ချယ်လ်ဆီး အသင်းသည် အိမ်ကွင်းတွင် (၁၀)ယောက်ကျန် စတုတ်ခ် စီးတီးကို ဒီဒီရာ ဒရော့ဂ်ဘာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင် ရခဲ့ရာ ယာယီ မန်နေဂျာ ရောဘတ်တို ဒီမက်တီယို၏ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်သည် ကျေနပ်စရာ ဖြစ်လာခဲ့သည်။
ချယ်လ်ဆီးသည် ဒရော့ဂ်ဘာကို ရှေ့တင်ကာ ဆော်လမွန်ကာလူး၊ ဖရန့်ခ်လမ်းပတ်၊ ရာမီရက်စ်၊ ဂျွန်အိုဘီ မီခေးလ်၊ ရောမီရာလက်စ်တို့က ကွင်းလယ်မှ ပံ့ပိုးခဲ့သလို နောက်တန်းတွင် ဂယ်ရီကာဟေးလ်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ ဘလာနီဆလက်ဗ် အိုင်ဗန်နိုဗစ် တို့ဖြင့် လူစုံခဲ့သည်။ စတုတ်ခ်တွင် ရီကာဒိုဖူလာ၊ ဂျိုနသန်ဝေါ်တာစ်၊ ကင်ဝိန်းဂျုံးစ်၊ ဆာလစ်ဖ်ဒိုင်အို၊ ဒင်းဝှိုက်ဟတ်၊ ရိုင်ယန်ရှော်တန်၊ မာ့ခ်ဝီလ်ဆင်၊ ရိုင်ယန်ရှောခရော့စ်၊ ရောဘတ်ဟုသ်စသည့် အဓိက ကစားသမားများ ပါဝင်ခဲ့သည်။

ပွဲအစ (၄)မိနစ်တွင် ချယ်လ်ဆီး ကွင်းလယ်လူ လမ်းပတ် ကန်တင်ပေးသော ထောင့်ကန်ဘောသည် Markingလွတ်နေသည့် နောက်ခံလူ အိုင်ဗန်နိုဗစ်ထံ ရောက်သွားသော်လည်း ၎င်း၏ ခေါင်းတိုက်ချက်မှာ ဘားတန်း ကျော်ထွက်သွားခဲ့သည်။ အိုင်ဗန်နိုဗစ်၏ နေရာ ယူပုံသည် အကောင်းဆုံး၊ အပြည့်စုံဆုံး ဖြစ်ခဲ့သော်လည်း ပစ်မှတ်လွဲသွားခြင်းဖြစ်သည်။ (၁၀)မိနစ်တွင် ချယ်လ်ဆီး ခံစစ်မှူး ကာဟေးလ် တိုက်စစ်ထိ လိုက်ပါလာပြီး ဂိုးသွင်းရန် အားထုတ်မှုကို စတုတ်ခ် ဂိုးသမား အာစမာ ဘီဂိုဗစ် လက်စွမ်းပြ ကာကွယ်သွားသည်။ (၁၆)မိနစ်တွင် ကာလူး ဖြတ်တင်ပေးသော ဘောလုံးသည် ဒရော့ဂ်ဘာကို ကျော်ကာ ရာမီရက်စ်ထံ ကျသွားသော်လည်း ဘရာဇီးလ် ကွင်းလယ် ကစားသမား၏ ခေါင်းတိုက်ချက်မှာ လွဲချော် သွားခဲ့သည်။ (၁၈)မိနစ်တွင် တယ်ရီ့ အမှားမှတစ်ဆင့် ဝေါ်လ်တာစ် အခွင့်အရေး တစ်ရပ် ရခဲ့သော်လည်း ချယ်လ်ဆီး၏ အင်္ဂလန် လက်ရွေးစင် ဗဟိုခံစစ်အတွဲဖြစ်သော ကာဟေးလ်နှင့် တယ်ရီတို့ ပူးပေါင်း တားဆီးခဲ့ရသည်။ (၂၅)မိနစ်တွင် စတုတ်ခ် တိုက်စစ်မှူး ဖူလာကို အားကစားသမား မပီသသော အပြုအမူအတွက် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်လိုက်သည်။ ဖူလာသည် ၎င်းထံမှ ဘောလုံးကို ၀င်ဖျက်သော အိုင်ဗန်နိုဗစ်အား ရည်ရွယ်ချက် ရှိရှိ ကန်ကျောက်ခဲ့သည်။
တစ်ယောက် အသာ ရခဲ့ပြီးနောက် ချယ်လ်ဆီးတို့ အိမ်ကွင်းတွင် တိုက်စစ်ဆင်ရန် ပိုမို ကြိုးပမ်းလာခဲ့သည်။ (၃၂)မိနစ်တွင် တယ်ရီ၏ မြေစိုက် ခေါင်းတိုက်ချက် စတုတ်ခ်ဘက် ဂိုးဘားတန်းကို ကျော်ထွက်သွားခဲ့ပြန်သည်။ (၃၅)မိနစ်တွင် ရာမီရက်စ်၏ ဖြတ်ပို့မှုကို ဒရော့ဂ်ဘာ ခေါင်းဝင် တိုက်သော်လည်း လွဲချော်ခဲ့ရာ လမ်းပတ်က ထပ်ဆင့် ကန်သွင်းမှုသည်လည်း ဂိုးပေါက် မတည့်ခဲ့ပြန်ချေ။ (၃၆)မိနစ်တွင် အိုင်ဗန်နိုဗစ်နှင့် လမ်းပတ်တို့၏ ပူးပေါင်း အားထုတ်မှုမှာလည်း စတုတ်ခ်၏ ဂိုးပေါက်ထဲ ဘောလုံး ရောက်သွားသည် အထိ မအောင်မြင်ဘဲ ဖြစ်ခဲ့သည်။ (၃၈)မိနစ်တွင် ရာမီရက်စ်ကို ထုတ်ပြီး ဂျူအန်မာတာကို ၀င်ကစားစေကာ ချယ်လ်ဆီး မန်နေဂျာ ဒီမက်တီယိုက တိုက်စစ်အရှိန်ကို မြှင့်တင်ခဲ့သည်။ ယခုပွဲတွင် တိုက်စစ်ကို ထိရောက်စွာ လိုက်ပါ ပံ့ပိုးနေသော ညာနောက်ခံလူ အိုင်ဗန်နိုဗစ်သည် စတုတ်ခ် နောက်ခံလူ ဟုသ်၏ ခေါင်းတိုက်ရှင်းထုတ်ပုံ အားနည်းချက်မှ တစ်ဆင့် ဘောလုံးကို ရင်ဘတ်ဖြင့် တားယူပြီး ဂိုးသွင်းရန် ကြိုးစားသော်လည်း ဂိုးပေါက်လွဲခဲ့သည်။ ပထမပိုင်း အပြီးတွင် နှစ်သင်းလုံး ဂိုးမရဘဲ ဂိုးမရှိ သရေသာ ဖြစ်နေခဲ့သည်။
စတုတ်ခ် တိုက်စစ်မှူး ဖူလာကို အားကစားသမား မပီသသော အပြုအမူအတွက် ဒိုင်လူကြီးက တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့...
ဒုတိယပိုင်း ပြန်လည် စတင်ချိန်တွင်လည်း ချယ်လ်ဆီးက အိမ်ရှင် အခွင့်အရေးရော၊ လူတစ်ဦး အသာ ရနေမှုကိုပါ အားပြုကာ စတုတ်ခ်ကို ဖိအားပေးရန် ကြိုးစားခဲ့သည်။ မိနစ်(၆၀)တွင် တယ်ရီ ရှေ့ထိတက်လာကာ ဂိုးသွင်းရန် ကြိုးပမ်းမှု လွဲချော်သွားသည်။ (၆၇)မိနစ်တွင် လမ်းပတ်၊ မာတာတို့နှင့် ချိတ်ဆက် ကစားပြီး ဒရော့ဂ်ဘာ၏ ဂိုးသွင်းရန် အားထုတ်မှု ကောင်းမွန်ခဲ့သော်လည်း ဘီဂိုဗစ် လက်စွမ်းပြ ပုတ်ထုတ်သွားသည်။ (၆၈)မိနစ်တွင်မူ မာတာ၏ ကောင်းမွန်သော ဖန်တီးပေးပို့မှုမှတစ်ဆင့် ဒရော့ဂ်ဘာက ချယ်လ်ဆီး အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ရယူ ပေးသွားခဲ့သည်။ (၇၃)မိနစ်တွင် စတုတ်ခ်ဘက်မှ ဝေါ်လ်တာ၏ အားထုတ်မှု ချယ်လ်ဆီး ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ စတုတ်ခ်၏ လူစားဝင် ကစားသမား ကင်မရွန် ဂျရိုမီ ထိုးဖောက်ဂိုးသွင်းရန် ကြိုးပမ်းမှုမှာလည်း မအောင်မြင်ခဲ့ပြန်ချေ။ ပွဲပြီးခါနီးတွင် ချယ်လ်ဆီး အသင်း အခွင့်အရေး အချို့ ထပ်မံ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သည့်နောက် အိမ်ကွင်းတွင် စတုတ်ခ်ကို တစ်ဂိုးတည်းဖြင့်သာ အနိုင် ရရှိသွားခဲ့သည်။

ချယ်လ်ဆီး Vs စတုတ်ခ်