နိုဝင်ဘာ (၂၃)ရက်နေ့ ညက ကစားခဲ့သော ချန်ပီယံလိဂ် ပွဲစဉ်များတွင် အာဆင်နယ် အသင်း နိုင်ပွဲဆက်ပြီး အုပ်စု(F)၏ ပထမ နေရာဖြင့် နောက်တစ်ဆင့် တက်သွားသော်လည်း ချယ်လ်ဆီး အသင်းမှာ အုပ်စု နောက်ဆုံးပွဲစဉ်ထိ ရုန်းကန် ရတော့မည် ဖြစ်သည်။
အာဆင်နယ် ၂ - ၁ ဘိုရပ်ရှားဒေါ့တ်မန်
ပရီးမီးယားလိဂ်တွင် အရှိန်အဟုန် ပြင်းပြင်း တိုက်ခတ်နေသော ဒတ်ခ်ျဂိုးမုန်တိုင်းသည် ချန်ပီယံ လိဂ်တွင်လည်း အရှိန်မသေသေးပေ။ အာဆင်နယ် အသင်းခေါင်းဆောင် ရော်ဘင် ဗန်ပါစီသည် ဂျာမန် ချန်ပီယံအား အိမ်ကွင်းတွင် ချေမှုန်း နိုင်ခဲ့သည့် ပွဲစဉ်အတွင်း (၂)ဂိုးလုံး သွင်းယူခဲ့သည်။ အာဆင်နယ်သည် ဗန်ပါစီကို ရှေ့တင်ကာ သီအိုဝဲလ်ကော့၊ ဂါဗင်ဟိုတို့၏ ၀န်းရံမှုဖြင့် တိုက်စစ် ဆင်ခဲ့သလို ကွင်းလယ်မှ အလက်ဇန္ဒားဆောင်း၊ မစ်ကယ်အာတီတာနှင့် အာရွန်ရမ်ဆေးတို့သည်လည်း ပြိုင်ဘက်ကို လွှမ်းမိုး ထားနိုင်ခဲ့သည်။ ဒေါ့တ်မန်တွင်မူ အာဆင်နယ်က ပစ်မှတ် ထားနေသော မာရီယိုဂေါ့ဇီ ဦးဆောင် ကစားခဲ့သော်လည်း ပေါ်ပေါ်လွင်လွင် ခြေစွမ်း မပြနိုင်ခဲ့ပေ။ သို့သော် ဂျပန်သား ကွင်းလယ် ကစားသမားလေး ရှင်ဂျီကာဂါဝါက အမ်းမရိတ်စ်တွင် အိမ်ရှင အသင်းကို တန်ပြန် ထိုးဖောက်မှုများ ပြုလုပ်နိုင်ခဲ့သည်။အာဆင်နယ်သည် ပွဲစကတည်းက အုပ်စုတက်ရေး အတွက် တိုက်စစ်ဖွင့် ကစားခဲ့သော်လည်း ပထမပိုင်းတွင် ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။ ပထမပိုင်းတွင် ၀ဲလ်ကော့နှင့် ရမ်ဆေးတို့၏ တွဲလုံးမှ တစ်ဆင့် အာဆင်နယ် ဂိုးရလုနီးပါး ဖြစ်ခဲ့သော်လည်း ဒေါ့တ်မန်ဂိုးသမား ရိုမန် ၀င်ဒါဖဲလာ ရှင်းထုတ်နိုင်ခဲ့သည်။ (၄၉)မိနစ်တွင် ကွင်းလယ်လူ ဆောင်း၏ တစ်ကိုယ်တော် ခြေစွမ်းဖြင့် အာဆင်နယ် အဖွင့်ဂိုး ရသည်။ ကွင်းလယ်မှ ဘယ်ခြမ်းထိ ဆွဲပြေးပြီးနောက် ဒေါ့တ်မန် နောက်ခံလူ နှစ်ဦးကို လှည့်စားကျော်ဖြတ်ပြီး ဆောင်းက မတင်ပေးလိုက်သော ဘောလုံးကို ဗန်ပါစီက ခေါင်းတိုက်ကာ ဂိုးသွင်းသွားခဲ့သည်။
အာဆင်နယ်သည် အဆိုပါ ဂိုးဖြင့် တောက်လျှောက် ဦးဆောင်နေပြီး ပွဲပြီးရန် (၃)မိနစ် အလိုတွင် ဒုတိယဂိုး ရသွားသည်။ အာတီတာ ကန်တင်ပေးသော ထောင့်ကန်ဘောကို နောက်ခံလူ သောမတ်စ်ဗာမေလန်က ခေါင်းတိုက် ချပေးလိုက်ရာ Marking လွတ်နေသော ဗန်ပါစီက အေးအေးလူလူ ကန်သွင်း သွားခဲ့သည်။ နောက်ဆုံး မိနစ်ပိုင်းတွင် အာဆင်နယ်တို့ (၁)ဂိုး ပြန်ပေးလိုက်ရသည်။ အာဆင်နယ်၏ ညာခြမ်းခံစစ် အမှားမှ တစ်ဆင့် ဒေါ့တ်မန် အသင်း ဘောလုံး ရသွားပြီး ဧရိယာထဲတွင် ရောဘတ်လီဝင်ဒေါစကီးနှင့် သွက်သွက်လက်လက် အပေးအယူ လုပ်ကာ ကာဂါဝါက သွင်းယူ သွားခဲ့သည်။ သို့သော်လည်း ထိုဂိုးသွင်းပြီးသည်နှင့် ပွဲသိမ်းခရာ မှုတ်သဖြင့် အာဆင်နယ်တို့ အိမ်ကွင်းတွင် (၃)မှတ်အပြည့်ရ ကာ အုပ်စု ဒုတိယ နေရာမှ အိုလံပစ်မာဆေးလ်ကို (၄)မှတ်ဖြတ်ပြီး နောက်တစ်ဆင့် တက်သွားပြီဖြစ်သည်။
ဘေယာလေဗာကူဆင် ၂ - ၁ ချယ်လ်ဆီး
ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲများတွင် ရလဒ်ဆိုးများ ကြုံနေရသော ချယ်လ်ဆီးအသင်း၏ မန်နေဂျာ အန်ဒရီဗီးလက်စ် ဘိုအာ့စ်တစ်ယောက် ယခု ရှုံးပွဲကြောင့် ဖိအား ပိုတိုးသွားခဲ့သည်။ ချယ်လ်ဆီးသည် ဒီဒီရာ ဒရော့ဂ်ဘာကို တိုက်စစ်မြားဦး တင်ကာ ကစားခဲ့ပြီး ဖာနန်ဒို တောရက်စ်ကို တစ်ပွဲလုံး မသုံးခဲ့ချေ။ ချယ်လ်ဆီး၏ တောင်ပံ တိုက်စစ်များကို ဒန်နီရယ်လ်စတားရစ်ဂ်ျနှင့် ဂျူအန်မာတာတို့က တာဝန် ယူခဲ့ပြီး ကွင်းလယ်တွင် ဂျွန်အိုဘီမီခေးလ် အစား ရောလ်မီရာလက်စ် ပါဝင်လာသည်။ လေဗာကူဆင်ကမူ စတီဖင်ကီဆလင်ကို ရှေ့တင်ပြီး မိုက်ကယ်ဘောလက်၊ မန်နျူရယ်လ် ဖရိုင်းဒရစ်ခ်ျတို့ လူစုံ ပါဝင်ခဲ့သည်။ချယ်လ်ဆီး အတွက် အဖွင့်ဂိုးကို ပွဲချိန် (၄၉)မိနစ်တွင် စတားရစ်ဂ်ျ ဖြတ်ပို့ပေးသော ဘောလုံးမှတစ်ဆင့် ဒရော့ဂ်ဘာက ပြိုင်ဘက်ခံစစ်မှူးများကို လှည့်စားကာ သွင်းယူသွားခဲ့သည်။ လေဗာကူဆင်သည် နောက်မှ လိုက်ကစားခဲ့ရသော်လည်း ချေပဂိုးရရန် ကစားအားကို မြှင့်တင်ခဲ့ရာ မိနစ်(၇၀)ကျော်တွင် ဂိုးပြန်သွင်းနိုင်ခဲ့သည်။ (၇၃)မိနစ်တွင် ဆစ်ဒနီဆမ်က ပီတာဆက်ခ်ျကို ကျော်ကာ အသာအယာ မကန်ပေးလိုက်သော ဘောလုံးကို အီယန် ဒါဒီယော့ခ်က ဂိုးသမားမရှိသော ဂိုးပေါက်ထဲ အမှားအယွင်းမရှိ သွင်းယူသွားသည်။ မိနစ်(၉၀)တွင် ချယ်လ်ဆီးတို့ ရင်ကျိုးစေမည့် ဒုတိယဂိုးကို လေဗာကူဆင် အသင်းက ရယူသွားခဲ့သည်။ ဂွန်ဇာလို ကက်စ်ထရို၏ ထောင့်ကန်ဘောကို နောက်ခံလူ ဖရိုင်းဒရစ်ခ်ျက ခေါင်းတိုက်ချက်ဖြင့် ဂိုးသွင်း ခဲ့ပြီးနောက် ပွဲအပြီးတွင် ချယ်လ်ဆီးတို့ အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရသည်။
အေစီမီလန် ၂ - ၃ ဘာစီလိုနာ
စီးရီးအေ ချန်ပီယံကို ဥရောပ ချန်ပီယံက အဝေးကွင်းတွင် အနိုင် ယူပြီးနောက် အုပ်စု(H)၏ အုပ်စုဗိုလ် နေရာအတွက် ကွဲကွဲပြားပြား အဖြေထွက်သွားခဲ့သည်။ မီလန်သည် ဆန်စီရိုတွင် အရေး နိမ့်ခဲ့သော်လည်း သေချာပေါက် အုပ်စု ဒုတိယဖြင့် နောက်တစ်ဆင့် တက်သည်။ မီလန်တွင် ဇလာတန် အီဗရာမိုဗစ်နှင့် ရော်ဘင်ဟိုတို့က တိုက်စစ်ကို ဦးဆောင်ပြီး ကီဗင်ပရင့်ဘိုတန်၊ ကလာရင့်ဆီးဒေါ့ဖ် တို့၏ အားဖြင့် ဘာစီလိုနာ ကွင်းလယ်ကို ယှဉ်ကစားရန် ကြိုးပမ်းခဲ့သည်။ ဘာစီလိုနာတွင် လီယွန်နယ်မက်ဆီနှင့် ဒေးဗစ်ဗီလာတို့ တိုက်စစ် အတွဲကို ဇာဗီဟာနန်ဒက်ဇ်၊ သီယာဂို အယ်လ်ကန်ထရာနှင့် ဆက်စ်ဖာဘရီဂက်စ်တို့က ပံ့ပိုးကစားသွားခဲ့သည်။
ပွဲချိန် (၁၄)မိနစ်တွင် ဘာစီလိုနာတို့ ဦးဆောင်ဂိုးရသည်။ ဘာစီလိုနာ၏ ဖြတ်တင်ဘောကို တားဆီးရန် ကြိုးစားရင်း မီလန်အသင်းမှ မာ့ခ်ဗန်ဘောမဲလ်က ကိုယ့်ဂိုးကိုယ် သွင်းမိသွားခြင်းဖြစ်သည်။ သို့သော်လည်း (၆)မိနစ် အကြာတွင် အိမ်ရှင်တို့ ချေပဂိုး ပြန်သွင်းသည်။ ဆီးဒေါ့ဖ်၏ ပါးနပ်သော ပေးပို့မှုမှတစ်ဆင့် အီဗရာမိုဗစ်က ဘယ်ခြေဖြင့် အနိမ့်ဘော ဖြတ်ကန်ကာ အသင်းဟောင်းဘက်သို့ ဂိုးသွင်းသွားခဲ့သည်။ ထို့နောက် မိနစ်(၃၀)တွင် ဇာဗီကို အယ်လ်ဘာတို အကွီလာနီက ဧရိယာထဲ ဆွဲလှဲသဖြင့် ဘာစီလိုနာတို့ ပင်နယ်တီရသည်။ အဆိုပါ ပင်နယ်တီကို မက်ဆီက ပထမအကြိမ် ကန်သွင်းရာ ဂိုးဝင်သော်လည်း ဂိုးသမားကို လှည့်စားသည်ဟုဆိုကာ ဒိုင်က အ၀ါကတ်ပြပြီး ပြန်ကန်ခိုင်းခဲ့သည်။ ယင်းပင်နယ်တီကို မက်ဆီကပင် အပြင်းကန်သွင်းကာ ဘာစီလိုနာတို့ ဦးဆောင်သည်။
(၅၄)မိနစ်တွင် မီလန် အသင်းက ချေပဂိုး လိုက်သွင်းသည်။ ဘာစီလိုနာ နောက်တန်း၏ ရှင်းထုတ်ပုံ မပြတ်သားမှုမှ တစ်ဆင့် ဘိုတန်က ညာခြမ်းသို့ ဘောလုံးဆွဲယူပြီး ဗစ်တာဗဲလ်ဒက်စ် ပိတ်ထားသည့် အနီးတိုင်ထောင့်ထဲ ခပ်ပြင်းပြင်း ကန်သွင်းသွားခြင်းဖြစ်သည်။ (၆၃)မိနစ်တွင် ဘာစီလိုနာတို့ နောက်တစ်ဂိုး ထပ်သွင်းသည်။ မက်ဆီ၏ ရိုးရှင်းသပ်ရပ်သော ဖန်တီး ပေးပို့မှုမှ တစ်ဆင့် ဇာဗီက မီလန်ခံစစ်ကြောင်းကို ကျော်ဖြတ်ပြေးကာ ဂိုးသမား ခရစ္စတီယန် အဘီယာတီ၏ ညာထောင့်ထဲ ကန်သွင်းသွားခြင်းဖြစ်သည်။ ယခုပွဲ အနိုင်အရှုံးသည် အုပ်စုတက်ရေးအတွက် အရေးမပါခဲ့ဘဲ နှစ်သင်းလုံး အုပ်စုပထမ၊ ဒုတိယ နေရာများ ရရှိကာ ရှုံးထွက်အဆင့်သို့ အသီးသီး တက်ရောက်သွားကြသည်။
ဗလန်စီယာ ၇ - ၀ ဂျန့်ခ်
ဘယ်လ်ဂျီယံ ချန်ပီယံ ကလပ်အသင်း အတွက် မက်စ်တဲလားကွင်းတွင် မျက်နှာ ငယ်စရာ ဖြစ်ခဲ့ပြီး ဗလန်စီယာက ယခုနှစ် ချန်ပီယံလိဂ်၏ ဂိုးအပြတ်ဆုံးပွဲ စံချိန်ကို ရေးထိုးနိုင်ခဲ့သည်။ ရောဘ်တို ဆိုလ်ဒါဒိုကို ရှေ့တင်ကာ ဂျိုနက်စ်၊ တီနိုကော်စတာ၊ ပက်ဘလိုဟာနန်ဒက်ဇ်တို့၏ အထောက်အပံ့ပေးမှုများဖြင့် တိုက်စစ်ဆင်ခဲ့သော ဗလန်စီယာသည် ပထမပိုင်းကတည်းက (၄)ဂိုးပြတ် ဦးဆောင်ခဲ့သည်။ ပွဲချိန် (၁၀)မိနစ်တွင် ဘယ်ခြမ်းမှ ကော်စတာ ဖြတ်တင်ပေးသော ဘောလုံးကို ဂျိုနက်စ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းသည်။ ထို့နောက် (၁၃)မိနစ်တွင် ဂျိုနက်စ်က ပေးပို့သော ဘောလုံးကို ဂျန့်ခ်အသင်း ခံစစ်က ဖြတ်တောက်ပုံ အားနည်းသဖြင့် ဆိုလ်ဒါဒို ဘောလုံး ရသွားပြီး နောက်တန်း တစ်ယောက်ကို လိမ်ကာ ဒုတိယဂိုး သွင်းယူခဲ့သည်။ နောက်(၃)မိနစ်တွင် ဂျိုနက်စ်ပင် ကွင်းလယ်မှ ခင်းပေးသော ဘောလုံးကို ဆိုလ်ဒါဒိုက ခပ်ပြင်းပြင်း အမြောက်ဘောဖြင့် တတိယဂိုး သွင်းသည်။ မိနစ်(၄၀)တွင် ညာခြမ်းမှ ဟာနန်ဒက်ဇ် ချိုးပေးသော ဘောလုံးကို Marking လွတ်နေသော ဆိုလ်ဒါဒိုက သက်တောင့်သက်သာ ပိတ်သွင်းပြီး Hat-Trick ရသွားသည်။
(၆၅)မိနစ်တွင် ဆိုလ်ဒါဒို ထွက်သွားသော်လည်း ဗလန်စီယာ၏ တိုက်စစ်အားမှာ ကျမသွားခဲ့ချေ။ (၆၈)မိနစ်တွင် ဂျိုနက်စ်ပေးပို့သော ဘောလုံးကို ဟာနန်ဒက်ဇ်က ဧရိယာထိပ်မှ အသာအယာ မြှောကန်ကာ ပဉ္စမဂိုး သွင်းယူခဲ့သည်။ နောက်ထပ် (၂)မိနစ် အကြာတွင် အာတစ်ဇ်အဒူရစ်ဇ်က ဂျန့်ခ်အသင်း ခံစစ်မှူးတစ်ဦးနှင့် လူချင်း ယှဉ်တိုက်ကာ ထောင့်ကျဉ်းထဲသို့ အသာအယာ ကန်သွင်းပြီး ဒါဇင်ဝက်မြောက် သွင်းဂိုးကို ရယူခဲ့သည်။ (၈၁)မိနစ်တွင် ဂျိုနက်စ် အပြင်း ကန်သွင်းသော ဘောလုံးကို ဂျန့်ခ်ဂိုးသမား လက်ဇ်လို ကိုတီလက်စ် ပုတ်ထုတ်လိုက်သော်လည်း ကော်စတာ၏ ပြေးလမ်းထဲ ကျသွားသဖြင့် ၎င်းက ပိတ်သွင်းကာ ပွဲအပြီးတွင် ဗလန်စီယာတို့ (၇-၀)ဖြင့် အနိုင် ရရှိသွားသည်။
အခြားပွဲစဉ် ရလဒ်များ
အိုလံပစ်မာဆေးလ် ၀ - ၁ အိုလံပီယာကော့စ်
ဇင်းနစ်စိန့်ပီတာစဘာ့ဂ် ၀ - ၀ APOELနစ်ကိုရှား
ရှက်တာဒိုးနက်ခ် ၀ - ၂ ပေါ်တို
BATEဘိုရီဆော့ဗ် ၀ - ၁ ဗစ်တိုးရီးယားပလာဇန်

No comments:
Post a Comment