ဖူလ်ဟမ်ကို အရေး နိမ့်ခဲ့သော ပွဲစဉ်တွင်
မိမိတို့ အသင်းသား များ၏ စိတ်ဓာတ်ပိုင်းနှင့် ပတ်သက်ပြီး အားရစရာ
မရှိကြောင်း လီဗာပူးလ် မန်နေဂျာ ကင်နီဒဲလ်ဂလစ်ရှ်က ဝေဖန်လိုက်သည်။
ထို့အပြင် လီဗာပူးလ် အသင်းသားများ၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်နိုင်စွမ်းနှင့် ပတ်သက်ပြီးလည်း စကော့သား မန်နေဂျာကြီးက မေးခွန်းထုတ်ခဲ့သည်။ လီဗာပူးလ်သည် အင်္ဂါနေ့ညက ဖူလ်ဟမ် အသင်းအား (၁-၀)ဖြင့် အရေး နိမ့်ခဲ့သည်။ နောက်ခံလူ မာတင်စကာတယ်လ် (၉)မိနစ်တွင် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သည့်နောက် ရလဒ်ပိုင်းကို လီဗာပူးလ်က အပြောင်းအလဲ ဖြစ်လာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ လီဗာပူးလ်သည် ထိုပွဲတွင် လူးဝစ်ဆွာရက်ဇ်၊ စတီဗင်ဂျရတ်၊ ကရိတ်ဂ်ျဘယ်လာမီတို့ကို ထုတ်မသုံးဘဲ ချယ်လ်ဆီးနှင့် ကစားမည့် FA ဖလား ဗိုလ်လုပွဲ အတွက် လူချန် သွားခဲ့သည်။ မည်သို့ပင် ဖြစ်စေ အိမ်ကွင်းတွင် အရေး နိမ့်ခဲ့ခြင်းသည် ဆိုးရွားလွန်းကြောင်း ဒဲလ်ဂလစ်ရှ်က ဆိုသည်။

"အသင်းရဲ့ စိတ်ဓာတ်ပိုင်းက မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ အသင်းဟာ ကောင်းမွန်တဲ့ စိတ်ဓာတ် ခိုင်မာမှု မရှိရင် စွမ်းဆောင်ရည်ပိုင်းလည်း ကျဆင်း သွားတာပါပဲ။ ဒါဟာ ကျွန်တော်တို့ မျက်မြင် ကြုံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်" ဟု ဒဲလ်ဂလစ်ရှ်က သုံးသပ်ခဲ့သည်။ ၎င်းက "ကျွန်တော် စနေနေ့ FAဖလား ဗိုလ်လုပွဲ အတွက် အသင်းသားတိုင်းကို အခွင့်အရေး ပေးချင်တာကြောင့် အသင်းမှာ အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ရှုံးပွဲကြုံရတာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ရင်တောင် ကျွန်တော်တို့ အသင်း လူစာရင်းဟာ မျှတမှု ရှိခဲ့ပါတယ်။ ကျွန်တော်က အသင်းသားတိုင်း အတွက် အခွင့်အရေး ပေးချင်တာဟာ အမှားတစ်ခု ဖြစ်ကောင်း ဖြစ်ခဲ့မှာပါ" ဟုလည်း ဖွင့်ဟခဲ့သည်။
အသင်းရဲ့ စိတ်ဓာတ်ပိုင်းက မှန်ကန်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး။ အသင်းဟာ ကောင်းမွန်တဲ့ စိတ်ဓာတ် ခိုင်မာမှု မရှိရင် စွမ်းဆောင်ရည်ပိုင်းလည်း ကျဆင်း သွားတာပါပဲ။ ဒါဟာ ကျွန်တော်တို့ မျက်မြင် ကြုံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်...
ဖူလ်ဟမ်သည် အန်းဖီးလ်တွင် လွန်ခဲ့သည့် အကြိမ်(၃၀) တွေ့ကြုံမှုအတွင်း လုံးဝ နိုင်ပွဲ မရှိခဲ့ချေ။ ဒဲလ်ဂလစ်ရှ်က "ဖူလ်ဟမ်နဲ့ ပွဲမှာ အပေါင်း လက္ခဏာဆောင်တဲ့ အချက်လေး တစ်ခု၊ နှစ်ခုလောက်တော့ ရီခဲ့ပါတယ်။ ဒါပေမဲ့ အဆိုးဘက်က ပိုများခဲ့တယ်။ ကျွန်တော်တို့ဟာ ပွဲရဲ့ Tempoကို မချုပ်ကိုင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီထက်မြန်မြန် Tempo တင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။ ပြောရရင် ကျွန်တော်တို့ဟာ ဒီပွဲမှာ ဘယ်အရာနဲ့မှ မထိုက်တန်ခဲ့ပါဘူး" ဟု ထုတ်ဖော် ပြောကြားသွားသည်။

No comments:
Post a Comment