်ပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကြံဥာဏ်လည်း ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရသည်။
“ပြုပြင်ပြောင်းလဲမှုတွေကို ယုံကြည်စိတ်ချမှုမရှိသေးဘူးလို့ ဆိုသည့်တိုင်အောင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးဖို့ Sanctions ရုပ်သင့်နေပါပြီ။ စီးပွားရေးပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး အပြောင်းအလဲတွေက ခြေတုပ်ပြီးလဲသွားပါလိမ့်မယ်။ ခေါင်းဆောင်ပိုင်း က ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလို့ ဘယ်လိုပဲပြောပြော၊ ဆင်းရဲတဲ့ပြည်သူတွေ ပညာမတတ်တဲ့ပြည်သူတွေ က အများစုဖြစ်နေရင် ဒီမိုကရေစီ နိုင်ငံဖြစ်မလာနိုင်ပါဘူး”ဟု Eleven Media Group  ၏ CEOဒေါက်တာ သန်းထွဋ်အောင်က သုံးသပ်ပြော ကြားခဲ့ပါသည်။

Thursday, January 19, 2012

အနုပညာသတင်း(first-11.com)

e4423
ယခုတစ်ပတ် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူက ကြော်ငြာဘုရင်မဟု တင်စားနိုင်သူ (သို့မဟုတ်) ရိုက်ရက်ကျပ်နေသည့် မင်းသမီးများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် သရုပ်ဆောင် ၀တ်မှုံရွှေရည် ပင်ဖြစ်သည်။ ကြော်ငြာများတွင်သာ သီးသန့်တွေ့မြင်လာခဲ့ရာမှ ဇာတ်ကားများ လက်ခံရိုက်ကူးချိန်တွင် ကြိုးစားသရုပ်ဆောင်လာသူ ၀တ်မှုံရွှေရည်က ၂၀၁၂ ခုနှစ်၏ နှစ်ဆန်းပိုင်းတွင် တစ်မူထူးခြားသည့် ဇာတ်ကောင်စရိုက်နှင့် ‘နင်စေရင်’ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်ထားခဲ့သည်။ ဖေဖော်ဝါရီလတွင် ရိုက်ကူးမည့် ‘သနပ်ခါး’ ဒီဗီဒီ ဇာတ်ကားတွင်လည်း အသက်ထက်ဝက်ခန့် ကွာသူကို လက်ထပ်ယူမိပြီး နောက် ခင်ပွန်း၏ တူအရင်းကို ချစ်မိခဲ့သည့် အိမ်ထောင်သည် ၀တ်မှုံ၏ဇာတ်ကောင်စရိုက်နှင့် ပါဝင်သရုပ်ဆောင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ဖန်စီဇာတ်ကောင် စရိုက်များနှင့်မတူ ကွဲပြားသည့် ဇာတ်ကောင်စရိုက်များအတွက် ၂၀၁၂ ခုနှစ်ကို ပြင်ဆင်ထားပါသည်ဟု ပြောကြားလာခဲ့သည့် ၀တ်မှုံရွှေရည်၏ အနုပညာအရေး ကြိုတင်ပြင်ဆင်မှုများကို မေးမြန်းဖြစ်ခဲ့ရာ . . .
မေး ။ ၂၀၁၂ ခုနှစ်အတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အနုပညာ လှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။
ဖြေ ။ ကြိုပြီးစီစဉ်ထားတာကတော့ ကားရိုက်တာလေးတွေကို ခုနစ်လပိုင်း ရှစ်လပိုင်းလောက်အထိ သေချာစီစဉ်ထားပြီးပြီ။ သူ့ schedule အတိုင်း ပဲပေါ့လေ။ ရုပ်ရှင်ကားကြီး၊ ဒီဗီဒီ၊ ကြော်ငြာ၊ ဗီဒီယိုရိုက်မယ့်ရက် လေးတွေကိုရော နားမယ့်ရက်တွေပါ သေချာလေးစီစဉ်ထားတယ်။
မေး ။ ၂၀၁၁ ခုနှစ်ထဲမှာထွက်ခဲ့တဲ့ ကားလေး တွေကလည်း အတိုင်းအတာတစ်ခုထိ ပရိသတ် ကြားပျံ့နှံ့ခဲ့တယ်ဆိုတော့ အခုနှစ်အတွက် ရိုက်မယ့်ကားတွေက ပိုပြီးတာဝန်ကြီးမလား။
ဖြေ ။ ကစ်လုပ်ဖြစ်တဲ့ အလုပ်တိုင်းကို ပြန်ချိန်ညှိဖြစ်ပါတယ်။ အခုလည်း ကစ်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ အားနည်းချက် အားသာချက်တွေကို ချိန်ညှိပြီးတော့ ပြုပြင်သွားမှာပါ။ ကစ်တတ်နိုင်တဲ့ဘက်ကတော့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။
မေး ။ ဇာတ်ကားရိုက်ရက်နဲ့ ပတ်သက်လို့ ဘယ်လိုညှိဖြစ်လဲ။
ဖြေ ။ ဇာတ်ကားရိုက်ရက်ကတော့ ဒါရိုက်တာအပေါ် မူတည်ပါတယ်။ ဒါရိုက်တာတောင်းတဲ့ အတိုင်းအတာပေါ်မှာ ပေးရတာပေါ့လေ။ ဒါရိုက်တာလိုချင်တဲ့အပေါ် ညှိပြီး ပေးရတာပေါ့လေ။ အခုဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးနဲ့ ရိုက်မယ့်ကားဆို ဇာတ်လမ်းရဲ့လိုအပ်ချက်အရ ရိုက်ရက်ပိုတောင်းတယ်။ ကစ်ကလည်း တတ်နိုင်သလောက် ပေးဖြစ်ပါတယ်။
မေး ။ ဇာတ်ကားရိုက်ဖို့ ဇာတ်လမ်းရွေးတာ ကရော ကိုယ်တိုင်ပဲ ဆုံးဖြတ်ထားတာလား။
ဖြေ ။ ကစ်ကစ်မေမေကိုလည်း တိုင်ပင်ဖြစ်ပါတယ်။ ကစ်အနားမှာရှိနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို လည်းတိုင်ပင် ဖြစ်ပါတယ်။ တစ်ခါတလေကျတော့လည်း မိတ်ဆွေတွေက မရိုက်နဲ့ လို့ တားနေကြပေမယ့် ကစ်ကိုယ်တိုင်က အရမ်းရိုက်ချင်နေတဲ့အတွက် စိတ်အလိုလိုက်ပြီး ရိုက်ဖြစ်သွားတဲ့ ကားလေးတွေလည်း ရှိတယ်။
မေး ။ ထူးခြားတဲ့ ကာရိုက်တာလေး လုပ်ခွင့်ရတဲ့ နင်စေရင်ဇာတ်ကားကိုရော အခုရိုက်ပြီးသွားတဲ့အချိန်မှာ ကျေနပ်လား။
ဖြေ ။ ကစ် အကောင်းဆုံးတော့ ကြိုးစားထားတယ်။ ဒါပေမယ့် စိုးရိမ်စိတ်တော့ရှိတယ်။ ပြန်မကြည့်ရဲသေးဘူး။ ကစ်တစ်ခါမှ မလုပ်ဖူးသေးတဲ့ ဇာတ်ရုပ်မျိုး၊ ဇာတ်ကားမျိုးဖြစ်တဲ့အတွက် ပိုသွားမလား၊ လိုသွားမလား ဆိုတဲ့စိုးရိမ်စိတ်တော့ဖြစ်မိပါ တယ်။ ဒါရိုက်တာကိုဝိုင်းလည်း အကောင်းဆုံး ကြိုးစားထား သလို ကစ်တို့သရုပ်ဆောင်တွေ ဘက်ကလည်း ကြိုးစားထားတဲ့အတွက် ကောင်းတဲ့ရလဒ်တွေတော့ ရလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီကားကို အခုမှရိုက်တယ်ဆိုပေမယ့် ပရိသတ် တွေကသိကြတယ်၊ စိတ်ဝင်စားကြ တာကိုသိရတယ်။
မေး ။ အခုရိုက်မယ့် သနပ်ခါးဆိုတဲ့ ဇာတ်ကား အတွက်ရော ဘာတွေကြိုပြီးပြင်ဆင်ထားလဲ။
ဖြေ ။ အဲဒီကားအတွက်က ဒါရိုက်တာနဲ့လည်း ကြိုပြီးစကားပြောဖြစ်တယ်။ ဒါရိုက်တာဘက်က ဖြစ်ချင် တာရော၊ ကစ်ဘက်က လိုချင်တာလေးတွေရော ကြိုပြီးညှိကြတယ်။ ဇာတ်လမ်းပေါ်မှာ စိတ်ကိုတော့ကြိုပြီး ထည့်ထားပြီးပြီပေါ့လေ။ ဇာတ်လမ်း ကို နှစ်ခေါက်ဖတ်ပြီးပြီ။ မရိုက်ခင်အထိတော့ ဖတ်ရမှာပေါ့လေ။ အ၀တ်အစားပိုင်းတွေကတော့ ကြိုပြီးမပြင် ရသေးဘူး။ ဇာတ်လမ်းအပေါ်မှာ ဘယ်လိုလေး ပြင်ဆင်ရမလဲ၊ဘယ်လိုလေးသရုပ်ဆောင်ရမလဲ၊ ဘယ်လိုလေး စိတ်သွင်းရမလဲဆိုတာတော့ စိတ်ထဲမှာ စဉ်းစားနေပါပြီ။ ဒီဇာတ် ကားလေးက ဇာတ်လေးစဖတ်ကတည်းက ကို ကစ်ကစ်ရိုက်ချင်တဲ့စိတ် လှိုက်လှိုက်လှဲလှဲလေး ဖြစ်တယ်ပေါ့လေ။ ကိုယ့်ဆီ ရောက်လာတဲ့ဇာတ်က ကိုယ့်စိတ်နဲ့ထပ်တူကျဖို့ ဆိုတာမလွယ် ဘူးလေ။ ဒီကားလေးကတော့ ကစ် သရုပ်ဆောင်ချင်တယ်လို့ ဆိုရမှာပါ။
မေး ။ ကြော်ငြာတွေရိုက်ရတာ များတဲ့အခါ ကျတော့ presentation ပိုင်းကွဲပြားအောင် ဘယ်လိုစိတ်ကူးထားလဲ။
ဖြေ ။ အဓိကတော့ ပရိသတ် အကြိုက်ကို စဉ်းစားရတာပေါ့လေ။ ပရိသတ်က ဘယ်လိုပုံစံမျိုးတွေ လက်ခံနေလဲ၊ ကြိုက်နေလဲဆိုတာလေးအပေါ် အခြေခံပြီး စဉ်းစားရပါ တယ်။ ကစ်အနေနဲ့ လက်ရှိလုပ်နေတဲ့ပုံစံမျိုးထဲက သိပ်အများကြီး ကွဲထွက်သွားလို့လည်း မရဘူးလေ။ ကြော်ငြာမယ့်ကုန်ပစ္စည်း၊ ပုံစံအပေါ် မူတည်ပြီး နည်းနည်းချင်း စဉ်းစားရတာပေါ့။ ဒီနှစ်မှာတော့ ကြော်ငြာရိုက်ကူးမှု အပိုင်းမှာလည်း နည်းနည်း ပြောင်းဖို့တော့ စိတ်ကူးရှိပါတယ်။
မေး ။ ပရိသတ်ကပေးတဲ့ နေရာတစ်ခုရထားတဲ့ အပေါ်မှာရောကျေနပ်လား။
ဖြေ ။ မရှက်တမ်းဝန်ခံရရင်တော့ ကျေနပ်ပါတယ်။ ကစ် ပွင့်ပွင့်လင်းလင်းပြောရရင် ပရိသတ်ရဲ့မေတ္တာကို အလိုချင်ဆုံးပါပဲ။ အမှန်အတိုင်း ပြောတာပါ။ ဘာနဲ့မှမတူဘူး။ ပရိသတ်ရဲ့မေတ္တာနဲ့ကိုယ့်အပေါ်ချစ်ခင် မှုကိုခံစားရတာက အရမ်းအေးချမ်းပါတယ်။ အဲဒီအတွက် အရမ်းလည်း ပျော်တယ်၊ ဂုဏ်လည်းယူပါတယ်။
မေး ။ အနုပညာနဲ့ ပတ်သက်လို့ ရှေ့ဆက်သွား မယ့် ရည်ရွယ်ချက်နဲ့ လမ်းကြောင်းကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ကစ်ကစ်အနုပညာနဲ့ ပတ်သက်လို့တော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကစ်ကစ်ကို ချစ်ရ ကျိုး၊ အားပေးရကျိုးနပ်အောင် ကြိုးစားသွားမယ်လို့လည်း ကတိပေးပါတယ်။ ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာ ကိုလည်း အခုထက်ပိုပြီးရအောင် ကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်။
မေး ။ နှစ်သစ်ဆုတောင်း ပြောချင်တာရှိလား။
ဖြေ ။ အခုချိန်က ပရိသတ်တွေအားလုံး ပျော်ရွှင်စရာ စိတ်ချမ်းသာစရာတွေ ပိုင်ဆိုင်နေကြတဲ့ အချိန်လို့ ကစ်ကစ်ထင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မျှော်လင့်ချက်တွေပြည့်ဝပြီး ပျော်ရွှင် စရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

world news(first-11.com)


တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုနှင့် နှိုင်းယှဉ်တင်စားခံခဲ့ရသော လူ ၄၂၀၀ လိုက်ပါလာသည့် အီတလီ အပျော်စီးသင်္ဘော တိမ်းမှောက်မှုတွင် သေဆုံးသူအရေအတွက်မှာ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ခုနစ်ဦးအထိ ရှိလာခဲ့ပြီး ၂၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
သင်္ဘောကိုစွန့်ခွာခဲ့မှုနှင့် လူသေစေမှုအတွက် သင်္ဘောကပ္ပတိန်မှာ စွပ်စွဲခံထားရပြီး နိုင်ငံတစ်ဝန်း ၀ိုင်းဝန်းဝေဖန်ပြစ်တင်မှုများကိုပါ ကြုံတွေ့နေရကြောင်း သိရသည်။
တစ်စတစ်စ ပိုမိုနစ်မြုပ်လာနေသော သင်္ဘောတွင်းသို့ ကယ်ဆယ်ရေး အဖွဲ့ဝင်များက ၁၇ ရက်နေ့အထိ ၀င်ရောက်ရှာဖွေနေဆဲဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိရန်မှာ မျှော်လင့်ချက် နည်းသည်ထက် နည်းလာခဲ့ပြီဖြစ်ကြောင်း အီတလီကမ်းခြေစောင့်တပ်ဖွဲ့ အကြီးအကဲ မာကိုဘရက်စ်ကိုက ပြောကြားခဲ့သည်။
ကမ်းခြေစောင့်တပ် ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ခွဲ၏ ခေါင်းဆောင် ရိုဒိုဖိုရေတာရီက''အထဲမှာ အခြေအနေက ဆိုးပါတယ်။ စင်္ကြံတွေက ပိတ်ဆို့နေတော့ ရေငုပ်တဲ့သူတွေ ၀င်ဖို့ခက်နေပါတယ်'' ဟု ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် သင်္ဘောမှာ ထပ်စောင်းသွားသောကြောင့် ခေတ္တရပ်နားခဲ့ရသေးပြီး လုံးဝနစ်မြုပ်သွားဖွယ်ရှိနေကာ အနီးရှိ ဂစ်ဂလီယိုမြို့၏ အပန်းဖြေကမ်း ရိုးတန်း သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။
သင်္ဘောပိုင်ဆိုင်သည့် ကော်စတာခရုစ်ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သင်္ဘောကျောက်ဆောင်နှင့် တိုက်မိမှုတွင် ကပ္ပတိန်၏အမှားမှာ လက်မခံနိုင်ဖွယ်ရာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အီတလီအစိုးရ ရှေ့နေများကလည်း ကပ္ပတိန်ဖရန်ဆက်စကိုရှာနက်တိုနှင့် ပထမအရာရှိ ဆီရိုအမ်ဘရိုဆီယိုတို့ကို လူသေစေမှု ၊ ခရီးသည်အားလုံးကို မကယ်ဆယ်ရသေးမီ သင်္ဘောစွန့်ခွာမှု၊ သင်္ဘောတိမ်းမှောက်စေမှုတို့ဖြင့် စွဲချက်တင်ထားသည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်သည်ဟု သိရသည်။
အီတလီနှင့် ဥရောပတစ်လွှားတွင်လည်း ရှာနက်တိုမှာ သူရဲဘောကြောင်သော ကပ္ပတိန်အဖြစ် ဝေဖန်ခံနေရကာ လူမှုရေးဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်မှနေပြီး ကန့်ကွက်ရေး လှုပ်ရှားမှုများနှင့်ပါ ကြုံတွေ့နေရသည်ဟု သိရသည်။
b42_13_1
ရှာနက်တိုနှင့် ဆိပ်ကမ်းအရာရှိတစ်ဦးအကြား ဆက်သွယ်ပြောဆိုမှု အသံဖိုင်မှာလည်း ထွက်ပေါ်လာရာ ကပ္ပတိန်သည် သင်္ဘောကိုပြန်သွားပြီး ကွပ်ကဲရန် ငြင်းဆန်ခဲ့ကြောင်း ထင်ရှားလာခဲ့သည်။
ကော်စတာကွန်ကော်ဒီးယား သင်္ဘောသည် ခရီးသည် ၃၀၀၀ ကျော်၊ ရေယာဉ်အမှုထမ်း ၁၀၀၀ ကျော်ဖြင့် ခုနစ်ရက်ကြာခရီးကို ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ မာဆေးနှင့် စပိန်နိုင်ငံ ဘာစီလိုနာသို့ဝင်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ပထမဆုံးနေ့ ညစာစားပွဲကျင်းပနေချိန်တွင် ရေအောက်ကျောက်တန်းကို တိုက်မိခြင်းဖြစ်သည်။
ထွက်ပေါ်လာသည့် သတင်းများအရ ကပ္ပတိန်သည် ဂစ်ဂလီယိုကျွန်းသား စားပွဲထိုးချုပ်ကို ဂုဏ်ပြုလိုသောကြောင့် ကျွန်းနားကပ် မောင်းပြခဲ့သည်ဟုဆိုသည်။ စားပွဲထိုးချုပ်က ကျွန်းနှင့် အရမ်းကပ်နေကြောင်း သတိပေးခဲ့သေးသည်ဟု ဆိုသည်။
ကျွန်းမှဒေသခံများ၏ ပြောကြားချက်အရလည်း သင်္ဘောသည် ကျွန်းနှင့်အလွန်နီးကပ်စွာ မောင်းနှင်လာပြီး ကျောင်းကျောက်ဆောင်ဟု ထင်ရှားသည့် ကျောက်တန်းများကို ၀င်တိုက်မိခြင်းဖြစ်သည်ဟု သိရသည်။ သင်္ဘောတွင် လောင်စာဆီ ၂၃၈၀ တန်မျှပါလာခဲ့ရာ ယင်းလောင်စာများ ယိုစိမ့်မည်စိုးသောကြောင့် ကာကွယ်မှုများလည်း ပြုလုပ်ထားရသည်ဟု သိရသည်။
ကော်စတာကွန်ကော်ဒီးယား
  • ၂၀၀၆ ခုနှစ်တွင် စတင်ရေချ
  • ကွန်ကော်ဒီးယားမှာ အင်္ဂလိပ်ဘာသာဖြင့် Concord ဟု အဓိပ္ပာယ်ရပြီး စည်းချက်ညီမှု၊ သဟဇာတ ဖြစ်မှုဆိုသော အနက်ရ
  • ဂျီနိုအာသင်္ဘောကျင်းတွင် တည်ဆောက်
  • ခရီးသည် ၃၇၀၀ နှင့် ရေယာဉ်အမှုထမ်း ၁၁၀၀ အထိ တင်ဆောင်နိုင်
  • အလေးချိန် ၁၁၄၅၀၀ တန်
  • အရှည် ၉၅၁ ပေ
  • အမြင့်ဆုံး အမြန်နှုန်းရေမိုင် ၂၃ မိုင်
  • အခန်း ၁၅၀၀
  • တည်ဆောက်ချိန်တွင် အီတလီ၏အကြီးဆုံး အပျော်စီးသင်္ဘောဖြစ်ခဲ့
  • မတော်တဆမှုမှာ အနောက်တိုင်းအယူအဆအရ ကံမကောင်းတတ်သောနေ့ဟုမှတ်ယူသော သောကြာ ၁၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့
  • စားသောက်ဆိုင် ၅ ခု၊ အရက်ခန်း ၁၃ ခု၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ကာစီနို၊ ဒစ္စကိုခန်းမ၊ စာကြည့်တိုက်၊ ရှော့ပင်းစင်တာ၊ ဖော်မြူလာဝမ်း အစမ်းမောင်းနှင်နိုင်သည့်လမ်းမ၊ အားကစားနှင့်ကြံ့ခိုင်ရေး ခန်းမများပါရှိ

ရီးရဲ 1 - 2 ဘာစီလိုနာ(soccermyanmar)

စပိန် ဘုရင့်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် စပိန်၏ အင်အား အကြီးမားဆုံး အသင်းနှစ်သင်း တွေ့ဆုံခဲ့ရာ ပထမ အကျော့ ပွဲစဉ်အဖြစ် ဘာနေဗျူး ကွင်းကြီးတွင် ဧည့်သည် ဘာစီလိုနာက (၂-၁)ဖြင့် အနိုင် ရရှိသွားခဲ့သည်။

လက်ရှိ ချန်ပီယံ ရီးယဲလ်မက်ဒရစ်သည် ယခု ပွဲစဉ်တွင် တိုက်စစ်၌ ကီရင်ဘန်ဇီးမားရော၊ ဂွန်ဇာလို ဟီဂူအင်းကိုပါ အပြိုင် ပွဲထုတ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် ချိတ်ဆက် ကစားစေခဲ့သည်။ နောက်ခံလူ ပီပီမှာ ကွင်းလယ်အဖျက် နေရာတွင် တက်ကစားပြီး ဇာဘီအလွန်ဆို၊ လာဆာနာ ဒီယာရာစသော ခံစစ်အားပြုသင့် ကွင်းလယ် ကစားသမားများနှင့် ချိတ်ဆက်ကာ ဘာစီလိုနာ ကွင်းလယ်ကို ဖြိုကစားရန် ကြိုးစားခဲ့သည်။ နောက်တန်းတွင် ဖေဘီယို ကွန်ထရာအို၊ ဆာဂျီယိုရာမို့စ်၊ ဟာမစ်အယ်လ်တင်တော့ပ်နှင့် ရီကာဒို ကာဗယ်လ်ဟိုတို့ ကစားသွားပြီး ဂိုးပေါက်ကို အီကာ ကားဆီးလက်စ်ပင် တာဝန် ယူခဲ့သည်။ ဘာစီလိုနာမှာမူ လီယွန်နယ်လ် မက်ဆီနှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ကို ရှေ့တင်ကာ ဖာဘရီဂက်စ်က ပံ့ပိုး တိုက်စစ် ဆင်ခဲ့ပြီး ကွင်းလယ်တွင် အကောင်းဆုံး အတွဲဖြစ်သည့် ဇာဗီဟာနန်ဒက်ဇ်၊ အန်းဒရက်စ် အင်နီယေစတာနှင့် ဆာဂျီယို ဘက်စ်ကွက်စ် တို့ကို ပွဲထုတ်လာသည်။ နောက်ခံလူများ အဖြစ် ဒန်နီအဲလ်ဗက်စ်၊ ဂျရတ်ပီကေး၊ ကားလက်စ်ပူယိုးလ်နှင့် အဲရစ်အဘီဒယ်လ်တို့ ပွဲထွက် ကစားပြီး နည်းပြ ဂျိုးဆက်ဂွာဒီယိုလာ ကြိုတင် ပြောဆိုထားသည့် အတိုင်း ဂိုးသမား အဖြစ် ဟိုဆေးပင်တို ပါဝင်ခဲ့သည်။
မဟာပြိုင်ဘက်အား အနိုင်ယူခဲ့သည့် ဘာစီလိုနာ

ပွဲစကတည်းက မဟာပြိုင်ဘက် နှစ်သင်း အပြန်အလှန် အမှားချောင်း ကစားရင်း အားပြိုင်နေခဲ့သည်။ ရီးယဲလ်သည် အိမ်ကွင်းတွင် (၆)ပွဲဆက် ဘာစီလိုနာကို အနိုင်မရထားသည့် စံချိန်ဆိုးကို ချေဖျက်ရန် အထူးကြိုးစား ကစားခဲ့သည်။ ပွဲချိန် (၁၁)မိနစ်တွင် ရီးယဲလ်တို့ တန်ပြန်တိုက်စစ်မှ အဖွင့်ဂိုး ရရှိသွားသည်။ ရီးယဲလ်ကွင်းဘက်ခြမ်းမှ ဘန်ဇီးမားက ဘယ်ခြမ်းသို့ ထုတ်ပေးလိုက်သော ဘောလုံးကို ရော်နယ်လ်ဒို ရယူဆွဲပြေးကာ ဘာစီလိုနာ နောက်ခံလူ ပီကေးကို ကျော်ဖြတ်ပြီး ပင်တို၏ ခြေထောက်အောက်မှ အနိမ့်ကန်သွင်းသွားခြင်းဖြစ်သည်။ အဆိုပါဂိုးသည် ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)တန် ပေါ်တူဂီသား၏ တစ်ကိုယ်တော် ခြေစွမ်းဖြင့် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယမန်နှစ်က ဗိုလ်လုပွဲတွင် ဘာစီလိုနာဘက် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည့် ရော်နယ်လ်ဒိုအတွက် ယခုသွင်းဂိုးသည် (၂၀၁၁-၁၂) ဘောလုံးရာသီ ရီးယဲလ်အတွက် (၂၆)ဂိုးမြောက်လည်း ဖြစ်လာသည်။ (၁၆)မိနစ်တွင် ရီးယဲလ်တို့ ချေပဂိုး ပေးရလုလု ဖြစ်ခဲ့သည်။ ဖာဘရီဂက်စ် ကျော်ကန်ပေးလိုက်သော ဘောလုံးကို ရီးယဲလ် နောက်ခံလူ နှစ်ဦးကြားမှ ကျော်ထွက်ကာ ခေါင်းတိုက်ချက်သည် ဘေးတိုင်ထိထွက်သွားသည်။ (၂၅)မိနစ်တွင် ရော်နယ်လ်ဒိုက တန်ပြန်တိုက်စစ်ဖြင့် ခြိမ်းခြောက်မှုကို ဘာစီလိုနာ ခံစစ် ကာကွယ်ခဲ့ရသည်။ နောက်(၁)မိနစ်အတွင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (၃)နှစ်ဆက်ပိုင်ရှင် မက်ဆီ၏ ကန်ချက်ကို ကားဆီးလက်စ် ပုတ်ထုတ်ခဲ့ရသည်။ (၂၉)မိနစ်တွင် အင်နီယေစတာ၏ ကန်ချက် တိုင်ဘေးမှ လွဲချော်သွားခဲ့သည်။ ထို့နောက် ပထမပိုင်း အပြီးတွင်မူ အိမ်ရှင်အသင်းက ဘာစီလိုနာအပေါ် (၁-၀)ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင် ဘာစီလိုနာက ချေပဂိုးရရန် ပိုမို အားထည့်လာခဲ့သည်။ (၄)မိနစ်အတွင်း ကာတာလန်သားတို့၏ မျှော်လင့်ချက် ပြည့်ဝသွားပြီး ပူယိုးလ်က သရေဂိုးကို သွင်းယူခဲ့သည်။ ဇာဗီကန်တင်ပေးသော ထောင့်ကန်ဘောသည် အဝေးတိုင်ဘက် ကျလာစဉ် ပူယိုးလ်က အားပါပြင်းထန်သော ဒိုင်ဗင်ထိုး ခေါင်းတိုက်ချက်ဖြင့် အမှားအယွင်းမရှိ ဂိုးသွင်းခဲ့သည်။ (၁)ဂိုးစီ သရေကျပြီးနောက် ဘာစီလိုနာ ကစားအား ပိုတက်လာပြီး (၅၄)မိနစ်တွင် အင်နီယေစတာ၏ ကန်ချက်ကို ရာမို့စ် အကောင်းဆုံး ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။ (၅၈)မိနစ်တွင် ရီးယဲလ် ညာခြမ်းမှ အယ်လ်တင်တော့ပ်က ရှေ့တက်ထိုးဖောက်လာကာ ကန်တင်ပေးသော ဘောလုံးကို လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ခွင့်ရသည့် အနေအထားမှ ဘန်ဇီးမား ဖြုန်းတီးခဲ့ပြန်သည်။ နောက်(၂)မိနစ် အကြာတွင် ဇာဗီကန်တင်ပေးသော ပြစ်ဒဏ်ဘောကို ဘက်စ်ကွက်စ် ခေါင်းတိုက်သော်လည်း ဘားတန်းပေါ် ကျော်သွားသည်။

(၄)မိနစ်အတွင်း ကာတာလန်သားတို့၏ မျှော်လင့်ချက် ပြည့်ဝသွားပြီး ပူယိုးလ်က သရေဂိုးကို သွင်းယူခဲ့သည်။ ဇာဗီကန်တင်ပေးသော ထောင့်ကန်ဘောသည် အဝေးတိုင်ဘက် ကျလာစဉ် ပူယိုးလ်က အားပါပြင်းထန်သော ဒိုင်ဗင်ထိုး ခေါင်းတိုက်ချက်ဖြင့် အမှားအယွင်းမရှိ ဂိုးသွင်းခဲ့(၇၇)မိနစ်တွင် ရီးယဲလ်တို့ အိမ်ကွင်းတွင် ဘာစီလိုနာကို ဒူးထောက်ရမည့် ဂိုးကို ဘယ်နောက်ခံလူ အဘီဒယ်လ်က သွင်းယူခဲ့သည်။ ရီးယဲလ်၏ ဘီးကုပ်စက်ဝိုင်းထိပ်တွင် ဘောလုံးရထားသူ မက်ဆီက ဘယ်ခြမ်းမှ ပြေးတက်လာသည့် အဘီဒယ်လ်ထံ ပါးနပ်သော အကွက်ဆင် ဖန်တီးပေးမှု ပြုလုပ်လိုက်သည်။ အဘီဒယ်လ်က ရီးယဲလ်၏ လူကျွံထောင်ချောက်ကို ဖောက်ထွက်ကာ ကားဆီးလက်စ်နှင့် ရင်ဆိုင်အတွေ့တွင် အနိမ့်ကန်ချက်ဖြင့် ဂိုးသွင်းပြီး ဘာစီလိုနာတို့ ပွဲကို ပြန်လည် ဦးဆောင်သည်။ ပွဲချိန် (၉၂)မိနစ်တွင် ကာဗယ်လ်ဟိုက ဘာစီလိုနာ နောက်ခံလူ အက်ဒရီယာနိုအား ခပ်ကြမ်းကြမ်း ဖျက်ထုတ်သော်လည်း ဒိုင်က ဒုတိယအ၀ါကတ် မပြခဲ့ပေ။ ယခုပွဲတွင် ပီပီက မက်ဆီ့လက်ကို ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့ခြင်းကိုလည်း ဒိုင်က အရေးမယူခဲ့သည်ကို တွေ့ရသည်။

ပွဲအပြီးတွင် ဘာစီလိုနာက ရီးယဲလ်ကို (၂-၁)ဖြင့် အနိုင် ရခဲ့ပြီး ဒုတိယ အကျော့ နူးကမ့်တွင် တွေ့ဆုံမည့် ပွဲစဉ်အတွက် အသာစီး အနေအထား တစ်ခု ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

Monday, January 16, 2012

chelsea transfer news(soccermyanmar)

ကာလ အတန်ကြာ ညှိနှိုင်းမှုများ ပြီးပြတ် သွားသည့်နောက် ဂယ်ရီကာဟေးလ်သည် မိမိတို့ အသင်းပိုင် ကစားသမား ဖြစ်လာပြီဟု ချယ်လ်ဆီးက ကြေညာနိုင်ခဲ့သည်။

ပေါင်စတာလင် (၇)သန်းတန် အပြောင်းအရွှေ့သည် ယခုအခါ ပြီးမြောက်သွားပြီ ဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် ခံစစ်မှူးသည် ဘော်လ်တန်အသင်း ဂျာစီကို စွန့်ပယ်ကာ စတမ်းဖို့ဒ်ဘရစ်ဂ်ျ၏ အပြာရောင် ၀တ်စုံကို ဆင်မြန်းခွင့် ရရှိတော့မည် ဖြစ်သည်။ ချယ်လ်ဆီးအတွက် အသက်(၂၆)နှစ်ရှိ ကာဟေးလ်ကို ခေါ်ယူနိုင်မှုသည် ဇန်န၀ါရီ အပြောင်းအရွှေ့ ကာလအတွင်း ပထမဆုံး အဓိက အားဖြည့် ခေါ်ယူမှု တစ်ခုကို ပြုလုပ် နိုင်ခဲ့ခြင်းလည်း ဖြစ်လာသည်။ သို့သော်လည်း ပေါ်တိုအသင်းမှ ဂျိုအိုမော်တင်ဟိုနှင့် ဂျူဗင်းတပ်စ်မှ မီလို့စ် ကရာဆစ်တို့ကို ချိတ်ဆက်နေမှုသည် မပြီးပြတ်သေးကြောင်း ကလပ် အသင်းနှင့် နီးစပ်သူများက ဆိုသည်။


ကာဟေးလ်သည် ချယ်လ်ဆီးတွင် ကျောနံပါတ် (၂၄)ကို ၀တ်ဆင်မည်ဟု သတင်းများက ဖော်ပြလျက် ရှိသည်။ ၎င်းသည် အသင်းမှ အဲလက်စ် ထွက်ခွာမည့် အခြေအနေတွင် ချယ်လ်ဆီးအတွက် သင့်တော်သော အားဖြည့်မှုလည်း ဖြစ်လာသည်။ ကာဟေးလ်အနေဖြင့် တစ်ပတ်လုပ်ခ ပေါင်စတာလင် (၁၀၀၀၀၀)ထိ တောင်းဆိုခဲ့ခြင်းကြောင့် ချယ်လ်ဆီးနှင့် အပြီးသတ် စာချုပ်ရန် မရေမရာ ဖြစ်ခဲ့သေးသော်လည်း ယခုအခါ တစ်ပတ် ပေါင်စတာလင် (၈၀၀၀၀)မျှဖြင့် နှစ်ဖက် သဘော တူညီမှု ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ကာဟေးလ်သည် ချယ်လ်ဆီးက ဆန်းဒါးလန်းကို အနိုင်ရသော ပရီးမီးယားလိဂ် ပွဲစဉ်ကို လာရောက် အားပေးခဲ့သေးပြီး အသင်းနှင့် ဆေးစစ်မှု အောင်မြင်သည့်နောက် အတည်ပြု စာချုပ် နိုင်ခဲ့ခြင်းဟု သိရှိရသည်။

Sunday, January 15, 2012

sport



Aston Villa1 - 1Everton

 FTBlackburn R.3 - 1Fulham

 FTChelsea1 - 0Sunderland

 FTLiverpool0 - 0Stoke C.

 FTManchester U.3 - 0Bolton W.

 FTTottenham H.1 - 1Wolverhampton .
 Granada1 - 2Rayo Vallecano

 FTSevilla0 - 0Espanyol

 FTZaragoza1 - 1Getafe

 FTMallorca1 - 2Real Madrid

 FTValencia0 - 1Real Sociedad

 05:36
 FTWest Bromwich A.1 - 2Norwich C.

BEAUTY(first-11.com)

AddThis 
Social Bookmark Button 7162
ဈေးကွက်အတွင်း ရောင်းချ လျက်ရှိသည့် အလှကုန်ပစ္စည်းအချို့ ၌ အရေပြားကင်ဆာ အပါအ၀င် အရေပြားတွင်ရောင်ခြယ်များ အလွန် အကျွံဖြစ်ပေါ်ခြင်း၊ အရေပြားထူခြင်း၊ စသည့် အရေပြားရောဂါများ ဖြစ်ပေါ်နိုင်သော တားမြစ်ထားသည့် ဟိုက်ဒရိုကွီနုန်းအမည်ရှိ ဓာတုပစ္စည်း ပါဝင်နေကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ‘၂၀၁၁’ တွင် တင်သွင်းသော ပိုစတာ တစ်ခုအရ သိရသည်။
အဆိုပါ ဈေးကွက်ရှိ အလှကုန် ပစ္စည်းများထဲမှ ဟိုက်ဒရိုကွီနုန်းပါဝင်မှုကို ထိုင်းနိုင်ငံ ဆေးပညာဆိုင်ရာ ၀န်ဆောင်မှုဌာန၏ ဓာတ်ခွဲခန်း တွင် ပြုလုပ်သော စမ်းသပ်ပစ္စည်း ကရိယာများကို အသုံးပြု၍ ဆေးဝါးတက္ကသိုလ်(မန္တလေး) ဆေးဝါး ဖော်စပ်ရေးဗေဒဌာန၏ လက်တွေ့စမ်းသပ်ခန်းတွင် လေ့လာမှုကို ၂၀၁၀ ခုနှစ်အတွင်း၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ပြည်ပမှ တင်သွင်းသော အလှကုန် ရှစ်မျိုးနှင့် ပြည်တွင်းမှ ဖြန့်ချိသည့် အလှကုန်လေးမျိုးကို စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဈေးကွက်အတွင်းရှိ ပြည်ပမှ တင်သွင်းသော မျက်နှာလိမ်း အောက်ခံမိတ်ကပ်များထဲမှ အမှတ်တံဆိပ် ရှစ်ခုကို စမ်းသပ်ရာတွင် အမှတ်တံဆိပ်သုံးခုတွင် ဟိုက်ဒရိုကွီနုန်း ပါဝင်ပြီး အမှတ်တံဆိပ်တစ်ခုမှာ အညွှန်း စာတမ်း မပြည့်စုံကြောင်း တွေ့ရှိခဲ့ရကြောင်းနှင့် ပြည်တွင်း၌ ထုတ်လုပ်သော မျက်နှာလိမ်း အောက်ခံမိတ်ကပ်များ ထဲမှ အမှတ်တံဆိပ်လေးခုကို စမ်းသပ်ရာ တွင် အမှတ်တံဆိပ် နှစ်ခုတွင် ဟိုက်ဒရိုကွီ နုန်းပါဝင်ပြီး အမှတ် တံဆိပ်နှစ်ခုမှာ အညွှန်းစာတမ်း မပြည့်စုံကြောင်း တွေ့ရှိရကြောင်းလည်း သိရသည်။
အဆိုပါ အန္တရာယ် ဖြစ်ပေါ်စေနိုင်သော ဓာတုပစ္စည်းဖြစ်သည့် ဟိုက်ဒရိုကွီနုန်းပါဝင်သော အလှကုန် ပစ္စည်းများနှင့် အညွှန်းစာတမ်း မပြည့်စုံသော အလှကုန်ပစ္စည်းများ ကို အများပြည်သူများ အသုံးပြုလျက် ရှိနေကြောင်းလည်း သိရသည်။
‘‘လက်ရှိမှာ အလှကုန်ပစ္စည်း အများစုက  ယိုးဒယားကနေ ၀င်တာပါ။  အခုနောက်ပိုင်းမှာ တံဆိပ်တူ တန်ဖိုးနည်းတဲ့ တရုတ်ပစ္စည်းတွေလည်း ၀င်လာတာတွေ့ရတယ်။ ပြီးတော့ တရုတ်မှာ ကိုယ်လိုချင်တဲ့ တံဆိပ်၊ ပုံစံအတိုင်း မှာလို့ရတယ်။ တချို့ ဆိုင်တွေက အတုနဲ့အစစ် ညှပ်ရောင်းတာမျိုးတွေရှိတယ်။ တချို့ဆိုရင် ဘူးအမှန်ထဲမှာ ကိုယ်တိုင်လုပ်တဲ့ မိတ်ကပ် ထည့်ရောင်းတာမျိုးတွေလည်းရှိ တယ်။ ဒါမျိုးတွေကျတော့ နယ်မှာ ပိုတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဈေးကွက်ထဲ ရောက်လာတဲ့ပစ္စည်းတွေဆိုရင် အခွန်ဆောင်တာ မဆောင်တာ နောက်ထား။ သုံးစွဲလို့အန္တရာယ် ဖြစ်နိုင်မဖြစ်နိုင်ကို စစ်ဆေးပြီးမှ ရောင်းချခွင့်ပေးသင့်တယ်လို့ ထင်တယ်’’ဟု အလှကုန်ဖြန့်ချိရေး လုပ်ကိုင်သူတစ်ဦး က ပြောပါသည်။

Friday, January 13, 2012

နောက်ဆုံးသတင်းများ(first eleven .com)


8:00 Am

သရက်အကျဉ်းထောင်မှ ဝန်ထမ်းများ၏ ပြောကြားချက်အရ လွတ်မြောက်မည့်သူ များထဲတွင် ကိုမင်းကိုနိုင် ပါဝင်နိုင်သည်ဟု သိရှိရသည်။ သတင်းရယူရန် စောင့်စားနေသည့် သတင်းထောက်များ ၁၂ ယောက် ဝန်းကျင်ခန့်ရှိပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ကိုမင်းကိုနိုင်အား နံနက် ၈နာရီခွဲတွင် လွှတ်ပေးမည်ဟု သိရှိရသည်။

8:10 Am

သရက်အကျဉ်းထောင်မှ အကျဉ်းသားစုစုပေါင်း ၂၇ ယောက် လွတ်မြောက်မည်ဟု သတင်းရရှိပါသည်။

8:40 Am

စစ်တွေအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦး အနက် ၉ ဦး နှင့် ဘူးသီးတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၁၀ ဦးအနက် ၉ ဦး လွတ်မြောက်မည်ဖြစ်ပြီး ဘူးသီးတောင် အကျဉ်းထောင်မှ ကိုဌေးကြွယ်၊ ဦးထွန်းညို၊ ဦးပြည်ကျော် တို့ပါဝင်ကြောင်း သတင်းရရှိသည်။ ထို့အတူ စစ်တွေထောင်မှ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ) ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ် တို့လည်း လွတ်မြောက်မည်ဟု သိရှိရသည်။

9:30 Am

စစ်တွေ အကျဉ်းထောင်မှ နံနက် ၉ နာရီ ၂၀ မိနစ်တွင် အကျဉ်သား စုစုပေါင်း (၁၇) ဦးလွတ်မြောက်ပြီး ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၈) ဦးပါဝင်ကြောင်း သိရပါသည်။ အဆိုပါ (၈) ဦးမှာ ဒေါက်တာသက်လွင်၊ ကိုသန်းတင်(ခ)ကိုကြီးသန်း၊ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်(ဧရာဝတီ)၊ ဇေယျာဦး(ဧရာဝတီ)၊ ဦးပုရစ်၊ ကျော်ဇင်ဝင်း၊ ဒေါပုံနေနေ တို့ဖြစ်ကြောင်း သိရပါသည်။

9:35 Am

ဘူးသီတောင် အကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဖြစ်ကြသည့် ကိုစည်သူမောင်၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်မင်း၊ ကိုထွန်းညို၊ ကိုဌေးကြွယ်၊ ကိုအောင်ဇော်ဦး၊ ကိုပြေကျော်၊ ကိုဝဏ္ဏပံသ၊ ကိုကျော်ဝင်းဆန်း၊ ကိုမောင်မောင်လတ် တို့သည် ယနေ့နံနက် ၇ နာရီတွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

9:40 Am

အရှင်ဂမ္ဘီရ မြောင်းမြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင်ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ် ကျခံထားရသူဖြစ်သည်။

"ယခုလို သတင်းကြားရတာ အများကြီး ၀မ်းသာပါတယ်။ အဖွားအသက်က (၆၂)နှစ် ပြည့်တာ့မယ်။ ထောင်ဝင်စာ တွေ့ခဲ့ရတဲ့ အကြိမ်တွေက အသက်ထက် မကတော့ပါဘူး။ အခု အဖွားရဲ့ သားနှစ်ယောက်တင်မက နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးလိုက်ပြီ ဆိုလို့ လှိုက်လှိုက်လှဲလှဲ ၀မ်းသာပါတယ်။ အခုလို လွှတ်ပေးတာ တစ်ကယ့် ဒီမိုကရေစီ ခြေလှမ်းကို စလှမ်းလိုက်ပြီလို့ ယုံကြည်ပါတယ်။" ဟု အရှင်ဂမ္ဘီရ၏ မိခင် ဒေါ်ရေးမှ ပြောကြားခဲ့ပါသည်။

အရှင်ဂမ္ဘီရ၏ အကို ဖြစ်သူ ဦးကျော်အောင်သည်လည်း တောင်ကြီးထောင်မှ လွတ်မြောက်မည်ဟု သိရသည်။

9:43 Am

မြင်းခြံထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ မထက်ထက်အောင် အပါအ၀င် ၁၂ ဦး လွတ်မြောက်လာသည်ဟု သိရသည်။

9:52 Am

ဦးခွန်ထွန်းဦးနှင့် ဦးဝင်းကိုတို့ တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာပြီဟု သတင်းရရှိပါသည်။

9:59 Am

ယခုအကြိမ်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် နိုင်ငံတော်သမ္မတက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်ပေးသည့် လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘဲ နိုင်ငံတော်သမ္မတ၏ သဘောဆန္ဒနှင့် ပေးခြင်းဖြစ်သည်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် အမိန့်ကြေငြာစာပါ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ သိရသည်။ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထားသည်မှာ ' ပြစ်မှုတစ်စုံတစ်ရာအတွက် တစ်ဦးတစ်ယောက်အား ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက် တစ်ခုခုထား၍ဖြစ်စေ ၄င်းအပေါ်ချမှတ်သည့် ပြစ်ဒဏ်အတည်ပြုလုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၄င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ် အပိုင်းတစ်စုံတစ်ရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ဖြစ်ပါသည်။ အကယ်၍ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ (ခ) အရ ပေးရမည်ဖြစ်ပြီး ယင်းပုဒ်မ မပါရှိသောကြောင့် သမ္မတကြီး၏ သဘောဆန္ဒဖြင့် ပေးခြင်းဖြစ်သည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၀၄ (ခ)မှာ ဆိုထားသည်မှာ '' အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်'' ဟူ၍ဖြစ်ပါသည်။

10:10 Am

သရက်ထောင်မှ ကိုမင်းကိုနိုင် အပါအ၀င် (၇)ဦး လွတ်မြောက်လာသည်ဟု သိရှိရသည်။

10:20 Am

မုံရွာအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ ၅ ဦးအား နံနက် ၁၁ နာရီတွင် လွှတ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ ဦးလှထွေး(ခ) ဦးဝိလာသက္က၊ လာရန်းကျွရ်၊ ကိုကိုနိုင်(ခ) စူးရှ၊ ဒီငြိမ်းလင်းနှင့် နိုဘယ်လ်အေးတို့ ဖြစ်ကြောင်း သိရသည်။
10:30 Am

လာရှိုးအကျဉ်းထောင်မှ ကိုမင်းဇေယျ၊ ကိုဇာနည်အောင်၊ ကိုနိုင်ဦး(ခ) ဦးနန္ဒ၀ံသ(မြင်းခြံစွန်းလွန်း)၊ ဦးမြင့်နိုင်၊ ကိုအောင်သန်းမြင့်(ခ) မဂ္ဂင်ဆရာတော် ဥူးက္ကန္ဒက၊ ကိုငွေစိုးလင်း၊ ကိုမင်းထွန်း၊ ကိုမြတ်လင်းထွဋ် နှင့် မဟန်နီဦးတို့ ယနေ့ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။

10:30 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) လွတ်မြောက်ကြောင်း သိရှိပါသည်။ ၄င်းနှင့်အတူ ဦးမြင့်ဇော်(ဗိုလ်မှုးချုပ်ဟောင်း) လည်း လွတ်မြောက်ကြောင်း သိရှိရပါသည်။

10:37 Am

ဟင်္သာတ အကျဉ်းထောင်မှ ကိုစည်သူဇေယျနှင့် ဦးကိုကိုလေး အပါအ၀င် ၄ ဦး လွတ်မြောက်လာကြောင်း သိရသည်။

10:53 Am

ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) ၏ သားဖြစ်သူ ဦးဇော်နိုင်ဦး(ဗိုလ်မှုးဟောင်း) လွတ်မြောက်ကြောင်း သိရသည်။

11:07Am

ဟင်္သာတ အကျဉ်းထောင်မှ ဦးဟန်ဇော် နှင့် ဦးသက်ဟန်စိုး (ဗိုလ်မှုးဟောင်း) လည်း လွတ်မြောက်လာကြောင်း သိရှိရပါသည်။

11:11 Am

တောင်ငူ အကျဉ်းထောင်မှ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး လွတ်မြောက်သူများထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူများဖြစ်သည့် ဦးခွန်ထွန်းဦး (SNLD)၊ ဦးဝင်းကို (NKD)၊ ဇော်ဇော်မင်း (၈၈)၊ ဦးဝတုတ်၊ ဘီဘီဇီငြိမ်း၊ ဦးသန်းထိုက်အောင်၊ ကိုရဲကျော်သူ၊ ကိုမျိုးအောင်၊ ဖြိုးဇော်လတ်၊ ဒေါ်နော်လှ၊ ဒေါ်နော်ဆေး တို့ ပါဝင်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးမှ "နိုင်ငံတော် အစိုးရအနေနဲ့ ပြောင်းလဲချင်စိတ်ရှိလို့ ပြောင်းလဲလာတာ။ ကမ္ဘာမှာ ဒီမိုကရေစီစနစ်က စက်ဝိုင်းလို လည်နေတယ်။ အဲဒီ အပြောင်းအလဲ မြန်မာနိုင်ငံကို ရောက်လာတဲ့အတွက် ပြောင်းလဲလာတယ်လို့ မြင်တယ်။ နိုင်ငံအနေနဲ့ အရမ်းကြီး ကံဆိုးမှသာ ရှေ့ဆက်ဆိုးသွားနိုင်တယ်။ အခုလို အနေအထား အတိုင်းဆိုရင်တော့ ကောင်းလာမှာပါ။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော့်ပါတီက ဗဟိုကော်မတီနဲ့ တွေ့ပြီးတော့ ဆွေးနွေးပြီးတော့မှ ရှေ့ဆက် ဘာတွေ ဆက်လုပ်မယ်ဆိုတာ ပြောပါမယ်။ နိုင်ငံရေးကတော့ မပြီးသေးတဲ့အတွက် ဆက်လုပ်ရမှာပါပဲ။ နိုင်ငံရေးအကျဉ်းသား နည်းနည်းတော့ ကျန်နေသေးတယ်။ ဒါကိုအစိုးရအနေနဲ့ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးဘူး" ဟုပြောကြားခဲ့သည်။

11:33 Am

ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံကြောင်း ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။

11:10 AM

" ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။ Appreciate လုပ်ပါတယ်လို့ " ဟု သရက်ထောင်မှ လွတ်မြောက်လာသော ကိုမင်းကိုနိုင်မှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။

11:41 AM
တောင်ကြီးထောင်မှ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုဇော်သက်ထွေး၊ ကိုကျော်ကိုကို၊ ကိုမောင်ကံ၊ ကိုဇော်မင်းဦး၊ ကိုဇော်ဝင်းလေး၊ ကိုအောင်ကျော်ကျော်၊ ကိုသူရစိုး၊ ကိုမန်းဇော်ထွေးတို့ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရပါသည်။

11:59 AM
Khin-Nyunt-1
Khin-Nyunt-2

12:13 PM

" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေးတယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ထင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

12:14 PM
"လက်ရှိအစိုးရကကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ လက်ရှိသမ္မကြီးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ ၊ နှစ်ဦးစလုံးရဲ့ဆောင်ရွက်မှုတွေဟာ တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့ မြင်ပါတယ်" ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ဆက်လက်ပြောကြားခဲ့သည်။

12: 15 PM
ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသာ (၁၆)ဦး လွတ်မြောက်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူ (၄)ဦး ပါဝင်ကြောင်းသိရသည်။ ၄င်းတိုမှာ ကိုဇော်လတ် (ဘီလူးကျွန်း)၊ ကိုသန်းထွဋ်အေး (တောင်ဥက္ကလာ)၊ ကမ်ခန့်ခွာ(ရန်ကုန်)၊ မခိုင်မာစိုး (ဖြူးမြို့)တို့ ဖြစ်ကြောင်း သိရပါသည်။

12:26 PM
နိုင်ငံရေးသို့ ၀င်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ "အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်"ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၄င်းက "အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ တွေ့ရတာ။ သားက အခုမှရောက်တာ။"ဟု ပြောကြားခဲ့ပါသည်။

1:45 PM
"အခုလွတ်တာနဲ့ ပတ်သက်ပြီး ၀မ်းသာပါတယ်။ ကိုပေါ်ဦး(ကိုမင်းကိုနိုင်)တို့ လွတ်တယ်ကြားလို့ ၀မ်းသာပါတယ်။ မိသာစုဝင်တွေအားလုံး ကြိုဆိုပါတယ်။ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်လာတယ်ဆိုပြီးတော့ ဖတ်ပြပါတယ်။ Blogger အနေဖြင့်ဆက်ရပ်တည်မယ်။ Facebook ကိုလည်း သုံးသွားမယ်။ စာရေးဆရာတစ်ဦးအနေဖြင့် ရပ်တည်သွားဖို့ ဆန္ဒရှိပါတယ်" ဟု ဘားအံအကျဉ်းထောင်မှ လွတ်မြောက်လာသူ Blogger ကိုနေဘုန်းလတ်မှ Eleven Media Group သို့ပြောပါသည်။

2:18 PM
၈၈ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်လွတ်မြောက်လည်သည့် နည်းတူ ကိုကိုကြီးလည်း မိုင်းဆတ်အကျဉ်းထောင်မှ လွတ်မြောက် လာကြောင်း သိရှိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယနေ့ လွတ်မြောက်သူ (၆၅၁)ဦးတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ (၅၉၁)ဦး နှင့် ကျန် (၆၀) ဦးတွင် ယခင် စစ်ထောက်လှမ်းရေးနှင့် အကောက်ခွန်မှ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြပါသည်။ ယနေ့ နေ့လည်ပိုင်းမှ စတင်ပြီး နယ်ထောင်များမှ လွတ်မြောက်လာသူ အချို့သည် လေကြောင်းဖြင့် ရန်ကုန်သို့ပြန်လာနေသည့် အတွက် ရန်ကုန်လေဆိပ်တွင် စောင့်ဆိုင်းနေကြကြောင်း သိရပါသည်။

3:21 PM

ဦနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်း ကွယ်လွန်) ၏ သားမက် ဦးအေးဇော်ဝင်း နှင့် မြေးဖြစ်သူ ဇွဲနေ၀င်းတို့ လွတ်မြောက်ကြောင်း သိရပါသည်။

3:30 PM

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီး ရန်ကုန်လေဆိပ်သို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။

3:38 PM

ကျောက်ဖြူအကျဉ်းထောင်မှ ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူ ၁၀ ဦးနှင့် စစ်ထောက်လှမ်းဟောင်း ၃ ဦးအား နံနက် ၈ နာရီအချိန်တွင် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူ ၁၀ ဦးမှာ ရွှေမောင်(ခ)ဆံရှည်၊ ဖြိုးမောင်မောင်စိုး(ခ)ဖြိုးကြီး၊ ၀င်းမော်(ခ)မော်ကြီး၊ ဇော်မင်း(ခ)ဘောင်းဘောင်း၊ အောင်ကျော်ကျော်(ခ)ဘောကြီး၊ မျိုးမင်း၊ ကရင်လေး၊ တင်အောင်စိုး(ခ) စိုးစိုး၊ စိုင်းလတ်အောင်နှင့် ခင်မောင်အေးတို့ဖြစ်ကြပြီး စစ်ထောက်လှမ်းရေးဟောင်း ၃ ဦးမှာ စိုးညွန့်၊ မောင်မောင်နိုင်နှင့် ဝေထွန်းဦးတို့ဖြစ်ကြသည်။